မြို့လူထုက လက်မခံဘဲ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပေမယ့် တောင်ကြီး တန်ဆောင်တိုင် ဈေးရောင်း ပွဲတော်ကို ၅ ရက်ကြာ ကျင်းပဖို့ စစ်ကောင်စီက စဉ်နေတယ်လို့ ဌာနဆိုင်ရာ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တန်ဆောင်တိုင် ဈေးရောင်းပွဲကို တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၇)၊ ကမ္ဘောဇလမ်း၊ ခရစ်ယာန် ဘာသာရေးဝန်းမှာ လာမယ့် နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၁ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကို ဈေးရောင်းပွဲတော် မဖြစ်မနေ အတင်းလုပ်ခိုင်း ထားတာ။ အခု ဆိုင်ခန်း နေရာတွေ စရောင်းနေပေမယ့် ဝယ်တဲ့လူ နည်းနေသေးတယ်။ ဒီလ ၁၄ ရက်အထိ ရောင်းပေးမှာ။ မြို့လူထု ကန့်ကွက်တဲ့ကြားက ဇွတ်လုပ်တာဆိုတော့ လူစည်၊ မစည်ကတော့ ပွဲရောက်မှပဲ သိရမှာပေါ့” လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဒေသခံအများစုက မလိုလားဘဲ ဝေဖန်မှုတွေ ရှိနေပေမယ့် စစ်ကောင်စီက တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၇ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး အဲဒီပွဲကို စစ်ဥပဒေအတိုင်း လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပေးဖို့ ရှမ်းတောင် အခြေစိုက် တော်လှန်ရေး အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ ရှမ်းပြည်နယ်က တောင်ကြီး၊ လားရှိုးတို့မှာ ပွဲလမ်းသဘင်တွေ ကျင်းပ ဖုံးကွယ်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူတွေ အသွားအလာ ဆင်ခြင်ကြဖို့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။