သားလတ်
မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့အတွက် ICJက ချက်ခြင်းအမိန့်ချဆုံးဖြတ်လို့ မရသေးသလို အမှုစစ်ဆေးရာမှာလည်း နှစ်နဲ့ချီပြီး ကြာမြင့်မှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေက အရေးယူခံရဖို့အတွက် ကြာမြင့်နိုင်သေးတယ်လို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
နိုင်ငံတကာတရားရုံး ICJ ကို ကမ္ဘာ့ခုံရုံး World Court ဆိုပြီးတော့လည်း ရည်ညွှန်းခေါ်ဆိုပြီး ကုလသမဂ္ဂရဲ့ တရားစီရင်ရေးဆိုင်ရာ ပင်မအဖွဲ့အစည်း ဖြစ်ပြီး အဓိကလုပ်ငန်းတာဝန် ၂ ရပ်ကို ဆောင်ရွက်ပါတယ်။
ပထမတာဝန်က ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ဥပဒေကြောင်း ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပြီဆိုရင် လက်ခံကြားနာပြီး ဖြေရှင်းပေးပါတယ်။
ဒုတိယတာဝန်က ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ရပ်ရပ်က နိုင်ငံတကာ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ ဆောင်ရွက်သင့်လဲ၊ ဒီလိုလုပ်ရင်ရလား အစရှိသဖြင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီတောင်းလာခဲ့ရင်၊ မေးလာခဲ့ရင် ICJ က အကြံဉာဏ်တွေ ပေးရပါတယ်။ ICJ မှာ တရားစွဲတယ်ဆိုတာ နိုင်ငံ တစ်ခုနဲ့ တစ်ခုကြား တရားစွဲတာ ဖြစ်ပါတယ်။
“နိုင်ငံအချင်းချင်း တရားစွဲတာဆိုတော့ အမှုက ဘယ်တော့ပြီးမလဲ။ နောက်တစ်ခုက ဒီလိုအမှုတွေက နှစ်ချီပြီးကြာတယ်။ နှစ်ဖက်အပြန်အလှန် တင်ပြရတာတွေရှိတယ်။ ပြစ်မှုထင်ရှားတော့မှ အမိန့်ချတာ။ ဒီအတောအတွင်းတော့ ဘာမှထူးခြားတာတွေ ရှိလိမ့်မယ်တော့မထင်ဘူး။ နိုင်ငံတကာမှာလည်း သူတို့နိုင်ငံရေးကိစ္စဖြစ်နေတော့ မြန်မာ့အရေးကိုသိပ်ပြီးအင် တိုက်အားတိုက်လုပ်တာတွေ သိပ်မရှိဘူးလို့မြင်တယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ကြီးကပြောပါတယ်။
နိုင်ငံအချင်းချင်း တရားစွဲတဲ့ အမှုတွေကိုသာ ICJ က လက်ခံ ကြားနာ စစ်ဆေးပါတယ်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အနေနဲ့ နိုင်ငံတစ်နိုင်ငံကို တရားစွဲလို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် OIC အနေနဲ့ တရားစွဲတာမဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံက တရားစွဲတာ ဖြစ်ပါတယ်။
ICJ လုပ်ဆောင်တဲ့ အဓိကတာဝန်တွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အချင်းများမှုကို ဖြေရှင်းပေးရေးနဲ့၊ တရားရေးဆိုင်ရာ အကြံဉာဏ်တွေ တောင်းခံလာရင် နိုင်ငံတကာ ဥပဒေအပေါ် အခြေခံပြီး အကြံပြုရေးတို့ ဖြစ်ပါတယ်။
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကတော့ ကျူးလွန်သူလို့ သံသယရှိရတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီအပေါ် စုံစမ်းအရေးယူတဲ့ ရုံးတော်ဖြစ်ပါတယ်။
ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စတာတွေနဲ့ ပတ်သက်ပြီး ICC က ကိုင်တွယ်တာ ဖြစ်ပြီး၊ တရားခံ အဖြစ် ဘယ်သူဘယ်ဝါမှာ တာဝန်ရှိတယ် ဆိုပြီး လူတစ်ယောက်ချင်းကို အမှုဖွင့် အရေးယူပါတယ်။
ICC က ဆုံးဖြတ်တဲ့ အခါမှာလည်း အဲဒီသူမှာ အပြစ်မရှိဘူး၊ ဒါမှမဟုတ် အပြစ်ရှိတယ်၊ ဘယ်လို ပြစ်ဒဏ်မျိုး ကျခံရမယ် ဆိုပြီး အတိအကျ ဆုံးဖြတ်ပါတယ်။
ဘော့စနီးယား မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုကြောင့် ICJ က ကြားနာ စီရင်ခဲ့ဖူးပြီး ဘော့စနီးယား ဟာဇီဂိုဗီးနား နိုင်ငံက ဆားဘီးယားနဲ့ မွန်တီနီဂရိုး နိုင်ငံအပေါ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်တာတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်မှုနဲ့ ဆားဘီးယားမှာ အပြစ်ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ရပ်ချ်ကို မလားဒစ်ရှိကို တရားစီရင်နိုင်ဖို့ လွှဲပေးရမယ် ဆိုတဲ့ ယူဂိုဆ လားဗီးယား ပြည်ထောင်စုဟောင်းဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICTY က အမိန့်ချထားတာကို မလိုက်နာဘဲ ပျက်ကွက်တာဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖောက်တာပဲ ဆိုပြီး ICJ က ဆုံးဖြတ်ပါတယ်။
တရားလို ဘော့စနီးယား ဟာဇီဂိုဗီးနားက လျော်ကြေးငွေ ရလိုမှု တောင်းခံတာကိုတော့ အမှုနဲ့ မဆီလျော်ဘူးလို့ ဆုံးဖြတ်ပါတယ်။
မြန်မာကိစ္စမှာတော့ နိုင်ငံတကာခုံရုံး ICC မှာ စစ်နိုင်ဖို့ အမှုတည်ဆောက်ဆဲ၊ ကြိုးစားဆဲ အခြေအနေပဲ ဖြစ်ပါတယ်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တုန်းက ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့်အာဏာနဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ ကနဦးကန့်ကွက်ချက် (Preliminary Objection) ပြုလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ကတော့ ICJ ကို သွားရောက်ဖြေရှင်းဖို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် မြန်မာအစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီအမှုအပေါ် ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့်အာဏာနဲ့ပတ်သက်လို့ မြန်မာက အရင်တုန်းကလုပ်ထားတဲ့ ကနဦး ကန့်ကွက်ချက် (Preliminary Objection)ကို ရုပ်သိမ်းကြောင်း ဒီနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက ကုလသမဂ္ဂရဲ့ ICJ တရားရုံးကြားနာရေးမှာ ကိုယ်စားလှယ်ဖြစ်သွားတယ်ဆိုတာနဲ့ သူတို့ဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုနိုင်တဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်သွားတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်ကိုယ်စားလှယ် ဖြစ်ဖို့ဆိုတာက ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ သူ့ရဲ့ Credentials Committee ရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲတင်ရာမှာ ဂျီနိုဆိုက် မြောက်တယ်၊ မမြောက်ဘူး ဆုံးဖြတ်ချက်တွေ မပြုလုပ်နိုင်သေးတဲ့ ကြားကာလမှာ ကြားဖြတ် အစီအမံတွေ (Provisional measures)ချမှတ်ပေးဖို့ ICJ မှာ တောင်းဆိုထားတာကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ အချက် ၄ ချက်ကို ICJ က ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။
အဲဒီ ဆုံးဖြတ်ချက် ၄ ချက်ကို ICJ တရားရုံးက တရားသူကြီး ၁၇ ယောက်လုံးက တညီတညွတ်တည်း သဘောတူချမှတ်ခဲ့တာပါ။
မြန်မာက ဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံ ၄ ချက်ကတော့
(၁) ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့
(၂) မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုတွေ မလုပ်ဖို့
(၃) သက်သေ အထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့
(၄) အမိန့်ချမှတ်တဲ့နေ့က စပြီး ၄ လအတွင်း မြန်မာရဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာတင်ဖို့နဲ့ အဲဒီနောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် အပြီးသတ် အမိန့်မချမချင်း ၆ လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့တို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာပါ။

၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီအမှုကို ICJ တရားရုံးမှာ နှစ်ကြိမ်တိတိ စစ်ဆေး ကြားနာခဲ့ပြီး နှစ်ဖက်အပြန်အလှန် လျှောက်လဲခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ ရာနဲ့ချီသေဆုံးခဲ့ပြီး ခုနစ်သိန်းကျော်၊ ရှစ်သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံသွားပါတယ်။
ဒီလုပ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဂမ်ဘီယာက လျှောက်လဲခဲ့ပြီး မြန်မာဘက်ကတော့ ဂမ်ဘီယာဟာ အဓိက နစ်နာတဲ့နိုင်ငံမဟုတ်တာကြောင့် တရားစွဲခွင့် မရှိဘူးဆိုပြီး ကန့်ကွက်ထားတာပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီကန့်ကွက်ချက် အားလုံးကို ပယ်ဖျက်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမယ်လို့ NLD အမတ်တွေ၊ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။
ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ လျှောက်လဲချက်မှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ကို လက်မှတ်ထိုးခဲ့ချိန်တုန်းက အပိုဒ် ၈ မှာပါဝင်တဲ့ နိုင်ငံအချင်းချင်း တရားစွဲတာနဲ့ ပတ်သက်လို့ သဘောမတူဘဲ ခြွင်းချက်အနေနဲ့ အတိအကျထားပြီး လက်မှတ်ထိုးခဲ့တာဖြစ်ကြောင်း လျှောက်လဲထားပါတယ်။
Genocide Convention မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ချိုးဖောက်မှုကို အခြားအဖွဲ့ဝင်နိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်မှတ် မထိုးထားတဲ့ နိုင်ငံ၊ အစိုးရ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့တော့ (ICJ)မှာ တရားစွဲလို့မရဘူးလို့ ပြဋ္ဌာန်းထားတာပါ။
NUG ကတော့ မြန်မာနိုင်ငံမှာ ၂ဝဝ၂ ခုနှစ်ကစ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ နိုင်ငံတကာ တရားရေး အဖွဲ့အစည်းတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်း ပြောဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့လုပ်ငန်းတွေကိုလည်း ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း NUG ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုနယ် တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ယင်းသတ်ဖြတ်မှုအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးICC ထံသို့ ပေးပို့ တိုင်ကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ မှတ်တမ်းတင်ထားမှု အရ စစ်ကောင်စီက ကျူးလွန်သော ပြည်သူ ၅ ဦးထက်ပိုသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်းမှာ ၃၀ ကျော်ပြီဖြစ်ကြောင်း၊ အဆိုပါ လူ့အခွင့်အရေးချိုးဖောက် မှုများကို မှတ်တမ်းတင်ထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပေးပို့ကာ ပိုမိုပြင်းထန်သည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာစေရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး ICC တွင် တင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
တရားရုံးကြားနာစစ်ဆေးမှုတွေကို ICJ တရားရုံးရဲ့ ဝက်ဆိုဒ်ကရော၊ ကုလသမဂ္ဂ ဝက်ဆိုဒ်ကပါ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ ၂ ဘာသာနဲ့ တိုက်ရိုက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
#MeKongNews