မဲခေါင်၊ မေ ၁၄
ရှမ်းပြည်ရဲ့မြို့တော် တောင်ကြီးမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် စဝ်စံထွန်းဆေးရုံရဲ့ ခြံဝင်းအကာအရံတွေ အပါအဝင် နေရာတော်တော်များမှားမှာ ပြိုကျပျက်စီးမှုတွေ ရှိနေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(မိန်းလမ်း)ပေါ်က စဝ်စံထွန်းဆေးရုံ ခြံဝင်းအကာအရံတွေဟာ မနေ့ည(မေလ ၁၃ ရက်) မိုချာဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှုတချို့ကြောင့် ပြိုကျပျက်စီးခဲ့တာပါ။
စဝ်စံထွန်းအနီးမှာ နေထိုင်သူ တစ်ဦးက “ဖြတ်မောင်းရင်း တွေ့မိတာတော့ ဆိုင်ကယ် ၂ စီးပေါ်မှာ ခြံစည်းရိုးက ပိနေတယ်။ အသံအကျယ်ကြီးလည်း ကြားလိုက်တယ်။ သက်ဆိုင်ရာကတော့ ခုထိ လာပြီး ရှင်းလင်းပေးတာတွေ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။
လေပြင်းတိုက်မှုကြောင့် ဆေးရုံဝင်းတံခါး ပြိုကျလာပြီး အပေါ်ရိုက်ခတ်မှုကြောင့် အနီးအနားက ဆိုင်ကယ် ၂ စီးရဲ့ အစိတ်အပိုင်းတချို့ ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။
အလားတူ အနောက်မြို့ပတ်လမ်းနဲ့ နေရာတော်တော်များများမှာ ဝိုင်ဖိုင်ကြိုးတွေနဲ့ ဓါတ်ကြိုးတချို့လည်း လေပြင်းတိုက်ခတ်ပြီးတဲ့နောက်မှာ အောက်ကိုတွဲလောင်းကျနေတာကြောင့် လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်လမ်းပေါ်က ကြော်ငြာဘုတ်တွေလည်း လေပြင်းတိုက်ခိုက်လို့ အောက်ကို လွင့်ကျလာပြီး လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။
မိုချာဆိုင်ကလုန်းမုန်တိုင်းဟာ တောင်ကြီးမြို့ကို တိုက်ရိုက်မသက်ရောက်ပေမယ့် အဖျားရိုက်ခတ်မှုတွေကြောင့် မနေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ပျံကျဈေးသည်တွေအနေနဲ့လည်း အမိုးအကာမလုံနဲ့ အခက်တွေ့နေကြတယ်လို့ အဝေရာ ပျံကျဈေးက ဈေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မိုးရွာရွာ မရွာရွာ ရောင်းရမှာပဲ။ ကုန်စိမ်းဆိုတော့ နက်ဖန်ရွှေ့လို့လည်း မရဘူး။ ဒီနေ့တော့ ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင်။ တနေ့လုပ်တစ်နေ့စားတွေအတွက် ဘယ်လိုမှ မလွယ်ဘူးလေ”
ဒီနေ့(မေလ ၁၄)မှာတော့ ကားလမ်းမကြီးတွေမှာလည်း မြူခိုးတွေ ပိတ်နေပြီး ယာဉ်တွေလည်း မီးဖွင့်မောင်းနေရလို့ မြို့နေပြည်သူတွေအနေနဲ့ ယာဉ်မတေဆာ်တဆ ဖြစ်မှာကို စိုးရိမ်ပူပန်နေရပါတယ်။
CJ-007
#MeKongNews
#တောင်ကြီးလေပြင်းတိုက်
#ပျက်စီးမှုရှိ
