မဲခေါင်၊ မေ ၂၃
မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရောင်းလိုအားများတာကြောင့် တရုတ်ဘက်ခြမ်း ဝမ်တိန်သစ်သီးအရောင်းကွင်းမှာ အသီးတွေ ပုံနေတာရှိသလို အရည်အသွေး မကောင်းတာကြောင့် ဈေးမရတာလည်းပါတယ်လို့ ပြောပါတယ်။
“ရွှေဟင်္သာဆို တော်တော်လေးကို ဈေးမကောင်းဘူး” လို့ သစ်သီးတင်ပို့နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
တရုတ်ဘက်က သစ်သီးကုန်တွေကိုပါ စနစ်ပြောင်းလိုက်တာကြောင့် မေလ ၁ ရက်နေ့ကစပြီး နှစ်နိုင်ငံနယ်စပ် အဝင်မှာလည်း ကြန့်ကြာမှုရှိတာ အသီးအရည်အသွေးတွေ ကျသွားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ် သစ်သီးလုပ်ငန်းရှင် ၁ ဦးက “ရွှေဟင်္သာသရက်သီးတွေ ဈေးကျတယ်။ ရောင်းလိုအားများနေပြီး တရုတ်ဘက်ကလည်း သရက်သီးခူးချိန် ဖြစ်နေလို့ ရောင်းအားကျတာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အရည်အသွေးပြည့်မီတဲ့ သရက်သီး တစ်ခြင်းကို တရုတ်ယွမ် ၁၆၀ ထိ ရခဲ့တာဖြစ်ပေမယ့် အခုရက်ပိုင်းမှာတော့ ယွမ် ၈၀ အောက်၊ အရည်အသွေးပေါ်မူတည်ပြီး အနိမ့်ဈေး ၃၅ ယွမ် အထိ ရှိလာကြောင်း နယ်စပ် သစ်သီး ပို့ကုန်လုပ်ငန်းရှင် တွေဆီက သိရပါတယ်။
လက်ရှိ မူဆယ်နယ်စပ်မှာ တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်းကတော့ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၄၀၀ နဲ့ ၄၁၅ ကျပ်အတွင်း ဈေးပေါက်ပါတယ်။
CJ – 008
#MeKongNews
#တရုတ်ဘက်ပို့ကုန်
#သရက်သီး