မဲခေါင်၊ ဒီဇင်ဘာ ၁၅
ပြည်သူစစ်မှုထမ်းဥပဒေကြောင့် ပြည်သူအတွက် ဝန်ထုပ်ဝန်းပိုး ဖြစ်နေချိန်မှာ စစ်ကောင်စီက အရေးပေါ်စစ်အင်အားလိုအပ်ချက်မြင့်မားလာတာဟာ ပြည်သူပုခုံးပေါ် မနိုင်ဝန်ကြီး ထပ်တိုးရောက်ရှိလာသလိုပါပဲ။
ဥပဒေပြဌာန်းချက်မရှိပဲ ကောက်ခံနေတဲ့ အစားထိုးစစ်မှုထမ်းကြေးနဲ့ စစ်မှုထမ်းထောက်ပံ့ရေးလစဉ်ကြေးဟာ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်မားတဲ့ဒဏ်ကို ရင်ဆိုင်နေရတဲ့ပြည်သူကို ဝန်ပိုပိစေတာပါပဲ။
တောင်ကြီးမြို့မှာ စစ်မှုထမ်းအကျုံး၀င်သူတွေကို ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၈/၉/၁၀) သင်တန်း တက်ရောက်နိုင်ဖို့ဆိုကာ စစ်ကောင်စီကဖိတ်စာပို့ပြီး ဒေသခံတွေကို ဒီဇင်ဘာ ၁၄ ကခေါ်ယူကာ တဘက်သတ် သတ်မှတ်ချက်တွေ ပြောပြခဲ့ပါတယ်။
ဖိတ်စာမှာ ‘အစည်းအဝေးပွဲ’ လို့ ခေါင်းစဉ်တပ်ကာ ‘တွေ့ဆုံဆွေးနွေးလိုပါသဖြင့်’ လို့ သုံးနှုန်းထားပေမယ့် စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သူတို့ရဲ့သတ်မှတ်ချက်ကို ခေါ်ပြောတဲ့ပွဲပါပဲ။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ရှိကြတဲ့အိမ်တွေ အလှည့်ကျ စစ်မှုထမ်းဖို့ မဲနှိုက်ရပါမယ်၊ စစ်မှုမထမ်းချင် မဲမနှိုက်ချင်ပါက အခြေခံလူတန်းစားအိမ်ဆိုရင်တစ်အိမ် ကျပ်နှစ်သိန်းခွဲ (၂၅၀၀၀၀) ငွေကြေးအဆင်ပြေတဲ့အိမ်ဆိုရင် ကျပ်ခြောက်သိန်း(၆၀၀၀၀၀)အထိ ပေးဆောင်ရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တောင်းပါတယ်။
ကျပ်နှစ်သိန်းခွဲကနေ ကျပ်ခြောက်သိန်းအထိ ကောက်ယူရရှိတဲ့ငွေတွေကို အစားထိုးစစ်မှုထမ်းမယ့်သူကို ကြေးစားစစ်မှုထမ်းဆန်ဆန် ကျပ်သိန်းသုံးဆယ်(၃၀၀၀၀၀၀)ပေးရသလို ငွေကြေးအဆင်မပြေလို့ ခွဲတမ်းငွေမပေးနိုင်တဲ့အိမ်က စစ်မှုထမ်းဖို့မဲပေါက်တဲ့အခါ သူတို့ရဲ့မိသားစုကို တစ်လ ကျပ်သိန်းနှစ်ရာရှစ်ဆယ် (၂၈၀၀၀၀၀)ပေးရတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အသင့်ရှိနေတဲ့ အစားထိုးစစ်မှုထမ်းမယ့်သူအများစုဟာ မူးယစ်ဆေးစွဲနေသူနဲ့ ပျူစောထီးတွေသာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီကစီစဉ်တဲ့ အဓမ္မစစ်မှုထမ်းစနစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုကတော့ ပြည်သူတွေ လစဉ် စစ်မှုထမ်းထောက်ပံ့ရေး ပေးနေရတာပါပဲ၊ စစ်မှုထမ်းမိသားစုကို လစဉ်ထောက်ပံ့ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေက လစဉ်ငွေကောက်ခံနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်းထောက်ပံ့ရေးအတွက်ဆိုကာ တရားမဝင်ငွေကြေးကောက်ခံရာမှာ တခြားဒေသတွေထက် တောင်ကြီးမြို့က ပိုမိုများပြားနေပြီး မြေပြင်အခြေအနေ လေးချက်ပေါ်မူတည်ကာ ကောက်ခံငွေပမာဏ အနည်းအများ ကွာခြားတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ပြောကြားချက်အရ လူငယ်ရှိတဲ့အိမ်၊ ငွေကြေးအဆင်ပြေတဲ့အိမ်၊ ကြောက်တတ်တဲ့အိမ်နဲ့ သာမာန်အခြေအနေရှိတဲ့အိမ် ဆိုပြီး ကောက်ခံငွေပမာဏ ကွာခြားတာပါ။
ကားပိုင်ရှိပြီး ငွေကြေးအဆင်ပြေတဲ့အိမ်တွေကို ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းခွဲ၊ လူငယ်ရှိတဲ့အိမ်ကို ကျပ်ရှစ်သောင်းဝန်းကျင်၊ သာမန်အခြေအနေရှိတဲ့အိမ်ကို ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းအထိ၊ ကြောက်တတ်တဲ့မိသားစုအိမ်ဆိုရင် တောင်းငွေမာဏမသိရပေမယ့် ပိုတောင်းလေ့ရှိတယ်လို့ ဒေသခံကပြောပါတယ်။
“ဒီရပ်ကွက်ထဲမှာတင်ကိုပဲ ဈေးကမတူဘူး၊ ကြောက်တတ်တယ်ဆိုရင် အများကြီးတောင်းတယ်၊ အသိအိမ်မှာ ကောင်လေးတစ်ယောက်ရှိတယ်၊ ငါးသောင်းကတော့ ပုံမှန်ထည့်ရတဲ့ပိုက်ဆံပေါ့၊ အဲ့တာ စစ်မှုထမ်းထဲမပါအောင်လုပ်ပေးမယ် သုံးသောင်းထပ်ပေးဆိုပြီး တောင်းသွားသေးတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ညောင်ဖြူစခန်း၊ ဘုရားဖြူ၊ ကျောင်းကြီးစု ရပ်ကွက်တွေမှာ ပျမ်းမျှ ကျပ်ငါးသောင်းကောက်ခံပြီး ရတနာသီရိ၊ ချမ်းမြသာစည်၊ ရွှေတောင်၊ စဝ်စံထွန်း၊ ကံသာ ရပ်ကွက်တွေမှာ ကျပ်တစ်သိန်းကောက်ခံကာ လမ်းမတော်ရပ်ကွက်မှာတော့ ကျပ်နှစ်သိန်းအထိ ကောက်ခံတာတွေရှိနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်း ထောက်ပံ့ရေးလစဉ်ငွေအဖြစ် တောင်ကြီးမြို့မှာ တစ်လကို ကျပ်နှစ်သောင်းကနေ ကျပ်နှစ်သိန်းအထိကောက်ခံနေပေမယ့် ကလောဒေသဘက်မှာတော့ တစ်အိမ်ကို ကျပ်တစ်သောင်း လစဉ်ကောက်ခံတယ်လို့ ကလောဒေသခံက ပြောပါတယ်။
“ရွာတွေမှာ စစ်ငွေလစဉ် တစ်သောင်းကောက်ပေးနေရတာ စိတ်မရှည်တော့ဘူး၊ ဖေါက်ခွဲရေးပစ္စည်းနဲ့ လက်နက်တိုလေးရချင်ပါတယ်၊ ကူညီပေးလို့ ထုတ်ပေးလို့ မရဘူးလား” လို့ ကလောဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံနောက်တစ်ဦးကလည်း “ကောက်လွန်လွန်းလို့ မပြောချင်တော့ဘူး၊ တစ်လတစ်ကြိမ် တစ်သောင်းထည့်ပေးနေရတယ်၊ လက်နက်ရချင်ပါတယ်၊ မခံစားနိုင်တော့ဘူး၊ ပျောက်ကျားစနစ်မျိုးနဲ့ တိုက်ခိုက်ချင်ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်နဲ့ ဒဂုံမြို့သစ်တွေမှာတော့ တစ်လကို ကျပ်သုံးသောင်း ပေးကြရပါတယ်။
စစ်အင်အားပြုန်းတီးပြီး အရေးနိမ့်လာတဲ့ စစ်ကောင်စီဟာ အာဏာရှင်ဟောင်းသန်းရွှေ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာကြောင့် အခုလိုမျိုး ပြည်သူတွေအနိုင်ကျင့်ခံနေရတာ ဖြစ်ပါတယ်။ ပြည်သူစစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းသူကို ပြည်သူက ငွေကြေးထည့်ဝင်ပြီး ထောက်ပံ့ပေးရမယ်လို့ ပြဌာန်းချက်မရှိပေမယ့် မြို့ပြနဲ့ ကျေးလက်တွေမှာ စစ်မှုထမ်းထောက်ပံ့ရေးအတွက်ဆိုကာ အခုလို တရားမဝင်ငွေကြေးကောက်ခံနေတာ ဖြစ်ပါတယ်။
အခုလိုကောက်ခံနေတဲ့ငွေတွေဟာ စစ်မှုထမ်းထောက်ပံ့ရေး ဆိုတာထက် စစ်သား၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတွေဖြစ်တဲ့ ဒေသန္တရအာဏာပိုင်တွေ ခွဲဝေယူကြတာဖြစ်ပါတယ်။ စစ်ကောင်စီဖေါ်ဆောင်တဲ့ ပြည်သူစစ်မှုထမ်းစနစ်ဟာ အခုလို အစားထိုးစစ်မှုထမ်းအတွက် ငွေပေးရတာ၊ လစဉ်ကြေးပေးရတာတွေအပြင် ပေါ်တာဆွဲခံရရင် ကျပ်သိန်း ၂၀ အထက်နဲ့ ပြန်ရွေးရတာတွေလည်း ရှိနေပါသေးတယ်။ ငွေကြေးအဆင်မပြေလို့ မရွေးနိုင်သူဆိုရင်တော့ အစားထိုးစစ်မှုထမ်းသူအဖြစ် စစ်သင်တန်းပို့ခံရပါတယ် ပုံမှန်ဆိုရင် အစားထိုးစစ်မှုထမ်းသူမိသားစုက အစားထိုးအတွက် သတ်မှတ်ကြေးရပေမယ့် ပေါ်တာဆွဲခံရလို့ ပြန်မရွေးနိုင်သူအတွက် ကြေးစားငွေကို ဖမ်းဆီးသူတွေက ရယူကြပါတယ်။
ပြည်သူစစ်မှုထမ်းစနစ်ဟာ ဒေသန္တရအာဏာပိုင်တွေ ငွေရလွယ်တဲ့စနစ် ဖြစ်နေတာကြောင့် မြို့ပြတွေမှာ အလုပ်ရုံ စက်ရုံက အချိန်ပို(OT)အလုပ်ဆင်းပြီးအိမ်ပြန်တဲ့ ကြိုပို့ယာဉ်(ဖယ်ရီကား)တွေကို တားဆီးပြီး ဖမ်းဆီးတာမျိုးတွေအထိ ပြုလုပ်နေကြတာပါ။ အဲ့သလိုဖမ်းဆီးခံရသူတွေဟာလည်း အစားထိုးစစ်မှုထမ်းအဖြစ်နဲ့ စစ်သင်တန်းပို့ခံကြရတာပါပဲ။ ဥပမာ ရပ်ကွက်(၁)က လူသစ်မပေးနိုင်ရင် စစ်သားနဲ့ရဲကို ငွေပေးရပါတယ်၊ စစ်သားနဲ့ရဲက ငွေယူပြီး သူတို့ဖမ်းထားသူတွေကို အစားထိုးထည့်ပေးတာပါ။ ခေတ်သစ်လူကုန်ကူးနည်း တစ်မျိုးပါပဲ။
“အခုက ညဘက်တွေတင် မဟုတ်ဘူး။ နေ့ဘက်တွေမှာပါ လူတွေကို ပေါ်တာဆွဲနေတာ၊ အထူးသဖြင့်ယောကျ်ားလေးတွေ ညနေပိုင်း အပြင်မထွက်သင့်ဘူး၊ လူငယ်တော်တော်များများက မီးပုံးပျံကွင်းနားမှာပျောက်တာ ပိုများတယ်လို့ကြားရတယ်” လို့ တောင်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။
ပေါ်တာဆွဲခံရရင် ပါလာတဲ့ ဖုန်းနဲ့ ငွေသိမ်းခံရတဲ့အပြင် နီးစပ်ရာတပ်ရင်းတွေထဲ တရားခံတွေလို ချုပ်နှောင်ထားရှိပါတယ်၊ သင်တန်းဆင်းပြီး တိုက်ပွဲမှာသေဆုံးတဲ့အထိ မိသားစုကိုအကြောင်းမကြားဘူးလို့ မိုးနဲမြို့၊ ဆည်မြောင်းရပ်က အပတ်စဉ်(၁)တပ်သားသစ်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ပြုန်းတီးအင်အား များပြားလာတဲ့စစ်ကောင်စီဟာ အင်အားလိုအပ်ချက်အရ စစ်မှုထမ်းသင်တန်းတွေတိုးချဲ့ဖွင့်လှစ်နိုင်ဖို့ လူသစ်စုဆောင်းတာတွေကို တိုးမြှင့်လုပ်ဆောင်နေတာပါ၊ နေ့စဉ်သတင်းတွေအရ သမင်မွေးလိုက် ကျားစားလိုက်ဆိုသလို စစ်သင်တန်းအပတ်စဉ်(၆)အထိတက်ရောက်ခဲ့တဲ့ တပ်သားသစ်တွေဟာ တော်လှန်ရေးဘက်ကို ခိုလုံသူထက် တိုက်ပွဲမှာသေဆုံးတဲ့ ရာခိုင်နှုန်းက အများဆုံးပါပဲ။ ဒါကြောင့်လည်း စစ်ကောင်စီအသက်ဆက်ဖို့အတွက် စစ်အင်အား အရေးတကြီးလိုအပ်လာပါတယ်။ ဒါကိုကြည့်ရင် စစ်ကောင်စီအတွက် အရည်အချင်းထက် အရည်အတွက်က အဓိကဖြစ်နေတာကို မြင်ရပါတယ်။
အရင်က စစ်မှုထမ်းအပတ်စဉ်(၁)ကစပြီး(၆)အထိကို သုံးလတစ်ကြိမ် ဖွင့်လှစ်ရာက အခုအပတ်စဉ်(၇)ကစပြီး တစ်လခန့်သာ ကွာခြားဖွင့်လှစ်လာတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
သူက “သင်တန်းတွေက ကတိုက်ကရိုက်ကို ရအောင်ဇွတ်ဖွင့်နေတာ” လို့ ပြောပါတယ်။
အပတ်စဉ် (၁) ကနေ (၇) အထိ သင်တန်းဆင်းပြီးနဲ့ သင်တန်းတက်နေဆဲ တပ်သားသစ်အရေအတွက် လေးသောင်း(၄၀၀၀၀)ကျော်ရှိတယ်လို့ ဗိုလ်ကြီးဇင်ယော်က ခန့်မှန်းပါတယ်၊ အဲ့ဒိအထဲကမှ ရှစ်ထောင်(၈၀၀၀)ကျော် ကိုးထောင်(၉၀၀၀)ခန့်ဟာ ပြုန်းတီးအင်အား(သေ၊ ပြေး)ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝှမ်းရှိ အခြေခံစစ်သင်တန်းကျောင်း ၄၈ ကျောင်းမှာ အခြေခံစစ်သင်တန်းပေးနေတာ ဖြစ်ပါတယ်။
မဲခေါင်သတင်းအဖွဲ့
MK-012/ CJ-003/004/017
#အစားထိုးစစ်မှုထမ်း
#ထောက်ပံ့ရေး
#လစဉ်ကြေး
#ပေါ်တာဆွဲ








