ဆောင်းပါး

အာဏာရှင်ကို ဆန့်ကျင်ရင်း ထောင်ကျခဲ့တဲ့ နွေဦးတော်လှန်ရေးပန်းချီဆရာ

မဲခေါင် 1 Apr - 2023
“ကိုယ့်စိတ်ထဲမှာ ပန်းချီဆိုတာ တခြားအလုပ်တစ်ခုလိုပဲ ဘာမှကြီးကျယ်တာမဟုတ်ဘူး” လို့ အသက်က ၅၁ နှစ်အရွယ်ရှိတဲ့ တော်လှန်ရေးပန်းချီဆရာ ကိုဖိုး က ပန်းချီရေးဆွဲမှုနဲ့ပတ်သက်ပြီး သူ့အမြင်ကို ရိုးရှင်းစွာပြောပါတယ်။

ဥတ္တရာ

“ကိုယ့်စိတ်ထဲမှာ ပန်းချီဆိုတာ တခြားအလုပ်တစ်ခုလိုပဲ ဘာမှကြီးကျယ်တာမဟုတ်ဘူး” လို့ အသက်က ၅၁ နှစ်အရွယ်ရှိတဲ့ တော်လှန်ရေးပန်းချီဆရာ ကိုဖိုး က ပန်းချီရေးဆွဲမှုနဲ့ပတ်သက်ပြီး သူ့အမြင်ကို ရိုးရှင်းစွာပြောပါတယ်။

ဆိုးဆေးအသုံးမပြုတဲ့ သူ့ဆံပင်ရှည်တွေကို စုစည်းထားပြီး သူရဲ့ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေဟာ ဖြူဆွတ်နေတာကြောင့် ကိုဖိုးဟာ သူ့ရဲ့ ရှိရင်းစွဲ အသက်ထက် ကြီးနေပုံပေါက်နေပါတယ်။

ကိုဖိုးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘောပင်ကိုင်ဆောင်ခွင့် တားမြစ်ထားတဲ့ အကျဉ်းထောင်တွင်းမှ အကျဉ်းသားတွေရဲ့ပုံတွေ ထောင်တွင်းမြင်ကွင်းတွေကို ရရာစက္ကူနဲ့ မှတ်တမ်းတင်ခဲ့ပြီး ပုံတူကားချပ် ၇၀ နီးပါးကို သူထောင်မှ ပြန်လွတ်လာတဲ့နေ့မှာ လျှို့ဝှက်သယ်ထုတ်လာသူ ဖြစ်ပါတယ်။

ပိန်ပိန်ပါးပါး ပန်းချီဆရာ ကိုဖိုး ဟာ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ၆ လကြာ နေထိုင်ရစဉ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အဖမ်းခံရသူတွေရဲ့ ပုံတူတွေကို ရေးဆွဲခဲ့တာပါ။

ပန်းချီဆရာဟာ အရင် ၂၀၁၁၊ ၂၀၁၂ ခုနှစ်ကတည်းက NLD ပါတီရဲ့ စာစောင်တွေ၊ နွေဦးအိုးဝေ နံရံကပ်စာစောင်တွေ၊ ပန်းဖလက်ထုတ်ဝေမှုတွေမှာ ပါတီရုံးချုပ်သို့သွားကာ ကူညီရေးဆွဲပေးလေ့ရှိသူဖြစ်သလို နွေရာသီပန်းချီ သင်တန်းတွေ အခမဲ့ သင်ကြားပေးသူတစ်ယောက်ပါ။

“သာမန်အရပ်သားတစ်ယောက်အနေနဲ့ NLD ပါတီမှာ ဝင်ကူခဲ့တာတွေရှိခဲ့တယ်၊ ပါတီရုံးက ပန်းချီရေးချင်တာတွေ၊ ပန်းချီသင်တန်းလုပ်ချင်တာတွေရှိခဲ့ရင် လုပ်ခဲ့တာတွေရှိခဲ့တယ်၊ သို့သော် ပါတီဝင်တော့ မဟုတ်ဘူး” လို့ ကိုဖိုးက ပြောပါတယ်။

ကိုဖိုးဟာ အရင်ကလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ စာပေလုပ်ငန်းတွေမှာ ပန်းချီပညာနဲ့ ဝိုင်းကူပေးခဲ့သလို အခု ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကိုလည်း ဆန့်ကျင်တဲ့ ပန်းချီသရုပ်ဖော်မှုတွေ ပြုလုပ််

စစ်အာဏာသိမ်းပြီး တစ်လအကြာ မတ်လမှာ ရန်ကုန်မြို့က လမ်းမကြီးတွေပေါ်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့နားထင်ကို သူကိုယ်တိုင် ပစ္စတိုသေနတ်နဲ့ ချိန်နေတဲ့ ပန်းချီ သရုပ်ဖော်ပုံအချို့ ရှိခဲ့ဖူးပါတယ်။

လေး၊ ငါးနာရီကြာ ရေးဆွဲခဲ့ရတဲ့ အဲဒီပုံတွေဟာ ရန်ကုန်မြို့လယ် ဆန္ဒပြလူအုပ်ကြီးတွေအကြားနဲ့ အွန်လိုင်း လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့ခဲ့သလို ပုံရေးဆွဲတဲ့ ဖန်တီးရှင် ကိုဖိုးဟာလည်း ဦးထုပ်ဆောင်းပြီး mask တပ်ကာ ဆန္ဒပြသူတွေအကြား မထင်မရှားပုံစံနဲ့ ရှိနေခဲ့ပါတယ်။

ကိုဖိုး အပါအဝင် ပန်းချီဆရာတွေနဲ့ ဂရပ်ဖစ်တီရေးဆွဲသူတွေဟာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုတွေ စတင်လုပ်ဆောင်နေချိန်မှာ အသက်အန္တရာယ်တွေကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားနဲ့ ပန်းချီသရုပ်ဖော်ပုံတွေကို ရေးဆွဲခဲ့ကြတာပါ။

လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာမှာ မိသားစုနဲ့ အတူ ရောက်ရှိနေပြီဖြစ်တဲ့ ကိုဖိုးဟာ လမ်းမတွေပေါ်မှာ အဲဒီလို ရေးဆွဲနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။

သူ့ မွေးရပ်ဇာတိဟာ အာဏာသိမ်းစစ်ကောင်စီ အသည်းအသန် ထိုးစစ်ဆင်ကာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

၁၉၈၈ မှာ ရေဆေးပန်းချီ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၆ မှာ ပန်းချီပြခန်းလေးတစ်ခု ရန်ကုန်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် မဂ္ဂဇင်းနဲ့ သတင်းဂျာနယ်စာစောင်အချို့မှာ သရုပ်ဖော်ပုံတွေ ရေးဆွဲခဲ့ပြီး ကိုဖိုးဟာ ၂၀၁၃ ခုနှစ်မှာ ပန်းချီဆွဲတာကို ရပ်နားလိုက်ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် စုတ်တံပြန်ကိုင်လာခဲ့ရတာလို့လည်း သူကပြောပါတယ်။

ကိုဖိုးရဲ့ ၁၄ နှစ်အရွယ် သားဖြစ်သူက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်မှဆန္ဒပြပြည်သူတွေထံ နေ့စဉ်နဲ့ အမျှ သွားရောက်ပူးပေါင်းလေ့ရှိရာ အာဏာသိမ်းမှု လက်မခံနိုင်တဲ့ သူကလည်း သားနဲ့အတူ လိုက်ဖြစ်သွားကာ အာဏာရှင်ဆန့်ကျင်ရေး ပန်းချီသရုပ်ဖော်ပုံတွေ လမ်းမပေါ်မှာ ရေးဆွဲဖြစ်ခဲ့တာပါ။

“ဆန္ဒပြရင်း တစ်ရက်ကျ စိတ်ကူးကရလာတယ်။ မင်းအောင်လှိုင်က ဒီလိုမိုက်တွင်းနက်မှုကိုလုပ်တာက သူ့ရဲ့ ဇာတ်သိမ်းခန်းပဲ။ သူနဲ့အတူ စစ်တပ်ရဲ့ ဇာတ်သိမ်းခန်းပဲ ဆိုပြီး အတွေးရလာတော့ ဒါကို သရုပ်ဖော်ပုံဆွဲဖို့ သူငယ်ချင်းနဲ့ တိုင်ပင်တော့ သူငယ်ချင်းတစ်ယောက်က ပိုက်ဆံထုတ်ပေးတယ်။ ကိုယ်က ပန်းချီရေးတယ်။ အဲဒါ သုံးနေရာလောက်မှာ လုပ်ဖြစ်ခဲ့တယ်။ တစ်ခါရေးရင် လေးနာရီ၊ ငါးနာရီလောက် ကြာတယ်” လို့ ကိုဖိုးက ဆိုပါတယ်။

မဟုတ်မခံစိတ်ရှိတဲ့ ကိုဖိုးက သူနေထိုင်ရာ လမ်းထဲရှိ ရာအိမ်မှူးဆိုသူနဲ့လည်း အကြီးအကျယ်စကားများခဲ့တဲ့နေ့ ရှိခဲ့ပါတယ်။ ထိုနေ့က သူတို့ လမ်းထဲက လူငယ်တစ်ယောက် ဆန္ဒထုတ်ဖော်ရင်း သေနတ်နဲ့ ခေါင်းကို ပစ်သတ်ခံရရင်း အလောင်းကို ရပ်ကွက်ထဲသယ်ယူလာရာ လူစုလူဝေးဖြစ်တာကို ရာအိမ်မှုးက လူစုခွဲဖို့ပြောရာက သူနဲ့ပြဿနာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေက သူ့ကို ထောင်ထဲရောက်အောင် တွန်းပို့ခဲ့တာလို့ ကိုဖိုးက ဆိုပါတယ်။

သူ့အိမ်ရှေ့ကို ရဲနဲ့ စစ်သားတွေ ၂၀၂၁ ဧပြီ ၇ ရက်နေ့ ညမှာ ရောက်လာကြပါတယ်။

လမ်းမပေါ် ပုံကြီးကြီး ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကိုဖိုးက ထွက်ပြေးဖို့ စဉ်းစားမိသော်လည်း ဇနီးနဲ့ အရွယ်မရောက်သေးတဲ့ သားဖြစ်သူ ကျန်ရစ်ခဲ့မှာ စိုးရိမ်တာကြောင့် သူကိုယ်တိုင်ပင် တံခါးဖွင့်ပေးခဲ့ပါတယ်။

အိမ်တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ရဲနှင့် စစ်သား တွေရဲ့ လက်သီးထိုးချက်တွေ၊ စစ်ဖိနပ်နဲ့ ကန်ကျောက်တာတွေ၊ သေနတ်ဒင်နဲ့ ထုနှက်တာတွေ သူ့ကိုယ်ပေါ် ဆက်တိုက်ကျရောက်လာပါတယ်။

လာဖမ်းသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်အချို့၊ မုံရွာအောင်ရှင် လက်မှတ်ရေးထိုးပေးထားတဲ့ ရှစ်လေးလုံးရက်စွဲမှတ်တမ်းစာအုပ်၊ မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ပန်းချီပိုစတာတစ်ချပ်နဲ့ ဗီနိုင်းပိုစတာနဲ့ လက်ကမ်းစာစောင်အချို့၊ မီးခိုးဗုံးကာကွယ်တဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံး အပါအဝင် ပစ္စည်း ၂၂ ခုကို သက်သေအဖြစ် သိမ်းသွားတယ်လို့ သူကပြောပါတယ်။

“ကိုယ့်ဆီ လာနေပြီဆိုတာ သိလိုက်တော့ လမ်းမပေါ်ဆွဲခဲ့တဲ့ ပန်းချီကြောင့် ထင်လိုက်တာ။ ဟာ ငါတော့ သေပြီလို့။ မင်းအောင်လှိုင် Gunshot လုပ်တဲ့ပုံက အကြီးကြီးလေ။ ငါတော့ သတ်ရင်လည်း ခံရမှာပဲလို့တွေးလိုက်မိတာ၊ တကယ်အဖမ်းခံရတော့ ရဝတနဲ့ ကိုယ်နဲ့ မတည့်တာ၊ သူက ပါဆင်နယ်အရ ကိုယ်ကိုနှိပ်ကွက်တာ၊ ဒါတွေလုပ်နေတာကို သိလို့မဟုတ်ဘူး။ သူကအဲဒီကိစ္စနဲ့ တိုင်တာမဟုတ်ဘူး။ ဝင်ဖမ်းတဲ့အခါ ကျတော့ အိမ်မှာရှိတဲ့ မဆိုင်တဲ့ဟာတွေကို သက်သေယူပြီး ၅၀၅နဲ့ ထည့်လိုက်တာပေါ့၊ လမ်းပေါ်က ကိစ္စသာ သိရင်တော့ အသက်တောင်မရှိလောက်တော့ဘူး” လို့ ကိုဖိုးက ပြောပါတယ်။

သူ့ကို နှိပ်စက်၊ ချုပ်နှောင်ပြီး စစ်ကားပေါ် တင်ထားစဉ် ရဲတစ်ယောက်က စကားလာပြောရာ ရာအိမ်မှူးဆိုသူက တိုင်ကြားတာကြောင့် မဖြစ်မနေ ဖမ်းရတာကို သူသိသွားတာကြောင့် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတယ်လို့ ကျေနပ်အားရစွာ ပြုံးရယ်ပြီး ကိုဖိုးက ပြောပြပါတယ်။

သူ့ဇနီးနဲ့ သူ့သားကိုလည်း ဖမ်းဆီးထားတာကိုလည်း သိခဲ့ရပြီး ၁၄ နှစ်အရွယ် သားဖြစ်သူမှာ သူတို့နဲ့ နီးစပ်သူတစ်ဦးက မြို့နယ်ရဲစခန်းမှူးကို ငွေကျပ် ၅ သိန်းပေးအပြီး နောက်တစ်နေ့မှာ ပြန်လွတ်သွားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံမှာ မြို့နယ်ရဲစခန်းမှာ နှစ်ည ချုပ်ခံရပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ရောက်ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံခဲ့ကြရပါတယ်။

ပုံတူရေးဆွဲဖို့ စိတ်ကူးစတင်ရရှိခဲ့

ထောင်သို့ ရောက်တဲ့နေ့မှာ ဝန်ထမ်းတစ်ဦးက သူ့ထံရောက်လာပြီး လိုင်စင်ဓာတ်ပုံ ၁ ပုံ၊ ခဲတံ၊ စာရွက်တို့ကို ပေးပြီး ပုံတူ ရေးဆွဲခိုင်းရာက ပုံတူတွေရေးဆွဲဖို့ စိတ်ကူးရလာတာလို့ သူကပြောပါတယ်။

“ထိုးကြိတ်ခေါ်လာတော့ မျက်မှန်က မပါဘူး။ မျက်မှန် မပါဘူး၊ ကျွန်တော်မမြင်ရဘူးဆိုတော့ ခင်ဗျား ပါဝါဘယ်လောက်ရှိလဲ မေးတယ်။ စာကြည့်မျက်မှန်၊ ပါဝါ ၂၀၀ လို့ ပြောလိုက်တော့ ခင်ဗျား မြင်သလောက်ရေးတဲ့။ ရေးရတယ်၊ ကိုယ်ဆွဲပေးတာ သူသဘောကျတယ် ထင်ပါတယ်၊ နောက်လေးငါးရက်လောက်နေတော့ မျက်မှန်တစ်လက် လှမ်းပို့လိုက်တယ်” လို့ ပန်းချီဆရာက ဆိုပါတယ်။

အဲဒီဝန်ထမ်းရဲ့ ဖခင်ဖြစ်သူဓာတ်ပုံကို ပုံတူခဲပန်းချီ ရေးဆွဲပေးထားတာကြောင့် ပန်းချီဆရာထံမှာ ဘောပင်၊ စာရွက်ကဲ့သို့သော ထောင်တွင်း ကန့်သတ်ပစ္စည်းတွေ့ရင် မမြင်ချင်ယောင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“Surprise-check (ရှောင်တခင် ရှာဖွေ စစ်ဆေးရေး) လုပ်တဲ့နေ့ဆို သူပါလာတတ်တယ်။ အဲ့လိုလုပ်ပြီဆို အင်အားအများကြီးနဲ့ လာတာ။ အော်ဟစ်ဆူဆဲ။ တော်တော် မိုက်မိုက်ရိုင်းရိုင်းကောင်ပါ။ ဒါပေမဲ့ ကိုယ့်ဆီမှာ ဘောပင်တွေ ဘာတွေ တွေ့ရင်တော့ သူဘာမှမပြောဘူး” လို့ ကိုဖိုးက ပြောပါတယ်။

ပုံတူရေးဖို့ ကိုဖိုးရဲ့ စတင်လှုပ်ရှားမှု

ကိုဖိုးဟာ ဘောပင်ကိုင်နိုင်သူကို ရှာခဲ့ရာ သူကြီးလို့ ခေါ်တဲ့ အချုပ်ခန်းရဲ့ တန်းစီး၊ သူ့အောက်မှာ စည်းကမ်းထိန်း၊ သူတို့အောက်မှာ စာရေး စတဲ့ ရာဇဝတ်မှုနဲ့ အချုပ်ကျနေသူ ၃ ဦးကို တွေ့ခဲ့ကာ သူတို့ထံစတင်ချဉ်းကပ်ခဲ့ပါတယ်။

“ဘောပင်နဲ့ စာရွက်က သူတို့ဆီမှာ ရှိတယ်။ ကိုယ်က သူတို့ကို ချဉ်းကပ်ရတာပေါ့။ သူတို့ပုံလေး ဆွဲပြတော့ သူတို့သဘောကျတယ်လေ။ အဲ့နည်းနဲ့ပဲ ဘောပင်နဲ့ စာရွက်ရအောင် အခွင့်အရေးယူခဲ့တာ” လို့ ကိုဖိုးက ပြောပါတယ်။

ဘောပင်ရရှိပြီးနောက်မှာ ထောင်ထဲသို့ လာရောက်ပို့ဆောင်တဲ့ အစားအသောက် ဂျပ်ဖာပုံးတွေကို ဖြဲယူပြီး ခဲခြစ်ပန်းချီတွေကို ကိုဖိုး တစ်ရက်မပျက် ရေးဆွဲခဲ့ပါတယ်။

“ရတဲ့စာရွက်မှာ ရေးတာပဲ။ စာရွက်ကောင်းကောင်းရရင်တော့ ပိုကောင်းပေမဲ့ စာရွက်မကောင်းလည်း အရုပ်ထင်ရင် ရေးတာပဲ။ နောက် အခြားအကျဉ်းသားတွေကလည်း မုန့်ထုပ်တွေထဲကပါတဲ့ စာရွက်တွေ လာပေးတယ်။ ပန်းချီဆရာ သူတို့ကိုလည်း ရေးပေးပါဆိုပြီး လာပေးကြတာ”လို့ သူက ဆိုပါတယ်။

သူ့နား ပတ်ဝန်းကျင်က အကျဉ်းသားအားလုံးရဲ့ ပုံတူ တွေကို တစ်ယောက်တစ်ပုံ ရေးပေးဖို့ ကိုဖိုး ဆုံးဖြတ်ခဲ့ပြီး ရေးပေးခဲ့ရာမှာ ပုံတူစာရွက်မှာ ဖုန်းနံပါတ်ပါ ရေးထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“လွတ်လာခဲ့ရင် ကိုယ့်ဆီကို ဆက်သွယ်လို့ ရကြအောင်။ ဘာလို့လဲဆိုရင် လူတိုင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းကြတယ်။ သူတို့ပုံဆွဲရင် သူတို့အကြောင်းတွေပါ မေးရင်း ဆွဲတဲ့ပုံမှာ သူတို့အကြောင်း အကျဉ်းချုပ်ပါ ထည့်ရေးတယ်” လို့ သူက ဆိုပါတယ်။

ထောင်ထဲမှာ ဆုံတွေ့ခဲ့သူတွေရဲ့ဘဝဇာတ်ကြောင်းအစုံကို ထောင်က ပြန်လွတ်တဲ့အခါ ကိုယ်တိုင် ပြန်ရေးကာ ထောင်တွင်းအတွေ့အကြုံ စာအုပ်ထုတ်ဖို့ ကိုဖိုးရည်ရွယ်ပြီး ပုံတူတွေ ရေးဆွဲပေးခဲ့တာပါ။

သူတို့ရဲ့ ပုံတူ တွေကို ရေးဆွဲပေးဖို့ တန်းစီနေတဲ့ အကျဉ်းသားတွေဟာ တရားစခန်းအဆောင်အမှတ် ၁ မှ ၄ အထိ ရှိနေကာ ကိုဖိုးအနားမှာ အကျဉ်းသားတွေ စုရုန်းနေရင် သူကြီးတစ်ဖြစ်လဲ တန်းစီးဆိုသူနဲ့အဖွဲ့က ကိုဖိုးကို အမြင်မကြည်လင်တော့ပေ။

သို့သော် သူတို့ရဲ့ ပုံတူတွေကိုလည်း သူတို့ တောင်းဆိုချက်အရ ကိုဖိုးက ရေးဆွဲပေးခဲ့ရပြီး ဖြစ်ပါတယ်။

ပုံတူတချို့ကို ၂ ကြိမ်ဆွဲပြီး တစ်ပုံကို ပုံတူရေးဆွဲခံရသူကို လက်ဆောင်ပေးကာ ကျန်တစ်ပုံကို သူ့အတွက်တစ်ပုံ ရေးဆွဲကာ သိမ်းယူထားလေ့ရှိတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ အလုပ်လုပ်ကြရပုံနဲ့ ထောင်တွင်းမြင်ကွင်းတွေကိုမူ တန်းစီးနဲ့ သူရဲ့အဖွဲ့သား တွေမမြင်အောင် ရေးဆွဲခဲ့တာဖြစ်ပြီး သူမှတ်တမ်းတင်ထားတဲ့အထဲမှာ အကျဉ်းသားတွေ ကျားထိုးနေပုံ၊ မိလ္လာဆယ်နေကြပုံ၊ ပူးပူးကပ်ကပ် အိပ်စက်နေကြရပုံ၊ ရေကန်ရှည်မှာ ရေချိုးနေကြရပုံတို့ ပါဝင်ပါတယ်။

ပုံဆွဲဖို့ စာရွက်တွေရရှိဖို့ မူလက တန်းစီးနဲ့ ရင်းနှီးအောင် ချဉ်းကပ်ခဲ့သော်လည်း နောက်ပိုင်းမှာ အမှိုက်ပုံးနား သွားခွင့်ရှိတဲ့ အခြားအကျဉ်းသားတွေနဲ့ပါ ကိုဖိုး ရင်းနှီးမှုယူခဲ့ရာ အကျဉ်းထောင်အမှိုက်ပုံးတွေထဲမှ အကျဉ်းဦးစီးဝန်ထမ်းတွေလွှင့်ပစ်ထားတဲ့ စာရွက်တွေဟာ ကိုဖိုးအတွက် ပန်းချီစာရွက်တွေဖြစ်လာတယ်လို့ ဆိုပါတယ်။

ထောင်ထဲမှာ ရက်ပေါင်း ၁၈၀ အတွင်း တရားစခန်းအဆောင် ၄ ခုတွင် ပြွတ်ခဲပြီး နေကြရတဲ့ အကျဉ်းသားတွေရဲ့ ပုံတူတွေ၊ ထောင်မြင်ကွင်းတွေ စုစုပေါင်း ပုံ ၂၀၀ နီးပါးကို ရေးဆွဲခဲ့ပြီး ပုံတူတွေဟာ ဝန်ထမ်းတွေအကူအညီနဲ့ မိသားစုတွေထံ ရောက်သွားကြတယ်လို့ ကိုဖိုးက ပြောပါတယ်။

“အကျဉ်းသားတွေက သူတို့ပုံ ဆွဲပေးရင် သိပ်ပျော်ကြတယ်။ သူတို့မိသားစုတွေကို Viber ကနေ ပို့ကြတယ်။ ငါတို့ ဒီမှာ ဒီလိုရှိနေတယ်။ အထဲက ငါတို့ပုံပေါ့။ အပြင်ကို ဘယ်လိုပို့ကြလဲဆိုတော့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ပိုက်ဆံပေးပြီး ပို့ခိုင်းကြတယ်” လို့ ကိုဖိုးက ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် လူသေဆုံးမှုများပြားတဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကိုဖိုး ကိုဗစ်ဖြစ်ပြီး နှစ်ပတ်ခန့် ပုံဆွဲရပ်ထားခဲ့ပါသေးတယ်။

ကိုဗစ်ကို အကြောင်းပြပြီး မိသားစုတွေနဲ့ တွေ့ဆုံခွင့် ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတာကြောင့် အကျဉ်းသားတွေမှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေကြကာ အိမ်က ပစ္စည်းပို့တာကိုသာ လက်ခံတယ်လို့ ဆိုပါတယ်။

စစ်တပ်မှ အာဏာသိမ်းစဉ်ကာလမှ ဒီကနေ့ အထိ နိုင်ငံရေးအကျဉ်းသားရော ရာဇဝတ်အကျဉ်းသားတွေပါ မိသားစုတွေတွေ့ဆုံခွင့် မရကြသေးဘူးလို့ သိရပါတယ်။

ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ

“ထောင်တွင်းက တစ်နေ့တာအခက်အခဲဆိုရင် နေ့တိုင်းအခက်အခဲပါပဲ။ စားတာသောက်တာ၊ နေထိုင်တာကအစ၊ ရေချိုးတာအဆုံး အခက်အခဲချည်းပဲ” လို့ ကိုဖိုးက ပြောပါတယ်။

အကျဉ်းသား ၅၀၀၀ အတွက်သာ ဆောက်လုပ်ထားတဲ့ အင်းစိန်အကျဉ်းထောင်မှာ သူနေထိုင်တဲ့ကာလမှာ အကျဉ်းသား ၁၃၀၀၀ နီးပါး ထည့်ထားတယ်လို့ သူကဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုမှာလည်းထောင်ထဲမှာ သက်တမ်းကုန်နေတဲ့ ပါရာစီတမော အကိုက်ခဲပျောက်ဆေးသာ ရှိတယ်လို့ ကိုဖိုးက ပြောပါတယ်။

ပုံတူတွေ တစ်ပါတည်း သယ်ယူနိုင်ဖို့ ပန်းချီဆရာရဲ့ ဆောင်ရွက်ခဲ့ပုံ

ဇနီးသည်နဲ့ ထောင်တစ်ခုတည်း ရောက်နေသော်လည်း တွေ့ခွင့်မရဘဲ ၆ လ အကြာမှာ ကိုဖိုးတစ်ယောက် ထောင်တွင်းတရားခွင်သို့ ရောက်သွားရာ အမှုတွဲဖြစ်တဲ့ ဇနီးသည်ကို တွေ့ခဲ့ပါတယ်။

တရားခွင်မှာ ရှေ့နေကိုလည်း တွေ့ဆုံစကားပြောခွင့်ရခဲ့ရာ ရှေ့နေက သူ့ကို မကြာခင်မှာ လွတ်မြောက်မယ်လို့ အသိပေးခဲ့ကြောင်း ပြောပါတယ်။

လွတ်တော့မှာလို့ သိရတာကြောင့် ကိုဖိုးက အိမ်ပြန်ဖို့ လျှို့ဝှက် ပြင်ဆင်မှုတွေလုပ်ခဲ့ရပါတယ်။ အသင့်ရှိနေတဲ့ စက္ကူဂျပ်ဖာပုံးရဲ့အဖုံးကြားထဲရှိ အလွန်သေးတဲ့ အပေါက်ကျဉ်းတွေထဲသို့ သူသိမ်းထားတဲ့ ကားချပ်တွေ လိပ်ပြီး ထည့်ကာ ယူဆောင်ခဲ့ပါတယ်။

ထောင်မှ အထွက်မှာ သူတို့လင်မယား ထောင်ဘူးဝထိ စစ်ဆေးရေးဂိတ် ၃ ခုကို သီးခြားစီ ဖြတ်သန်းစဉ်မှာ အဲဒီစက္ကူပုံးကို အသေးစိတ်စစ်ဆေးသော်လည်း မည့်သည့် ထောင်အရာရှိ၊ ဝန်ထမ်းကမျှ သတိမထားမိခဲ့ကြဘဲ ထောင်အပြင်သို့ ရှောရှောရှူရှူ သယ်ယူနိုင်ခဲ့တာပါ။

ကားချပ်တွေကို ပြင်ပကမ္ဘာသို့ စွန့်စွန့်စားစား ထုတ်ယူရပုံမှာ လျှို့ဝှက်ထားသင့်တယ်လို့ဆိုသော်လည်း သူ့လက်ရာတွေဖြတ်သန်းမှုရဲ့ အရေးပါတဲ့အဆင့် ဖြစ်တာကြောင့် သတင်းထောက်တွေ၊ ပြည်တွင်းပြည်ပမှ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေကို သူက ပြောပြခဲ့ပါတယ်။

ထောင်က လွတ်မြောက်ပြီးနောက် နေအိမ်မှာ ပန်းချီသင်တန်းကျောင်းဖွင့်ကာ ကလေးတွေကို ပန်းချီသင်ပေးရင်းဖြတ်သန်းနေခဲ့သော်လည်း သူပုံတူပန်းချီကားတွေကို ဓာတ်ပုံရိုက်ပြီး ပို့ခဲ့တဲ့တစ်ယောက်က အဲဒီဓာတ်ပုံတွေကို နိုင်ငံခြားသတင်းဌာနမှတစ်ဆင့်ဖော်ပြခဲ့ရာ မိသားစုလိုက် အိမ်ကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ သူကထပ်မံပြောပါတယ်။

ထောင်မှ လွတ်မြောက်လာအပြီး လအနည်းငယ်အကြာမှာ ပန်းချီဆရာနဲ့ မိသားစုဟာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်လာခဲ့ပါတယ်။

“ထောင်ထဲကရေးလာတာကို အကြောင်းပြုပြီး ဆက်ရေးဖြစ်ပါမယ်။ ကိုယ့်အသက်အရွယ်နဲ့က သူများဆီ အလုပ်သမားလုပ်ဖို့လည်း မဖြစ်နိုင်တော့ ပန်းချီတွေ ပြန်ဆက်ရေးမယ်။ ထောင်ထဲမှာ ဘယ်လိုနေထိုင်ရတယ်၊ စနစ်တွေနဲ့ ဘယ်လိုနှိပ်ကွပ်ထားတယ်ဆိုတာကို ကျွန်တော်ဆွဲခဲ့တဲ့ ပန်းချီတွေနဲ့ ပြချင်ပါတယ်” လို့ ကိုဖိုးက ဆိုပါတယ်။

လွတ်မြောက်နယ်မြေရောက်ပြီးနောက်ပိုင်း ထောင်ထဲမှာ ဘောပင်နဲ့ရေးဆွဲခဲ့တဲ့ ပုံတူတွေကို ပြခန်းတွေမှာ ပြသခဲ့တာတွေရှိပြီး အဲဒီပုံတူတွေကို ရောင်းချခဲ့တာတွေ မပြုလုပ်ခဲ့ချေ။

လက်ရှိမှာတော့ ကိုဖိုးက ပန်းချီဆွဲဖို့ ပစ္စည်းကိရိယာအစုံနဲ့ ပန်းချီတွေရေးဆွဲနေပြီး သူ့အမျိုးသမီးကတော့ ကလေးတွေကို စာသင်ပေးတဲ့ အလုပ်လုပ်ကိုင်နေကာ ဘဝကို ရိုးရှင်းစွာြဖတ်သန်းနေကြပါတယ်။

ထောင်ထဲက ထုတ်လာခဲ့တဲ့ ဘောပင်နဲ့ရေးဆွဲထားတဲ့ ပုံတူတွေကို ပြခန်းတွေနဲ့ ဆက်လက်ပြသွားဖို့နဲ့ တီရှပ်တွေနဲ့ အိတ်တွေမှာ အဲဒီပုံတူတွေရိုက်ကာ ရောင်းချဖို့ စီစဉ်နေပြီး အများပိုင်ပစ္စည်းဖြစ်တာကြောင့် နွေဦးတော်လှန်းရေးအတွက် အထောက်အပံ့ပြုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်ရဲ့ ကျောသပ်နှစ်သိမ့်မှုနောက်ကွယ်က လောဘ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယိုးဝမ်ဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဟက်ဆန်မာမတ်နဲ့တွေ့ဆုံပြီး
ဆောင်းပါး

တစ်ဖက်ပိတ် စစ်လော်ဘီများ မျက်ရည်ချူချိန်

စစ်တပ်အရေးနိမ့် အကြောင်းအရာများ မည်သည့်အခါမျှ ဝန်ခံရေးသားလေ့မရှိသည့် အကြီးဆုံးစစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှ တစ်ခုဖြစ်သော ကျော်စွာချန်နယ်တွင် “ စိတ်မကောင်းယုံမှ အပ အခြားမရှိ”

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ရဲ့ ကြားဝင်ဖြန်ဖြေရေး ကျဆုံးခန်း

အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ မြန်မာအာဏာရှင်စစ်ကောင်စီဟာ အင်မတန်ထိန့်လန့်တုန်လှုပ်စရာအခြေအနေ မျိုးနဲ့ မျက်နှာချင်းဆိုင်နေရပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Healing Touch Comes With Agenda

Yao Wen, the Chinese Ambassador to Bangladesh while a courtsey call to Dr. Hassan Mahmud on Jan 28th said that

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်အာရှမှာ နှစ်ဖက်ချွန်မူဝါဒ ကျင့်သုံးနေတဲ့ တရုတ်

အရင်ကတော့ စစ်အာဏာရှင်တွေနဲ့ အာဏာသိမ်းမှုတွေက သူတို့အတွက် အပြုသဘောဆောင်တဲ့ ရလဒ်တချို့ကို ရနိုင်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Double Dealing In South Asia

Dictatorias and military takeovers seldom result in positive outcomes.

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Fallouts of China’s Mediation

The military junta in Myanmar is facing a formidable task three years after seizing power, as several ethnic insurgent groups

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

PNO သို့မဟုတ် ဗမာစစ်အာဏာရှင်လက်ပါးစေ

ဗမာလူမျိုးတွေ ဘာဖြစ်လို့ ဗမာစစ်ခေါင်းဆောင်တွေကို ခေတ်အဆက်ဆက် တော်လှန်ကြသလဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now