ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အေးသာယာ-တောင်ကြီးအတက်လမ်းမှာ ဒီကနေ့ အောက်တိုဘာလ ၃၁ရက်၊ မနက်ပိုင်းအချိန်က ကုန်တင်ကားနဲ့ ဆီဘောက်ဆာကားတိုက်မိမှုကြောင့် လမ်းပိတ်ဆို့နေပြီး သွားလာရေးအခက်ကြုံနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တောင်ကြီးအတက်လမ်း၊ ပစောက်ကွေ့အနီးမှာ ဒီကနေ့ မနက်၈နာရီခွဲဝန်းကျင်ခန့်က တွဲကားနဲ့ ဆီဘောက်ဆာကားတစ်စီး လမ်းကြောလုမောင်းရာကနေ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ အကွေ့ကြီးရောက်နေတာကို ဇွတ်တွေကျော်တက်၊ လုမောင်းကြတော့ ရှေ့ခေါင်းချင်းတိုက်မိတာပေါ့။ ကျွန်တော်တို့အနေနားတင်ဖြစ်နေတာ။ လုမောင်းပြီး အကွေ့ရောက်တော့ ပြိုင်ကွေ့ကြရာကနေ မလွှတ်ဘဲ တိုက်မိတာ။ လူတွေတော့ ဘာမှမဖြစ်ဘူး။ အတက်လမ်းကတော့ အခုထိသုံးလို့မရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအတက်လမ်းပိတ်ဆို့နေတာကြောင့် တောင်ကြီး-အေးသာယာအဆင်းလမ်းကိုသာ အတက်၊ အဆင်း ၂မျိုးစလုံးအသုံးပြုနေရပြီး လမ်းကျဉ်းမြောင်းတဲ့အတွက် လမ်းအသုံးပြုရတာအခက်တွေ့နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ရက်ကလည်း တောင်ကြီး-အေးသာယာအဆင်းလမ်းမှာ သစ်ပင်ကျိုးကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး အဆင်းလမ်းကိုသာ အတက်၊ အဆင်း၂မျိုးစလုံးအသုံးပြုခဲ့ရသေးတယ်လို့လည်း သိရပါတယ်။