ဆောင်းပါး

ရှမ်း

မဲခေါင် 5 Jun - 2024
ရှမ်းလူမျိုး ဟု ဆိုရာတွင် ဖိနှိပ်မှုကို တွန်းလှန်ခြင်း၊ ဂုဏ်သိက္ခာ ကြီးမြတ်ခြင်း၊ နူးညံ့ သိမ့်မွေ့ခြင်း၊ မိမိအမျိုးကို ချစ်ခြင်း စသည့် ဝိသေသ လက္ခဏာ တွေ နဲ့တွဲယှက် မြင်မိကြသည်ကို ငယ်စဉ်ကတည်းက ကြားဖူးမိလို့ အမြဲနားဝင် ပီယံရှိလှသည်။

စံဟွမ်

ရှမ်းလူမျိုး ဟု ဆိုရာတွင် ဖိနှိပ်မှုကို တွန်းလှန်ခြင်း၊ ဂုဏ်သိက္ခာ ကြီးမြတ်ခြင်း၊ နူးညံ့ သိမ့်မွေ့ခြင်း၊ မိမိအမျိုးကို ချစ်ခြင်း စသည့် ဝိသေသ လက္ခဏာ တွေ နဲ့တွဲယှက် မြင်မိကြသည်ကို ငယ်စဉ်ကတည်းက ကြားဖူးမိလို့ အမြဲနားဝင် ပီယံရှိလှသည်။

လွန်ခဲ့သည် နှစ်ပိုင်းက နိုင်ငံရေးဆွေးနွေးမှု တခုတွင် ရှမ်းနိုင်ငံရေးခေါင်းဆောင် တစ်ဦးပြောခဲ့ဖူးသည်ကို အမှတ်ရမိသည်။ “ကျွန်တော်တို့ရှမ်းလူမျိုးတွေက ပြည်ထောင်စုကို ချစ်လွန်းလို့ ပါဝင်လာရတာ ဖြစ်တယ်” လို့ကြားဖူးတော့ ငြိမ်းချမ်းရေး နှင့် နိုင်ငံရေး သိပ္ပံကို အထူးပြုလေ့လာထားသည့် ရှမ်း ကချင် ကပြားတစ်ယောက်အနေ နှင့်ရော အဖေ့ရဲ့ရှမ်းသွေးပါသည့် အတွက် ဂုဏ်ယူမိသည်။

သို့သော်လည်း လက်ရှိ နိုင်ငံရေး အခင်းအကျင်း စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် ရှမ်းလူမျိုုးများ၏ ရပ်တည်ချက်ထက် ရှမ်းလူမျိုုးစုများကို ကိုယ်စားပြုပါသည်ဆိုသည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး တပ်မတော် RCSS တို့၏ ရပ်တည်ချက်အတွက် လူငယ်တစ်ယောက်အနေနှင့် စိတ်ပျက်မိသည်၊ ဝမ်းနည်းမိသည်၊ ဒေါသဖြစ်မိသည်မှာ အမှန်ပါပဲ။

သူတို့တပ်နှစ်တပ်ရဲ့ မပြတ်သားသည့် ရပ်တည်ချက်အတွက် ရှမ်းလူမျိုးများ ၏ သိက္ခာကို စတေးလိုက်ရသည်။အဖိနှိပ်ခံဘဝ၊ ကယ်သူမယ့်ဘဝ၊ အခြားတိုင်းရင်းသားလူမျိုးများ၏ တိုက်ရိုက်ရော သွယ်ဝိုက်ပါ လှောင်ပြောင်မှု၊ ရှမ်းလူမျိုးများ အထွက်အမြတ်ထားသည့် ရှမ်းတွေ၏ ဘိုးဘွားပိုင်နယ်မြေ၊ ရှမ်းလူမျိုးများ၏ အထင်ကရနယ်မြေ တွေအားလုံး ကိုယ်တိုက်ကိုယ်ယူ ဖက်ဒရယ် အောက်မှာရယ် ရှမ်းစစ်တပ် နှစ်တပ်ရဲ့ မပြတ်သားမှုတွေကြားထဲ သမိုင်းဆိုင်ရာ စော်ကားခံလိုက်ရသည်။

ရှမ်းလူမျိုးများ၏ ဝိသေသလက္ခဏာ အပြင် ရှမ်းလူမျိုးများ၏ အမွေအနှစ်ကိုပါ တပါးလူတွေ လက်ထဲထိုးထည့်ပေးလိုက်ရသည်။ ယိုယွင်းပျက်စီးနေသည့် ရှမ်း လူမျိုုးများ၏ အင်စတီကျူးရှင်းတွေ၊ ရှမ်းလူမျိုးများ၏ မစည်းလုံးမှုတွေ၊ ရှမ်းလူမျိူးတွေ ကို တစ်စုတစ်စည်းတည်း ထိန်းကျောင်းပေးနိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေ လေးစားရတဲ့ Chao Tzang YawngHwe လိုခေါင်းဆောင်မျိုးမရှိတဲ့ ယခုလိုအချိန်အခါက ရှမ်းလူမျိုုးများ၏ သမိုင်းတွင် အနိမ့်ကျဆုံး နှင့် အညံ့ဖျင်း ဆုံး ရှမ်းခေါင်ဆောင်များစုစည်းမိသည့် ကာလအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခြင်းခံလိုက်ရပြီဖြစ်သည်။

မပြတ်သားသော ရှမ်းလက်နက်ကိုင်တပ်များ နှင့် ရှမ်းတိုင်းရင်းသားများ ပါတီ

လက်ရှိ ရှမ်းလူမျိုးစု လက်နက်ကိုင်ဟု အမည်တပ် နေကြသော လက်နက်ကိုင် တပ်ဖွဲ့များနှင့် ရှမ်းတိုင်းရင်းသားများ ပါတီက စစ်အာဏာသိမ်း ပြီးသည့်နောက်ပိုင်းတွင် တွေ့ရသော ဘုံရန်သူနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များကို စဉ်ဆက်မပျက်လေ့လာကြည့်အသည့်ခါ အောက်ပါအတိုင်းတွေ့ရှိရသည်။

Shan State Progress Party/ SSA- North

၁. တပ်မတော်နှင့် ထားရှိသည့် Bilateral Ceasefire Agreement အတိုင်း လိုက်နာ မည်ဟု စစ်အာဏာသိမ်းသော အစပိုင်းပြောကြား
၂. SSPP ၏ Vice Chair စဝ်ခွန်ဆိုင်မှ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်တွေ့ဆုံ
၃. ၂၀၂၂ သြဂုတ်လ ၁၆ ရက် ၅၁ နှစ်မြောက် တပ်တည်ထောင်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုတွင်း လက်ရှိရင်ဆိုင် ကြုံတွေ့ရသည့် နိုင်ငံရေး အကြပ်အတည်းများ၊စီးပွားရေး အကျပ်အတည်းများနှင့် လူမှုရေး ပြသနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေရန်လိုအပ် ကြောင်း စာနာကြောင်း ထုတ်ပြန်
၄. ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ပွဲတွင် အာဏာရှင် စနစ် (Chauvinism) နှင့် နယ်မြေချဲ့ထွင်ရေးဝါဒ (Expansionism) ကို ဆန့်ကျင်ပြီး တန်းတူရေး နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံသော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အာဏာရှင်စနစ်၊ မဟာ လူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒ နှင့် နယ်မြေချဲ့ထွင်ရေးဝါဒ ကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု ထုတ်ပြန်
၅. SSPP ၏ Vice Chair စဝ်ခွန်ဆိုင်မှ ဧပရယ်လ ၂၄ ရက်နေ့တွင် နိုင်ငံရေး နည်းလမ်းနှင့် အဖြေရှာမရလျှင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု ပြောကြား ကို မေလ ၃ ရက်နေ့သတင်းတွင်ဖော်ပြ
၆. မေလ ၅ ရက်နေ့တွင် SSPP ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာမရှိဟု သံလွင်တိုင်း သတင်းတွေ ဖော်ပြ

Restoration Council of Shan State (RCSS/ SSA- South)

၁. ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ RCSS ၏ ထုတ်ပြန်ချက်တွင် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း ဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းအား ဖြေရှင်းခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းသည်လည်း မရှိမဖြစ်လိုအပ်သည်ဟု ဖော်ပြသည်။
၂.၂၀၂၂ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ RCSS ၏ တတိယမြောက် ကောင်စီအစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုုပ် မင်းအောင်လှိုင် ၏ နိုင်ငံရေး ဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး နှင့် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရည်မှန်းပါက ကြိုဆိုသည်။
၃. ၂၀၂၂ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ် နှင့် ပြည်ထောင်စုတွင်း ပဋိပက္ခ များလျှော့ချနိင်ဖို့ ပြည်ထောင်စုအတွင်းရှိ EAOs တို့နှင့်တွေ့ဆုံ ဆွေးနွေးလိုကြောင်း ထုတ်ပြန်
၄.စစ်ကောင်စီသည် RCSS ဥက္ကဋ္ဌ ကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့
၅.တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး သဘောတူစာချူပ်လက်မှတ်ရေးထိုးထားသော 7 EAOs ပေါင်းပြီး 7 EAOs alliance ဖွဲ့စည်း၊ အဖွဲ့ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်ကြီး ရွက်စစ်ကို တာဝန်ပေးအပ်
၆.၂၀၂၄ ဧပရယ် ၂၂ တွင် ဖြတ်သန်းခဲ့ပြီးသော နိုင်ငံရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့် သဘောတူညီချက် များကို လက်တွေ့စတင်အကောင်အထည် ဖော်ဆောင်ရန် အထူးသဖြင့် ဒေသ အဆင့်မှ အခြေခံကျ ပြင်ဆင်တည်ဆောက်သွားနိုင်ရန် ထုတ်ပြန်
၇.၂၀၂၄ မေလ ၂၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အသိသက်သေ နိုင်ငံများအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် ပါဝင် ကူညီဖြေရှင်းပေရန်တိုက်တွန်း

Shan Nationalities League for Democracy (ကျားခေါင်းပါတီ)

၁. ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ထုတ်ပြန်။
၂.၂၀၂၂ ဖေဖော်ဝါရီ ၇ ရက် ပြည်နယ်တွင်း ရှိ ကြုံတွေ့နေရသော ပဋိပက္ခ များ၊ ပြန်လည် တည်ဆောက်ရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်ရေး အစရှိသည့် အချက်များ ပါဝင်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကြေငြာစာတမ်း ကို SNLD ပါဝင်သည့် CSSU မှ ထုတ်ပြန်ခဲ့သည်။
၃. စကစ ၏ ရွေးကောက်ပွဲကို မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။
၄. Federal Charter အပိုင်း ၁ ကို SNLD အတွင်းရေးမှုမှ ရေးဆွဲခဲ့သည်ဟု NUCC ၏ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူ တစ်ဦးမှ ပြောကြား ထိုနောက်ပိုင်းတွင် NUCC မှ SNLD နှုတ်ထွက်ခဲ့သည်။
၅.SNLD သည် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံခြင်း ထောက်ပံ့ခြင်းများကို တစိုက်မတ်မတ် ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
၆. SNLD မှ People’s Representatives Committee for Federal တွင် ပါဝင်ပြီး ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (နောက်ဆုံးမူကြမ်း)ကို ပါဝင်ရေးဆွဲ ထုတ်ပြန်ခဲ့သည်။

Shan Nationalities Democratic Party (ကျားဖြူပါတီ)

၁.အာဏာမသိမ်းမှီတွင် စစ်ကောင်စီနှင့်တွေ့ဆုံခဲ့သည့် ပါတီတွင်ပါဝင်ခဲ့သည်
၂. အာဏာသိမ်းအပြီးတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ တိုင်းရင်းသား ပါတီများငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာသောလမ်းကို တိုက်တွန်း
၃.စစ်ကောင်စီက ပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့ (သီရီပျံချီဘွဲ့) ကို SNLD ဥက္ကဌ က လက်ခံရယူခဲ့သည်။
၄.၂၀၂၃ ဇွန်လ ၂၃ ရက်နေ့တွင် SNLD ပါတီမှတ်ပုံတင်ခွင့်ပြုခြင်းခံရ
၅. ပါတီရုံခန်းများကို ရှမ်းပြည်မဟုတ်သည့် အခြားနယ်မြေများတွင်တိုးချဲ့ဖွင့်လှစ်
၆.စစ်ဘေးရှောင် ပြည်သူများကို အလှူငွေထောက်ပံ့

အထက်ပါ အချက်အလက်များကို သေချာ ဝေဖန်ပိုင်းခြားကြည့်သည့် အခါ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့စလုံးတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြတ်သားသော လမ်းညွှန်ချက်၊ ပြတ်သားသော ရပ်တည်မှုကို မတွေ့ရှိရပေ။ ထိုနည်းတူစွာ ကျားခေါင်းပါတီဟု လူသိများသော SNLD ပါတီ (မိမိကိုယ်တိုင် နောင်တချိန်တွင် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံရန် ၂၀၁၉ ခုနှစ် ကတည်းက စိတ်ဝင်စား အထင်ကြီးမိသည်) မှာလည်း အစောပိုင်းတွင် စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော်လည်း ရှမ်းအမျိုးသားညီညွတ်ရေးအတွက် လုပ်ဆောင်မှုများရှိမရှိ ဆိုသည်ကိုတော့ မထုတ်ပြန်သည့် အတွက် သေချာ မသိရပေ။
သို့သော်လည်း လူသားကယ်ဆယ်လုပ်ငန်းတွေလုပ်ဆောင်နေသည်ကို တွေ့ရှိရသည့် အတွက် ပါတီကနေ လူမှူ ကယ်ဆယ်ရေး အဖွဲ့ဖြစ်မှန်းမသိ ဖြစ်သွားသည်။SNDP ကတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့နေနေသာသာ ပါတီရုံးခန်းများကိုပင် တိုးချဲ့ဖွင့်လှစ်၊ စစ်ကောင်စီ ဦးစီးကျင်းပသည့် ရွေးကောက်ပွဲဝင်ရန်ပင် တာဆူနေလေပြီ။

မျှော်လင့်ချက် မဲ့၊ ခိုးကိုးရာမဲ့နေသော ရှမ်းလူမျိုးများ

အာဏာသိမ်း သည့် နောက်ပိုင်း ရှမ်းလူမျိုးများ အနေဖြင့် တကယ့်ကို နိုင်ငံရေး၊ လူမှုရေး ၊ စီးပွားရေး အကျပ်အတည်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရသည်။ Covid ရော အာဏာသိမ်းသည့် ဒဏ် အပြင် ရှမ်းလူမျိူးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သည့် လက်နက်ကိုင် စစ်တပ် မရှိသလို ပါတီလည်း မရှိခဲ့ပါ။ မင်းအောင်လှိုင်၏ စစ်တပ်ခေတ်တွင် အကြောက် တရားနှင့်အုပ်ချုပ်ခဲ့သည်။ ၁၀၂၇ အလွန်တွင်တော့ အမုန်းတရားနှင့် အုပ်ချုပ်ခြင်းကို ရှမ်းလူမျိူးတွေ အလူးအလဲခံခဲ့ရသည်။ရှမ်းလူမျိုးတွေအတွက် စစ်တပ်ကို ကြောက်ရသလို၊ လက်ရှိအုပ်ချုပ်နေတဲ့ TNLA နှင့် MNDAA တို့ရဲ့ အမုန်းနဲ့အုပ်ချုပ်မှုကို ခံရသည့် အပြင် ရှမ်းလက်နက်ကိုင် တပ်များ ၏ အမြတ်ထုတ်ခြင်းကိုလည်း ခံရသည့် အတွက် တကယ့် ကူရာမဲ့ မိဘများကို မြေပြင်တွင် မြင်နေရသည်။

ရှမ်းလူမျိုးမိသားစုဝင်များ အနေနှင့် အိမ်ထောင်စု တစ်ခုတွင် ယောက်ကျားလေး ၂ ယောက်ရှိလျင် ၁ ယောက်ကို ရှမ်းလက်နက်ကိုင်တပ်ထဲသို့ မဖြစ်မနေ ဝင်ရသည်။ အကြောင်းကြောင်းကြောင့် မဝင်နိုင်သည့် မိသားစုများ အနေနှင့် ကိုယ်စားဝင်မည့် သူကို ငွေပေးရသည်။ ထိုပမာဏ မှာ ၁ နှစ်လျင် သိန်း ၃၀ မှ သိန်း ၅၀ ကြားရှိသည်။ ဒီကြားထဲ ရှမ်းလက်နက်ကိုင်များကို အခွန်ပေါင်းမြောက်မြားစွာပေးရသည်။

ရှမ်းလက်နက်ကိုင် တပ် ၂ ခုလုံးက ရှမ်းလူမျိုးတစ်ဦးတည်းကို ပဲစစ်သား စုဆောင်းခြင်းမျိုး မဟုတ်ပဲ ရှမ်းလူမျိုးမဟုတ်သည့် အခြားသော မျိုးနွယ်စုငယ် များဖြစ်သည့် တအာင်း လားဟူ လူမျိုးများကိုလည်း အတင်း တပ်သားစုဆောင်မှုများ ရှိခဲ့သည်။ RCSS ကဆိုလျင် ရှမ်းပြည်နယ်တွင် မှီတင်းနေထိုင်သော မည်သည့်တိုင်းရင်းသားမဆို RCSS တွင် စစ်မှုထမ်းရမည်ဟု အတိအလင်းကြေငြာခဲ့သည်။ SSPP သည် စစ်မှုမထမ်းပဲ ထိုင်းနိုင်ငံတွင် ပုန်းရှောင်နေသူများကို နယ်စပ်တစ်လျှောက်အထိ လိုက်လံဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ရှမ်းလက်နက်ကိုင် တပ် ၂ တပ် လုံးက စစ်မှု မထမ်းပဲ တိမ်းရှောင်နေသူများ၏ နေအိမ်၊ ပစ္စည်းများကို စစ်မှုလာထမ်းသည့်သူများအား ပေးအပ်မည်ဟု ပြောသောလည်း သူတို့အပိုင်းသိမ်းလိုက်သည်သာ ဖြစ်သည်ဟု ရှု့မြင်မိသည်။မြောက်ပိုင်းအတွင်း ကိုယ်ကိုယ်တိုင် ခရီးသွားလာ ရာတွေ ရှမ်းလူမျိုး သက်ကြီးပိုင်းများ ငိုယိုညဉ်းတွားသံများကို စဉ်ဆက်မပြတ်ကြားခဲ့ရသည်။ ထိုထဲတွင် အမြဲအမှတ်ရနေသာ တစ်ခုကတော့

“မင်းတို့ ရှမ်းလက်နက်ကိုင် တပ်တွေကို ငါ့တို့သား (မဟုတ်ရင်) သမီးပေးထားရတယ်။ ရွာတွေကိုလာရင်လည်း ကျွေးမွေးရတယ်။ အခွန်ပေးရတယ်။ တကယ့် တိုက်ပွဲကြတော့ မပါချင်ဘူး။ ဘုံရန်သူကိုလည်း မတိုက်ဘူး။ ကိုယ့်လူမျိုးကိုလည်း မကာကွယ်၊ ကိုယ့်ဘိုးဘေးတွေရဲ့ ဋ္ဌာနေကို မကာကွယ်ဘူးဆိုရင် ဘာကြောင့် လက်နက်ကိုင်ထားသေးသလဲ။ မယားငယ်ကို လုပ်ကျွေးဖို့လား” ဟု ငိုယိုပြောဆိုကြသည်။”

ဒီ ဘိုးဘွားတွေ၏ ဝေဒနာကို ဘယ်သူတွေကိုယ်ချင်းစာနိုင်ပါ့မလဲ။ တကယ့် ရှမ်းလူမျိုး လက်နက်ကိုင်များရော ရှမ်းနိုင်ငံရေးပါတီများရော ရှမ်းလူမျိုးများ၏ တကယ့် ရင်တွင်းခံစားချက်များကို မမြင်နိုင်လောက်အောင် ဘယ်အရာတွေက အမှောင်ဖုံးလွှမ်းနေမှန်း တကယ်မသိခဲ့ပါ။

ရှမ်းလက်နက်ကိုင်များသည် ထိုမျှလောက်နှင့် မပြီးသေးပဲ၊ အထူးသဖြင့် SSPP သည် ၁၀၂၇ နောက်ပိုင်း မန္တလေး လားရှိုးလမ်းမကြီးအတိုင်း သွားလာခွင့်မရသည့် အတွက် SSPP ၏ ထိန်းချူပ်နေမြေများ မှ တဆင့် အများပြည်သူ များ ခရီးသွားရသည်။ ခရီးလမ်းတလျှောက် ကျောက်ဂူ ကစလို့ဒုဋ္ဌဝတီ တံတားက နေ လားရှိုးရောက်သည် အထိ SSPP နှင့် ရှမ်းပြည်သူစစ် ၏ တရားဝင် ဝါးတားဂိတ်များ အနည်းဆုံး ၅ ခုလောက် ရှိပြီး တရားမဝင် ဂိတ် (လက်တားဂိတ်)များလည်း ရေတွက်မရအောင် ရှိကြသည်။ ကားတစ်စီးလျင် ၅၀၀၀ ကျပ်နှုန်းကျ ပေးခဲ့ရသည်။ပေးခဲ့ရသည့် ပမာဏကို မည်သူမှ စောဒက မတက်လိုသော်လည်း စစ်ကောင်စီနှင့် နီးကပ်စွာ တပ်ထိုင်ပြီး ဘုံရန်သူနှင့် တသားတည်းကျသည့် ပုံဖြစ်နေသည့်အတွက် ဒေါသ ပိုဖြစ်ရသည်။

ဥပမာ ကျောက်ဂူသွားရာ ဒုဋ္ဌဝတီ မြစ် ကို ဖြတ်သည့် တံတား တစ်ဖက်တွင် စစ်ကောင်စီတပ် ရှိနေပြီး တံတား၏ နောက်တစ်ဖက်ခြမ်းထိပ်တွင် SSPP တပ်ရှိနေသည်။ ထို SSPP တပ်နှင့် နောက်ထပ် မနီးမဝေးတွင် စစ်ကောင်စီတပ် ထပ်ရှိနေပြန်သည်။ ထိုအခင်းအကျင်းသည် စစ်အင်ယာယီ တံတားထိပ်အထိ ရှိနေခဲ့သည်။ စစ်အင်တံတား အောက်ပိုင်းတွင် SSPP ကရှိနေပြီး တံတားတဖက်ခြမ်းထိပ်တွင်တော့ TNLA က ပြုံးပြုံးကြီး တံတားဖြတ်သန်းခွန်ကို ကောက်ခံနေသည် (ဖြတ်ပိုင်းမပေးသည့်အတွက်ကြောင့် တရားဝင်သည်ဟု မထင်မိ)။

SSPP က အခြားတစ်ဖက်တွင် လည်း သူတို့ထိန်းချူပ် လွမ်းမိုးထားသည့် နေရာတိုင်းက ကားလမ်းတွင် ကြုံရင်ကြုံသလို ဘီးလိမ့်ခွန် သဘောမျိူးကောက်တာ တွေ့ရသည်။ အိမ်စီးကားများရော လိုင်းကားများကို တစ်နှစ်လျင် ၂ သောင်း ကနေ ၅ သောင်းနှုန်းနှင့် ကားတစီးမှ မလွတ်ပါ။ သူတို့ပေးထားသော ဖြတ်ပိုင်းများ မပါလျင် နောက်တခါ ထပ်ဆောင်ရသည်။ ထို့အတူပဲ လားရှိုးမှ မူဆယ်သို့ သွားရာလမ်းတွင် လည်း လက်နက်ကိုင်များဖြစ်သည့် TNLA, KIA တို့ကို ဘီးလိမ့်ခွန်အနေနှင့် ၁နှစ်ကို ၁ သိန်းကနေ ၃ သိန်းအထိ ဆောင်ရသည်ကိုလည်း သတိချပ်စေလိုပါသည်။ တစ်ဖွဲ့ကို ဆောင်ထားသော်လည်း နောက်တစ်ဖွဲ့ကိုပါ ထပ်ဆောင်ရသည့် အတွက် ရှမ်းလူမျိုးများသာမက ရှမ်းပြည်တွင် မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအနေနှင့် မိအေး ၂ ခါ ၃ခါနာရသည် အထိရှိခဲ့သည်။ ကားခ ဈေးနှုန်းတက်ရသည့် အကြောင်းအရင်းမျာစွားထဲက တစ်ခုဖြစ်သည်။

ထို့ကြောင့် ရှမ်းလူမျိူးများ အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုလျှင် ကားခ ၂ သိန်း မှ ၃ သိန်းအထိ ရှိပြီး၊စမတ်ကတ် ပြုလုပ်ရန် ငွေ ၂ သိန်းလောက် ထပ်ပေးရပြန်သည်၊ထို စမတ်ကတ်ရမှာသာ နယ်စပ်ဖြတ်ကျော်ခွင့် ကဒ်ကို လုပ်ခွင့်ရှိသည်။ ထိုနယ်စပ်ဖြတ်ကျော် ကဒ် (စာအုပ်နီက မူဆယ်အိမ်ထောင်စုရှိသူမှ လုပ်ပေးသည်)အတွက် လည်း ငွေကြေးက ၂သိန်း ကနေ ၃ သိန်း ထပ်ပေးရပြန်သည်။ ဒါတွေ အားလုံးပြီးစီးလျှင်ပင် တစ်ဖက် နိုင်ငံတွင် အလုပ်လုပ်ရဖို့မသေချာပေ။

ဒီလောက်နှင့် အဆုံးမသတ်သေးဘဲ လွတ်မြောက်လုပြီဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့သည် လက်နက်ကိုင် အများစု၏ စားကျက် အသစ်အဖြစ် ရှိနေခဲ့သည်။ ဆောက်လက်စ အိမ်တစ်လုံးကို အနည်းဆုံး သိန်း ၂၀ လောက်ထိ တောင်းဆိုမှုမျိုးရှိပြီး ကွမ်းယာဆိုင်တောင်မလွတ်သည့် တရားဝင်ရော တရားမဝင်သည့် အခွန်ကောက်ခံမှု စိုးမိုးသည့် ကာလ ဖြစ်သည်။ တဖွဲ့တည်းကို ပေးဆောင်နေရတာမျိုးမဟုတ်ပဲ တချို့လုပ်ငန်းရှင်များသည် အဖွဲ့ ၂ ဖွဲ့လောက် ကိုပေးရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။ တချို့တိုင်းရင်းသား လက်နက်ကိုင်တွေက ကွက်ခိုင်၊တားမိုးညဲ နှင့် နမ္မတူ သွားရာလမ်းတွင် သွားဆောင်ကြရသည်။ မဆောင်ရင် ဘာဖြစ်မလဲဆိုသည့် အဖြေကို မည်သူမှ သေချာမသိ မဆောင်ပဲ မနေရဲသည် အထိ ပြည်သူလူထု၏ အခက်အခဲကိုတွေ့ရသည်။ တချို့လက်နက်ကိုင်များက လားရှိုးမြို့ရှိ ကားပွဲစားတန်းများက ပွဲစားများကို နာမည်စာရင်း အတိအကျ နှင့် အခွန်ကောက်ခံမှုများရှိခဲ့သည်။ ဒါကို တအာန်းလူမျိုးတွေက ရှမ်းလက်နက်ကိုင်များဟု ပြောဆိုပြီး၊ ရှမ်းလူမျိုးများက ကချင်နှင့် တအာင်း လက်နက်ကိုင်များ အဖြစ် အပြန်အလှန်စွပ်စွဲမှုကြား အကောက်ခွန်ဟုပြောသည့် တောင်းဆိုသည့် ပမာဏ မှန်သမျှကို ပေးလိုက်ရသည်။

ရှမ်းလူမျိုးများ ခံစားရသည့်နောက်ထပ် အရာတခုမှာ မြို့ကို သိမ်းပိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည့် MNDAA က သိန္နီတွင် ပြည်သူလူထုကို အတင်း အိမ်ပြန်လာနေခိုင်းသည်ကို တွေ့ရသည်။ ပြန်လာ မနေလျင် ချိတ်ပိတ်သိမ်းမည်ဟု သိရသည်။ အသိ တချို့၏ အိမ်များသည် တကယ်ပဲ မီးလောင်ထဲပါသွားကြသည်များလည်း ရှိကြသည်။ အိမ်ကို အတင်းပြန်လာနေခိုင်း တော့ မသက်သာပဲပြန်နေရသော်လည်း အိမ်ထဲတွင် မပေါက်ကွဲသေးသည့် စစ်ကျန် လက်နက်များ မိုင်းများ၊နှင့် တချို့အိမ်နောက်ဖေးများတွင် စစ်သားအလောင်း ၊ လူသေ အလောင်းများကို ကိုယ်တိုင် ရှင်းလင်းခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။ မပေါက်ကွဲသေးသည့် စစ်ကျန် လက်နက်များကို မထိတွေ့ရဲသော်လည်း အလောင်းကို တော့ ကိုယ်ထူကိုယ်ထ ရှင်းလင်းကြရသည်။ ဖယ်ဒရယ် ဒီမိုကရေစီ ဆိုသည့် ခေါင်းစဉ်အောက်တွင် ရှမ်းလူမျိုးအများစု (သိန္နီ)တွင် အိုး၊ အိမ်တွေ နှင့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးခဲ့ရသည်။ ဒါအပြင် စစ်နိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖြစ်သည့် MNDAA ကလည်း ညီးမားမိုင်ပီး (ဆဲရေးတိုင်းထွားသည့် စကားလုံး) တွေနှင့် အမုန်းတရားကို အခြေခံအုပ်ချုပ်သည်။ ဒါကို ရှမ်းလူမျိုးများက ပြောဆိုသည့် အခါ အောက်ပြည်အောက်ရွာက တော်လှန်ရေးသမားတွေက စိတ်ဆိုးကြသည် တော်လှန်ရေးအတွင်းတွင် ဒီလောက်တော့ ပေးဆပ်ရမည်ဟု ဆိုကြသည်။ တော်လှန်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် ရှမ်းလူမျိုးများ အိုးအိမ်ပျက်စီးခဲ့ရသည့် တော်လှန်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် ဘာဆိုဘာမျှ ပြန်ပြောခွင့်မရှိသည် အထိ ရှမ်းလူမျိုးများ ၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်မရှိခဲ့။ ဒါကို ရှမ်းလက်နက်ကိုင် ခေါင်းဆောင်များရော ရှမ်းနိုင်ငံရေးပါတီများက တစ်ခွန်းတစ်ပါဒတည်း အသံမထွက်ခဲ့ကြ။

အလားတူဖြစ်စဉ်မျိုး နမ့်ခမ်းမြို့ တိုက်ပွဲ ဖြစ်စဉ်များတွင်လည်း တွေ့ရသည်။ နမ်းခမ်းမြို့တွင်းသည် ရှမ်းလူမျိုးများ အများစု နှင့် ကချင်လူမျိုးများနေထိုင်ကြပြီး တောင်ပေါ်တွင် တအာင်းလူမျိုးများနေထိုင်ကြသည်။ မြို့သိမ်းတိုက်ပွဲ အစောပိုင်းတွင် နမ့်ခမ်းမြို့တွင်း ရှိ အိမ်များ ဖောက်ထွင်းခံရသည်များ ရှိခဲ့သည်။ TNLA နှင့် စစ်ကောင်စီ တပ်သားများ အပြန်အလှန် စွပ်စွဲမှုများကြား ရှမ်းလူမျိုးများသာမက တခြားတိုင်းရင်းသာ လူမျိုးများ၏ နေအိမ်များ ပါ ဖောက်ထွင်းခံလိုက်ရသည်။ အထက်ပါ ဖြစ်စဉ်များကို စနစ်တကျ ပြန်လည် သုံးသပ်ကြည့်သည့် အခါ ရှမ်းလူမျိုးများ အနေနှင့် ရှမ်းပြည်တွင် မနေထိုင်ပဲ အိမ်နီးချင်း နိုင်ငံများသို့ပြောင်းလာကြသည်ကို တွေ့ရသည်။ ရှမ်းလူမျိုးများအတွက် အားကိုးရာမရှိ တွေ့ကရာ လက်နက်ကိုင်များ လာအုပ်ချူပ်နေသော်လည်း အုပ်ချုပ်ပုံမပြောင်း အကြောက်တရား ကနေ အမုန်းတရားသာ ပြောင်းသွားကြသည် ဟုရှု့မြင်မိသည်။

အထက်ပါ အကြောင်းအရာအားလုံးသည် ရှမ်းလူမျိုးများကို လက်ရှိ နေထိုင်သော မြို့၊ ကျေးရွာမှ အတင်း ထွက်ခွာ (Force Migration) ပုံစံမျိုး တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တက်ရောက်နေသည်။မြန်မာစာ ကောင်းကောင်းမဖတ်တတ်၊ ရှမ်းစာကလည်း ကောင်းကောင်းမတတ်၊ တရုတ်စာလည်း မရ၊ ထိုင်းစကားက နဲနဲတတ်သည့် ရှမ်းလူငယ် မောင်မယ်များအတွက် တစ်ဖက်နိုင်ငံတွင် မည်သူက ကာကွယ်ပေးမည်နည်း။

ရှမ်းလူမျိုးများ ၏ မျှော်မှန်းချက်

လက်ရှိ ရှမ်းပြည်တွင်း အရေးတွင်သာ မက မြန်မာပြည် အရေးကို လက်တွေ့ကျကျသုံးသပ်သည့်အခါ တိုင်းရင်းသားတိုင်း ကိုယ်ကြမာကိုဖန်တီးခွင့် (Self Determination) ဆိုသည့် အခြေအနေကို ပြန်သွားနေကြသည်။ ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ကို ကိုယ့်တိုင်းရင်းသား စစ်တပ်၊ ကိုယ်တိုင် အုပ်ချုပ်မှု အကောင်အထည် ဖော်နေကြသည်။ ကိုယ့်လူမျိုးအတွက် နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးတွေကို အကောင်အထည်ဖော်နေကြပြီဖြစ်သည်။ ရှမ်းလူမျိုးများ အနေနှင့် ရှမ်းလက်နက်ကိုင် တပ် ၂ တပ် အပြင် ရှမ်းနိုင်ငံရေးပါတီ ပေါင်းစည်းရေးကို များစွာမျှော်လင့်မိကြသည်။ ပျောက်ဆုံးသွား သော ရှမ်းလူမျိုးတို့၏ သိက္ခာ ရှမ်းလူမျိုးများ၏ နိုင်ငံရေး၊ ရှမ်းလူမျိုးများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး၊ ရှမ်းလူမျိုးများ ၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် အထူးပင် မျှော်လင့်မိကြသည်ကို တွေ့ရှိရသည်။ ရှမ်းလူမျိုးများသည် တခြားတိုင်းရင်းသား လူမျိုးများ၊ တိုင်းရင်းသား ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်များ စုစည်းပြီး လူမျိုးစု အလိုက် အတိုက်ပင်ခံကောင်စီတွေ ဖွဲ့စည်း၊ လူမျိုးစု လက်နက်ကိုင်များ ဦးဆောင်ပြီး ကိုယ်ဒေသ ကိုယ့်ဘိုးဘွားပိုင် နယ်မြေများကို ခုခံကာကွယ်နေကြပြီ ဖြစ်သည်။ ထိုနည်းလမ်းများသည် လက်တွေ့တွင် အလုပ် ဖြစ်သည် မဖြစ်သည် က တစ်ပိုင်း ထိုသူတို့က ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ကြပြီ ဖြစ်သည်။

ရှမ်းနိုင်ငံရေး ပါတီများ အနေနှင့် လည်း လက်တွေ့ နှင့် ကင်းကွာနေသော ဖယ်ဒရယ် မူကြမ်းတွေကို မြန်မာ တစ်နိုင်ငံ ကိုယ်စားပြုရေးစွဲနေသော် လက်ရှိမြန်မာ့ နိုင်ငံရေး၊ စစ်ရေးအရတော့ မြန်မာနိုင်ငံ မြေပုံ ဆိုသည်မှာ အရင်လိုပုံမျိုးပဲလား ပုံစံအသစ်ဖြစ်လာမလားဆိုတာကို မရေရာပါ။ လက်ရှိ အခြေအနေရတော့ ရှမ်းပြည်မြေပုံတောင် ပုံစံပြောင်းလာနိုင်ဟု မြင်မိသည်။ ထို့ကြောင့် ရှမ်းနိုင်ငံရေးပါတီများကလည်း လက်တွေ့ပါသော ပါတီနိုင်ငံရေးထက် ရှမ်းလူမျိုးများ ညီညွတ်ရေး ကို ဦးဆောင် ဦးရွက်ပြုသင့် သည်ဟု လူအများ မျှော်လင့်ကြရသည်။ ရှမ်းခေါင်းဆောင်များ စုစည်းမိသော အစုအဖွဲ့ကပင် ရှမ်းလူမျိုးများ၏ ကံကြမ္မာကို တစ်စုတစ်စည်းတည်း ပုံဖော်ပေးစေချင်ကြသည်။ တကယ်လို့လက်ရှိ ရှမ်းလက်နက်ကိုင်များရော ရှမ်းနိုင်ငံရေး သမားများရော စုစည်းဖို့ မဖြစ်နိုင်ကြဘူးဆိုလျှင်လည်း သက်ဆိုင်ရာ အစုအဖွဲ့၊ အဖွဲ့အစည်းများ၏ အမည်နာမ ရှေ့တွင် “ရှမ်း” ဆိုသည့် စကားလုံးများကို ရှမ်းလူမျိုးများ၏ သိက္ခာကို ညှာတာသော အားဖြင့် အသုံးမပြုစေလိုပါ။

ရှမ်းလက်နက်ကိုင်တွေပေါင်းစည်းရေး

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် SSPP နှင့် RCSS တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းကို တရားဝင် ကြေငြာခဲ့ကြသည်။ ထို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေငြာပြီး ကတည်း က နောက်တဆင့် တက်သည့် အနှစ်သာရပြည့်သည့် ပေါင်းစည်းမှု လမ်းစ သို့မဟုတ် ချည်းကပ်မှု ပင် မမြင်ကြရပေ။ ရှမ်းလူမျိုးများက ထို ပစ်ခတ်တိုက်ခိုက်ရေး စာရွက်ကိုသာ ကြည့်ပြီးနောက်တဆင့် မျှော်လင့်နေကြရသည်။ ဒီကြားထဲ နှစ်ဖက်သော ထဲက RCSS က ယင်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများ တွင် စစ်မတိုက်ရပဲ အုပ်ချုပ်မှုစတင်နိုင်ရန် အတွက် လူထု တွေ့ဆုံပွဲများကို ခပ်စိပ်စိပ် ပြုလုပ်လာကြသည်၊ ရှမ်းတပ်သား သစ်များအား အားပေးစကားပြောနေကြသည်ကို တွေ့ရသော်လည်း တကယ့် ရှမ်းလူမျိုးများ လိုချင်သည့် အနှစ်သာရ ပြည့်စုံသည့် ပေါင်းစည်းမှု ခြေလှမ်း အစပင် မမြင်ရပေ။

၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့ RCSS ၏ ထုတ်ပြန်ကြေငြာချက်တွင် SSPP+UWSA+ စစ်ကောင်စီ တပ်များ သူတို့ထိန်းချုပ်ထားသည့် နယ်မြေ တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် သတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက် နေ့တွင် SSPP ၏ ယာဉ်တန်းကို RCSS မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် ရှမ်းလက်နက်ကိုင် တပ် ၂ တပ်၏ ပေါင်းစည်းမှု ကို စောင့်ရင် နောက်ဘုရားပွင့် တော့မည်ဟု ပြောဆိုကြသည်။ ကျား ၂ ကျား ဘယ်တော့မှ ဂူတစ်ခုထဲတွင် မရှိသင့်ဟု ရှမ်းဘာသာရေး ဘုန်းကြီးများကလည်း မိန့်ကြသည် သို့သော်လည်း ယခုထိတော့ ဘာမှမထူး ပဲ Statement ထုတ်ပြန်သည့် ယဉ်ကျေးမှုထဲမျောနေကြသည်။

ရှမ်းလူမျိုးများကို အကြီးအကျယ် တုန်လှုပ် စေခဲ့သည် နောက်ထပ် အကြောင်းအရင်းတခုကတော့ ၂၀၂၄ မေလ ၂၇ ရက်နေ့တွင် နမ့်ခမ်းမြို့နယ် နောင်မာ့လုံရွာ၊ နောင်ခမ်း ရွာ၊ နောင်တိန်းရွာ၊ မန်ဟောင်းလုံရွာ နှင့် ကုံဟိုင်းရွာ တွင် စခန်းချ နေထိုင်နေကြသော SSPP တပ်သားများကို TNLA တပ်သားများက ဝိုင်းဝန်းပိတ်ဆို့ လက်နက်ဖြုတ်သိမ်းပြီး မူဆယ်မြို့တို့ ကားတင်လွတ်လိုက်သည့် ဖြစ်စဉ်ကို နမ့်ခမ်းရှိ ရှမ်းလူမျိုးများ မျက်မြင် ကိုယ်တွေ့ကြုံတွေ့ရသည့် အတွက် တုန်လှုပ်မိကြသည်။ ရှမ်းလူမျိုးတွေရှိသည် နမ့်ခမ်းကို မည်သည့် ရှမ်းလက်နက်ကိုင် က လာရောက်ကာကွယ်မည်ဟု တွေးကြောက်ကြသည်။

“သူတို့ကို ဒီမှာ အခြေကျနေ နိုင်အောင် ကျွန်မ တို့ကျွေးမွေး ပေးကမ်း ထားရတာ။အခု တော့ လက်နက်ကိုင်အချင်းချင်းတောင် တစ်ချက်မှ ပြန်မပစ်ဘဲ ဒီအတိုင်း အညံ့ခံသည့်အတွက် အင်မတန်စိတ်ပျက်မိတယ်”
ဟု ဒေသခံများက ငြီးတွားကြသည်။ ယခုလို အညံ့ခံမည် ဆိုလျှင် ဘာကြောင့် TNLA နှင့်ပေါင်းပြီး RCSS ကို တိုက်ထုတ်ခဲ့သနည်းဟု မေးကြသည်။ဘာသာစကားတူ၊ လူမျိုးစုလည်း တူ၊ ကိုးကွယ်သည့် ဘာသာလည်း တူ၊ ကိုးကွယ်သည့် ဘုန်းကြီးပါတူ (မိုင်းဖုန်းဆရာတော်ကို ဆိုလို) ကြသည့် ရှမ်းလက်နက်ကိုင်တပ်များ statement ထုတ်နေကြမည့် အစား ရှမ်းလူမျိုး များ၏ မျက်နှာကို ကြည့်ပြီး စားပွဲဝိုင်းတွင် အချိန်မဆွဲပဲ ဆွေးနွေး အဖြေရှာကြဖို့ ရှမ်းဘိုးဘွား မိဘ ညီအစ်ကို မောင်နှစ်မများက မျှော်နေကြသည်။

ရှမ်းလူမျိုးများ အနာဂတ်

ရှမ်းလူမျိုးများသည် ခေတ်တခေတ် ၏ အနိမ့်ကျဆုံးသော အခြေအနေသို့ ရောက်ရှိခဲ့ကြရပြီ။ ရှမ်းလူငယ်များ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွင် ကျွန်ခံ၊ကြုံရာ လုပ်စား ၊ရှမ်းမလေး က ရှမ်းပြည်တခွင်တွင်သာမက အိမ်နီးချင်းနိုင်ငံတွင် ရှိ KTV ၊အရက်ဆိုင်တွင် ဧည့်သည်များကို အရက်ငဲ့၊ဟိုကိုင်ဒီကိုင် ခံရပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြရသည်။ နိုင်ငံရေးအရ ဦးဆောင် သူမရှိ၊ လူမှုရေးအရ ဦးဆောင်သူမရှိ၊ ယဉ်ကျေးမှုအရ ဦးဆောင်သူမရှိ၊ ပညာရေးအရ ဦးဆောင်သူမရှိ (Kaw Dai Organization မှလွဲပြီး)။

ရှမ်းလက်နက်ကိုင်များ ကလည်း သူတလူ ငါတမင်း၊ရှမ်းနိုင်ငံရေး ပါတီများကလည်း လက်တွေ့နှင့်ကင်းသော နိုင်ငံရေး ဖြစ်စဉ်များကို မျှော်နေကြရင်း ရှမ်းပြည်သည် နောင်တွင် မြေပုံကနေပင် ပျောက်ကွယ်သွားနိုင်သည်။ နှစ်ပေါင်း ၆၀ ကျော် တော်လှန်းရေး လုပ်လာကြသော်လည်း အခုထက်ထိ Drone (ဒရုန်း) တောင် မပျံတတ် မယားငယ်ကျွေးနိုင်လောက်တဲ့ တော်လှန်ရေးထဲ တွင် အနာဂတ် ရှမ်းလူငယ်များ ဘယ်လောက် ထပ်စတေးရမလဲမသိပါ။

ဘိုးဘေးတွေခေတ်က သိက္ခာရှိလှသည့် ရှမ်းလူမျိုးများ အခုတော့ အနှိမ်ခံ၊ အပယ်ခံ နှင့် လူငယ်တွေ၏ ဦးဆောင်မှုကို နေရာမပေးရဲ၊ ခေတ် နှင့် အညီ ဂုဏ်သိက္ခာရှိတဲ့ ရှမ်းလူမျိုး အဖြစ် ပြန်လည်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူလား ဆိုတာ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင် တွေဖြေရမယ့် အဖြေသာဖြစ်သည်။ လူငယ်တွေကို ပဲအားကိုးရမယ်လို့ ဆိုပြီးနေရာမပေး ၊စစ်မတိုက်ပဲ စစ်သားစုဆောင်း၊ လက်လွတ်စပယ် ပြောဆိုတာတွေရှောင်ပြီး တကယ့် အရှိတရားကို လက်ခံ ပြီး ပြုပြင်ပြောင်းလဲရဲတဲ့ သတ္တိရှိမှ ရပါမည်။

မင်းကကော ဘာမို့လို့ဒါတွေပြောနေရလဲဆိုရင် ကျွန်တော်က ရှမ်းသွေးပါနေလို့ပါ။ အဖိနှိပ်ခံဖက်က ရပ်ခံရမယ်လို့ဘိုးဘေးတွေသင်ပေးခဲ့လို့ပါပဲ။ အရှက်တရားရှိရမယ်လို့ဘိုးဘေးတွေသင်ပေးခဲ့လို့ပါ။ မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်တွေထဲမှာ စစ်အာဏာရှင်ကို မဆန့်ကျင်ပဲ ဟိုလိုလို ဒီလိုလိုလုပ်နေတာ ရှမ်းလက်နက်ကိုင်တွေပဲရှိတော့တယ်ဆိုတာ တစ်တိုင်းပြည်လုံး တစ်ကမ္ဘာလုံးသိသွားကြပြီ။ အခုပြင်ရင်တော့ ရှမ်းလူမျိုးရဲ့နှလုံးသားကို သိမ်းပိုက်နိုင်သေးတယ်။ မပြင်ရင်တော့ ကျွန်တော်တို့ ရှမ်းလူမျိုး တစ်မျိုးလုံး နောက် နှစ်ပေါင်းများစွာ ဖာတန်းမှာ တန်းစီးရတော့မည် ဆိုသည်ကို ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေရော၊ ရှမ်းနိုင်ငံရေးသမားတွေရော၊ ရှမ်းလူငယ်ခေါင်းဆောင်တွေရော၊ ရှမ်းလူမှု အဖွဲ့အစည်းခေါင်းဆောင်တွေပါ ဂရုပြုသင့်ပါတယ်။ ရှမ်းဆိုတာ ရာဇဝင်နဲ့သမိုင်းနဲ့သိက္ခာနဲ့ အခုတော့ ကျွန်တော်တို့အားလုံး သိက္ခာ လုံးဝမရှိတဲ့ အခြေအနေ နှင့် အညံ့ဖျင်းဆုံး ရှမ်းခေါင်းဆောင်များ ဦးဆောင်သည့် မျိုးဆက် အဖြစ် သမိုင်းမှာ ကဗည်းထိုးခံနေရ လေပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ဒေဝါလီခံရလုနီးချိန် အစိုးရပိုင်းသိမ်းဆည်းမှုတွေဖြစ်တည်လာခြင်းနောက်ကွယ်က တရုတ်စီးပွားရေး

မကြုံစဖူးတဲ့အလှည့်အပြောင်းတွေကြားမှာ တရုတ်နိုင်ငံရဲ့ မြေယာလုပ်ငန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်တဲ့ တရုတ် မြို့ပြရင်းနှီးမြှုပ်နှံမှုအုပ်စု ( China Urban Investment Group) လည်း
ဆောင်းပါး

State takeover looms as China Urban Investment Group faces bankruptcy

In an unprecedented turn of events, the China Urban Investment Group, a

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s future on Loan: The controversy of 50 year Bonds

The Chinese government's decision to issue ultra-long term National bonds, amounting to approximately 140 billion US dollars, has sparked public

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ပွယ်လူးဖိုင်(ဒုံးလွှတ်ပွဲ)

မုန်..မုန်. မုန်ချပ်.မုန်… စည်းချက်မှန်မှန်နဲ့ ပအိုဝ်းရိုးရာ အိုးစည်သံတွေနဲ့အတူ ရွှင်လန်းမြူးကြွဖွယ် "ပွယ်လူးဖိုင်" သီချင်းသံတွေနဲ့ အမိုးတို့တတွေ ရိုးရာအိုးစည်ကို တီးခတ်ရင်း ပျော်ရွှင်စွာကခုန်နေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှမ်းအရှေ့ကို ‘ဝ’ တပ်ဖွဲ့ သိမ်းမလား

ဒီရက်ပိုင်းအတွင်း တာချီလိတ်ဒေသခံတွေ အမေးအများဆုံး၊ အပြောအများဆုံး ကိစ္စတစ်ခုက ရှမ်းအရှေ့ကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA က တိုက်ခိုက်သိမ်းပိုက်မလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ပန်းကလေးများပွင့်တော့မည် ဖူးတန်ဝင့်လို့ချီ

သင်ပုန်းကြီးဖတ်စာထဲက ဒီနေ့အထိ အလွတ်ရနေခဲ့တဲ့ ကဗျာလေး။ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ဆိုတဲ့ ပုံဖော်ပန်းချီလေး မျက်လုံးထဲ ပြန်ဝင်လာတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီဆိုးတွေရှည်လျားတဲ့အရိပ်- တရုတ်ရဲ့ ရှင်ရွှေထီး သေမြေကြီး ငွေချေးမှု GAMBIT ပြဿနာ

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာခြင်းနဲ့ ဆိုးရွားချေးငွေတွေ တိုးမြင့်လာတာနဲ့အမျှ တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာများပြားလွန်းတဲ့ ချေးငွေတွေကို စွန့်စားမှု အရမ်းများတဲ့ ရှင်ရွှေထီး သေမြေကြီးထုံးနှလုံးမူ (GAMBIT) လုပ်ငန်းအသွင်းနဲ့ အကျိုးမရှိနိုင်တဲ့ ချေးငွေ (non-performing loans )

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရောင်းအားကျနေတဲ့ ထိုင်းကားစျေးကွက်ထဲ စျေးမြင့်မားစွာတင်ပြီး ဝင်လာတဲ့ တရုတ် EV ကားစျေးကွက်

ထိုင်း လျှပ်စစ်အား Electric Vehicle (EV) တွေရဲ့ ထိုင်းစျေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနဲ့ ဝယ်လိုအားကျဆင်းမှုကြောင့် အခက်အခဲများစွာနဲ့ ရုန်းကန်နေရပါတယ်။ ထိုင်းက ကားဝယ် လက်တွေကို စည်ရုံးပြီးစျေးကွက်ဖော်ဆောင်ဖို့ တရုတ် လျှပ်စစ်ကားကုမ္ပဏီပေါင်းများစွာဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now