ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ရှုခင်းသာလမ်း၊ မေတ္တာရှင်ဆေးရုံနဲ့ ကပ်လျက်ရှိတဲ့ ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ရုံး မြေထိန်းနံရံ အုတ်တံတိုင်း ပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မီးသတ်ရုံးရဲ့ မြေထိန်းနံရံ အုတ်တံတိုင်း ပြိုကျလို့ မနေ့ နိုဝင်ဘာ ၁၅ ရက်ကစပြီးတော့ တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ ချယ်ရီဘုရင်မ ဆောက်လုပ်ရေး ကုမ္ပဏီက လမ်းပိတ်ပြီးတော့ စက်ယန္တရားတွေနဲ့ လုပ်ကိုင်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“လမ်းပိတ်ပြီးတော့ လုပ်နေတာ။ ပြည်သူတွေကို မထီမဲ့မြင် ပြုလုပ်တဲ့ သဘောပေါ့။ စစ်ကောင်စီနဲ့ ပိုင်တယ်ဆိုပြီးတော့ ကုမ္ပဏီက လုပ်နေတာ” လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ရုံးကို ၂၀၂၁၊ ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်မှာ ချယ်ရီဘုရင်မ ဆောက်လုပ်ရေး ကုမ္ပဏီက တင်ဒါရရှိ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ လုပ်ငန်းပြီးစီးပြီ ဆိုပြီး မီးသတ်ဌာနကို အပ်နှံပြီးနောက် မြေထိမ်းနံရံ အုတ်တံတိုင်းဟာ သတ်မှတ် စံချိန်စံညွှန်း အရေးသွေး ပြည့်မှီမှု မရှိတဲ့အတွက် ပြိုကျပျက်စီးခဲ့တာပါ။
ချယ်ရီဘုရင်မ ဆောက်လုပ်ရေး ကုမ္ပဏီကို ဦးစိုးလင်း ဆိုသူ ပိုင်ဆိုင်ပြီး သူဟာ စစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ရှမ်းပြည်နယ် အတွင်း လုပ်ပိုင်ခွင့် အများအပြား ရရှိထားသူ ဖြစ်ပါတယ်။