မဲခေါင်၊ နိုဝင်ဘာ ၃၀
ဒေသတွင်းမှာ စစ်မက်ထူပြောနေသလို စစ်မှုထမ်းလူဖမ်းတာတွေရှိနေတာကြောင့် ရှမ်းပြည်မှာ ရှမ်းရိုးရာနှစ်သစ်ကူးပွဲတွေ မလုပ်နိုင်ကြဘူးလို့ သိရပါတယ်။
နှစ်စဉ်လိုလို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ ရိုးရာရှမ်းနှစ်သစ်ကူးပွဲတွေကို ရှမ်းပြည်ရဲ့ မြို့ရွာတိုင်းလိုလိုမှာ ကျင်းပနေကျဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးတွေနဲ့ စစ်မှုထမ်းလူဖမ်းပွဲတွေကြောင့် နှစ်သစ်ကူးပွဲတွေ အရင်လို မကျင်းပနိုင်ကြတော့ဘူးလို့ ရှမ်းစာပေနဲ့ ယဥ်ကျေးမှုအသင်းတွေက ပြောပါတယ်။
“တိုက်ပွဲတွေဖြစ်လို့ မြို့ရွာတွေက ပျက်၊ စစ်ဘေးရှောင်နေရလို့ စီးပွားတွေပျက်နေကြတဲ့အပြင် စစ်သားတွေ လူဖမ်းနေလို့ လူငယ်တွေ ပြေးနေကြရပြီး ကိုယ့်အမျိုးသားရိုးရာနှစ်သစ်ကူးပွဲကို မလုပ်နိုင်ကြတော့ဘူး။ လုပ်တာလည်း အဖြစ်လောက်ပဲ လုပ်နိုင်ကြတော့တယ်” လို့ အရင် လားရှိုးရှမ်းစာ/ယဉ်ကျေးဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
နှစ်စဉ် နိုဝင်ဘာ ၃၀ ရက်ည ၁၂ နာရီကျော်ချိန်ကို ကူးပြောင်းချိန်လို့ သတ်မှတ်တာဖြစ်ပြီး အခုနှစ် ၂၀၂၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ရှမ်းသက္ကရာဇ် ၂၁၁၈ ကနေ ၂၁၁၉ ခုနှစ်ကို ကူးပြောင်းတဲ့ နိုဝင်ဘာ ၃၀ ရက်ည(တန်ဆောင်မုန်းလကွယ်နေ့ည) ၁၂ နာရီကျော် ဒီဇင်ဘာ ၁ ရက်(နတ်တော်လဆန်း ၁ ရက်နေ့)ကို ကူးပြောင်းချိန်လို့ သတ်မှတ်ကာ နှစ်သစ်ကူးပွဲကျင်းပကြကြောင်း သိရပါတယ်။
အရင်နှစ်တွေက ရှမ်းတောင်၊ မြောက်၊ အရှေ့တစ်နှစ်ကို တလှည့်စီ ပြုလုပ်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ကျိုင်းတုံမှာပဲ အကျဉ်းချုံးပဲလုပ်ဖြစ်တော့မယ်လို့ ပြောပါတယ်။
“ဒီနှစ်က တုတ်ဆူးလည်း မထွက်နိုင်ဘူး၊ လူလည်း မရှိသလို ရှိတဲ့သူတွေ ပေါ်တာဆွဲအဖမ်းခံရမှာ ကြောက်ကြတယ်။ တတ်နိုင်သမျှ ရိုးရာမပျက် လုပ်ကြရပေမယ့် လူတွေမစုံတော့ မပျော်ရပါဘူး။ အခြားမြို့တွေကလည်း အရင်လို မလာနိုင်ကြတော့ဘူး” လို့ ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းသက္ကရာဇ် ရေတွက်ပုံမှာ ရှမ်းလူမျိုးတို့ရဲ့ နန်ချိုပြည်ကို ဗုဒ္ဓဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံရောက်ရှိတဲ့ သာသာနာနှစ် ၄၅၀၊ နတ်တော်လဆန်း ၁ ရက်က စတင်ရေတွက်တာလို့ သိရပါတယ်။
အတည်ပြုထားဆဲ လူမျိုးများစာရင်းအရ ရှမ်းတိုင်းရင်းသားနွယ်ဝင် ၃၃ မျိုးရှိပြီး ဗဒံမင်းလက်ထက်က မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်းမှာ ရှမ်းတိုင်းရင်းသားတွေဖြစ်ခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ ၂၀ ရာခိုင်နှုန်းသာရှိတော့ကြောင်း ရှမ်းစာပေပညာရှင် ဦးစိုင်းဖ က ဆိုပါတယ်။
၂၀၁၄ ခုနှစ်၊ အိမ်အကြောင်းအရာနဲ့ သန်းခေါင်စာရင်းမှာတော့ ရှမ်းလူမျိုး အရေအတွက်ဟာ ပြည်ထောင်စုလူဦးရေရဲ့ ၉ ရာခိုင်နှုန်းသာရှိတော့တယ်လို့ သိရပါတယ်။
MK-012
#MekongNEWS
#ရှမ်းပြည်
#ရှမ်းရိုးရာ
#နှစ်ကူးပွဲ
#မလုပ်ဖြစ်
#စစ်ဘေး
#စစ်ဒဏ်








