မဲခေါင်၊ ဧပြီ ၁၅
ဆီဆိုင်မြို့နယ်ထဲက ကျေးရွာ ၁၀၀ ကျော်က ဒေသခံတွေဟာ ရေရှားပါးမှုအခက်အခဲကို ကြုံတွေ့နေရပြီး ရေအကူအညီ လိုအပ်နေတယ်လို့ ရေကူညီသူတွေနဲ့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။
ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ကျောကျေးရွာအုပ်စုနဲ့ လွယ်ပွတ်ကျေးရွာအုပ်စု တွေမှာ ရှိတဲ့ အိမ်ခြေတစ်ထောင် ၅၀၀ ကျော်က ဒေသခံတွေဟာ သောက်ရေ၊ သုံးရေ အခက်အခဲ နှစ်စဉ်လိုလိုကြုံနေရတာလို့ ဒေသခံတွေကို ကူညီနေတဲ့ ခွန်ကျော်ဆွေကပြောပါတယ်။
အဲ့ဒီဘက်က ဒေသတွေဟာ ရေထွက်တွေ မရှိသလို မြေအောက်မှာလည်း ဂလှိုင်တွေသာ များနေလို့ အဝီစိတွင်းလည်း တူးလိုမရဘူးလို့ သူကပြောပါတယ်။
ဒါ့အပြင် ဆီဆိုင်မြို့နယ်ဟာ စစ်ဘေးရှောင်တွေ ထောင်နဲ့ချီရှိနေတဲ့ မြို့နယ်လည်းဖြစ်ပြီး အဲ့ဒီစစ်ဘေးရှောင်တွေ ရှိတဲ့ရွာတွေကလည်း ရေရှားပါးတဲ့နေရာဖြစ်တယ်လို့ ခွန်ကျော်ဆွေကပြောပါတယ်။
ဆီဆိုင်မြို့နယ်က ကျေးရွာတွေဟာ ရေရရှိဖို့အတွက် ထော်လာဂျီကို နာရီနဲ့ချီအောင်မောင်းပြီး သွားခပ်ရတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ဒေသခံတွေက ရေငတ်နေကြလို့ အရမ်း ဆင်းရဲဒုက္ခရောက်နေရပါတယ်။ အခုက ရေရှိတဲ့နေရာကို နာရီနဲ့ချီပြီး ထော်လာဂျီနဲ့ သွားခပ်ကြရတယ်။ သန့်ရှင်းတဲ့ရေတွေကိုလည်း သူတို့တွေ မသုံးနိုင်ကြဘူး။ ဆင်းရဲတဲ့ ဒေသလည်း ဖြစ်တော့ ဝယ်သုံးဖို့ဆိုတာကလည်း ခက်ခဲနေကြတယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီ ရေရှားပါးတဲ့ ပြဿနာကို ရေတိုမှာ ရေလှူပေးတာတွေနဲ့ ဖြေရှင်းလို့ရနိုင်ပေမယ့် ရေရှည်အတွက်ဆိုရင် မိုးရေကို သိုလှောင်နိုင်တဲ့ ရေကန်တွေကို အိမ်တိုင်း ရွာတိုင်းမှာ ဆောက်ပေးနိုင်မှပဲ ဖြေရှင်းနိုင်မယ်လို့ စစ်ဘေးရှောင်နဲ့ ဒေသခံတွေကို ကူညီနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။
“ရေရှည်မှာကတော့ တစ်အိမ်ကို မိုးရေပီပါ ၃၀ ဒါမှမဟုတ် ၄၀ အထက် သိုလှောင်နိုင်တဲ့ အုတ်ရေကန် ဆောက်ပေးနိုင်မှရမယ်။ ဒါမှမဟုတ် အများသုံး မိုးရေသိုလှောင်တဲ့ ရေကန်ကြီးတွေကို ဆောက်ပေးနိုင်မှရမယ်။ အလှူရှင်တွေ ရှိရင် ဒေသခံတွေက လုပ်အားထုတ်ပြီး အလှူရှင်တွေက ပစ္စည်းဖိုး လှူပေးရင် ကျွန်တော်တို့ဦးဆောင် လုပ်ပေးလို့ရပါတယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီလို ရေကန်ဆောက်ဖို့ဆိုရင် ရေကန်ပုံစံခွက် အကြီးစားအတွက် သိန်း ၄၀ ခန့် ကုန်ကျမှာဖြစ်ပြီး ပုံစံခွက်ရလာပြီဆိုရင် ရေကန်တစ်ကန်ကို ၃သိန်းခွဲ ဝန်းကျင်နဲ့ ဆောက်လို့ရမယ်လို့ သိရပါတယ်။
လတ်တလော ရေလှူလိုသူဖြစ်ဖြစ် ရေကန်ပုံစံခွက်နဲ့ ရေကန် တစ်ကန်စီအတွက် ကူညီလိုသူဖြစ်ဖြစ် စစ်ဘေးရှောင် နဲ့ ဒေသခံတွေကို ကူညီနေတဲ့ ခွန်ကျော်ဆွေ ဖုန်း 09-786155998 ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
CJ – 002
#MeKongNews
#ဆီဆိုင်
#ရှမ်းတောင်