လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ပေါ့ပေါ့ပါးပါးမရှိဘဲ တစ္ဆေခြောက်သလိုဖြစ်နေပြီး ငွေအကြီးအကျယ်သုံးကာ ကတိကဝတ်တွေနဲ့ မဲဆွယ်နေကြပါတယ်။
စစ်တပ် ကျောထောက်နောက်ခံပါတီတွေ အာဏာပြန်မရနိုင်ရင် ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွေကြောင့် လျှော့တွက်ခံရတဲ့ တည်ငြိမ်တဲ့ ရွေးကောက်ပွဲဒီမိုကရေစီလမ်းကြောင်းပေါ် ထိုင်းနိုင်ငံပြန်ရောက်အောင် ဒီဖြစ်ရပ်က အခြေချပေးနိုင်မလား။
ဒါမှမဟုတ် လူအများကြိုက် ရွေးကောက်ခံအစိုးရတွေနဲ့ စစ်အာဏာရှင်စနစ်တွေကြား ထိုင်းနိုင်ငံတဝဲလည်လည်ဖြစ်နေတဲ့ သံသရာဆိုးကြီးနောက်တကြိမ်ပြန်လည်ပတ် လာဦးမလား။
၂၀၁၉ ခုနှစ်မှာ ဖွေထိုင်းပါတီကို အရင်ကသစ္စာရှိခဲ့တဲ့ မဲဆန္ဒရှင်တွေက သူတို့ရဲ့အတွင်းစိတ်တွေကိုချိုးနှိမ်ခဲ့ပြီး ရှပ်နီထောက်ခံသူတွေနဲ့ ရှေးရိုးစွဲရှပ်ဝါထောက်ခံသူတွေကြား ပဋိပက္ခတွေကိုရပ်ချင်တဲ့အနေနဲ့ ဦးနှောက်နဲ့စဉ်းစားပြီး မဲပေးခဲ့ပါတယ်။
သူတို့ကို ဆွဲဆောင်ခဲ့တာကတော့ စစ်တပ်အချိတ်အဆက်ပါတီ ပလန်ပရာချာရတ်နဲ့ ပါတီအဆိုတင်သွင်းတဲ့ဝန်ကြီးချုပ်၊ အာဏာသိမ်းခေါင်းးဆောင် ပရာရွတ် ချန်အိုချာသာမက အဲဒီအချိန်ကကတိပြုခဲ့တဲ့ ပါတီရဲ့လူမှုဖူလုံရေးပေးငွေတွေကို တည်ငြိမ်မှုအနေနဲ့ ရှုမြင်စေလာတာပါ။
၂၀၂၃ ခုနှစ်မှာ အကွဲအပြဲနိုင်ငံရေးကတော့ အနည်းဆုံးမြေပြင်ပေါ်မှာ ထင်ပေါ်ကျော်ကြားမှု ပိုနည်းလာပါတယ်။ ထိုင်းနန်းတွင်းမျိုးနွယ်တွေကို ဝေဖန်မှုပိတ်ပင်ထားတဲ့ ဥပဒေပြန်စလာတာနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးဆွေးနွေးမှုတွေ ပိတ်ပင်ထားတာနဲ့အတူ ရွေးကောက်ပွဲစည်းရုံးမှုတွေမှာ စီးပွားရေးက ကြီးစိုးလာပါတယ်။
၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး အကျဘက်ရောက်ခဲ့ပြီးနောက်ပိုင်း၊ စီးပွာရေးတိုးတက်မှုနဲ့ ကြွယ်ဝမှု ပြန်လည်ဝေမျှရေးပါတီအဖြစ် သိနေကြသေးတဲ့ ဖွေထိုင်းပါတီဟာ အစိုးရအနေနဲ့ပြန်ဖြစ်လာဖို့ အခြေအနေကောင်းနေပါတယ်။
ဖွေထိုင်းပါတီရဲ့ ရွေးကောက်ပွဲအလားအလာဟာ ရှေးရိုးစွဲပါတီတွေဘက်မှာ ကသောင်းကနင်းတွေဖြစ်နေတာကြောင့်လည်း ပိုပြီးအားကောင်းနေပါတယ်။
ပရာရွတ် ချန်အိုချာဟာ ပင်ပန်းနေတဲ့၊ မကြာခင်သူ့နေရာကိုဆက်ခံတော့မယ့်သူရှိလာမယ့် ဝန်ကြီးချုပ်ဖြစ်ပြီး မီဒီယာတွေနဲ့ဆက်ဆံရာမှာ စိတ်မရှည်သလို အချေအတင်ပြောဆိုဖို့လည်း ဆန္ဒမရှိသူပါ။ အဆိုးဆုံးကတော့ ၂၀၂၂ ခုနှစ်မှာ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့အမိန့်ကြောင့် ပြန်ရွေးကောက်ခံရရင်လည်း ၂ နှစ်သာ တာဝန်ဆက်ထမ်းဆောင်နိုင်မယ့်သူ ဖြစ်နေတာပါ။
အစိုးရအဖွဲ့ထဲမှာ အကွဲအပြဲဖြစ်ပြီးနောက် ပရာရွတ်က ပါတီသစ်ထူထောင်ပြီး ပလန်ပရာချာရတ်ပါတီကို အရင်ကမိတ်ဖက်ဟောင်းနဲ့ ရဲဘော်ဟောင်း ပရာဝတ် ဝမ်ဆူဝမ်ကို လက်လွှဲပေးလိုက်လို့ ပရာဝတ်ဟာလည်း ဝန်ကြီးချုပ်နေရာအတွက် ပြိုင်ဘက်တယောက်ဖြစ်လာပါပြီ။
ဖွေထိုင်းပါတီကသာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်မယ်လို့ ခန့်မှန်းချက်တချို့ရှိနေပေမဲ့လည်း ပြောဖို့ စောသေးတဲ့အကြောင်းရင်းတွေ အများကြီးရှိပါသေးတယ်။
အဲဒီအချက်တွေကြောင့် ဘယ်သူက အစိုးရအဖွဲ့ထဲမှာပါမလဲနဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ဘယ်သူက ဝန်ကြီးချုပ်သစ်ဖြစ်လာမလဲဆိုတာတွေကို ခန့်မှန်းရခက်အောင် အဲဒီအကြောင်းရင်းတွေက လုပ်နေတာပါပဲ။
၂၀၁၉ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း ရွေးကောက်ပွဲစနစ်ပြောင်းလဲခဲ့ပြီး မဲဆန္ဒနယ်အလိုက် မဲပေးရတာနဲ့ ပါတီစာရင်းနဲ့မဲပေးရတာဆိုပြီး မဲပုံး ၂ ပုံးစာ မဲထည့်ရပါတယ်။
ဒီအချက်ဟာလည်း ပါတီကြီးတွေကို အသာရစေပြီး ၂၀၂၀ ပြည့်နှစ်မှာ အငြင်းပွားဖွယ်အခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ခွင့်ပိတ်ခံခဲ့ရတဲ့ Future Forward ပါတီကိုဆက်ခံတဲ့ လစ်ဘရယ် Move Forward ပါတီအပါအဝင် ပါတီငယ်တွေကို အားပျော့စေပါတယ်။
ထိုင်းဆန္ဒမဲတွေက မယုံရတာမျိုးဖြစ်တတ်ပြီး ဖွေထိုင်းပါတီကိုထောက်ခံသူတွေက တွက်ဆထားတာထက် အားနည်းနေနိုင်ပါတယ်။
၂၀၁၇ ခုနှစ်၊ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၂ ရပ်ပေါင်းအမတ် ၇၅၀ ရှိတဲ့အထဲက ဘယ်သူဝန်ကြီးချုပ် ဖြစ်လာနိုင်သလဲဆိုတာ နောက်ဆုံးအခွင့်အရေးအနေနဲ့ မဲခွဲပေးနိုင်ပြီး ရွေးကောက်ခံမဟုတ်ဘဲ ထိုင်းစစ်တပ်က ရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ်အယောက် ၂၅၀ ကလည်း အရေးကြီးတဲ့ပြောင်းလဲနိုင်မှုတခုပါ။
သူတို့ရည်ရွယ်ချက်က သိသိသာသာ မြင်သာထင်သာဖြစ်နေပေမဲ့ ပြည်သူ့အသံကိုလေးစားမယ်လို့ တချို့က အရိပ်ပြထားပါတယ်။ ပိုအရေးကြီးတာက ရှေးရိုးစွဲတွေကြားအကွဲအပြဲတွေကြောင့် အထက်လွှတ်တော်အမတ်တွေက တစုတစည်းထဲ လူတယောက်တည်းကိုသာ ဝန်ကြီးချုပ်အနေနဲ့ မဲပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း သဘောသက်ရောက်ပါတယ်။
ညွှန့်ပေါင်းအစိုးရဖွဲ့ရာမှာလည်း လှည့်ကွက်တွေရှိနေနိုင်ပါတယ်။ ပလန်ပရာချာရတ်ပါတီနဲ့ ညွှန့်ပေါင်းအစိုးရမဖွဲ့ဘူးလို့ ဖွေထိုင်းပါတီခေါင်းဆောင်တယောက်မှ မငြင်းထားတဲ့အတွက် ၂၀၁၉ ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရက်နဲ့ အာဏာရှင်ဘက် ၂ ခြမ်း ရှင်းရှင်းလင်းလင်း ကွဲပြားနေတာလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒီလို ပျော့လွယ်ပြောင်းလွယ် အရောအနှောတွေကလည်း တခြားညွှန့်ပေါင်းအတွဲအစပ်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သဘောပါ။ ဒီချိန်ညှိမှုတွေ ခိုင်မာလာတာနဲ့အမျှ ဝန်ကြီးချုပ်တယောက်ကိုရွေးချယ်တာလည်း အပိုင်းပိုင်းအထစ်ထစ် ဖြစ်နိုင်ပါတယ်။ ဘုန်ဂျိုင်ထိုင်းလို ပါတီငယ်တွေကလည်း အရေးပါလာနိုင်ပါတယ်။
စည်းရုံးရေးဆင်းချိန် ပါတီအများအပြားမှာ ဝန်ကြီးချုပ်လောင်းတဦးထက် ပိုပါဝင်နေပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့သမီး ပေတောင်တန် ရှင်နာဝပ်ထရာက ဖွေထိုင်းရဲ့သြဇာတိက္ကမ ရှိတဲ့ဝန်ကြီးချုပ်လောင်းဖြစ်ပေမယ့် ပိုအသက်ကြီးပြီး ပိုအတွေ့အကြုံရင့်တဲ့ ဝန်ကြီးချုပ်လောင်း ၂ ယောက်နဲ့ သူ့ကိုရံထားလို့ သူလည်း ဝန်ကြီးချုပ်ဖြစ်ဖို့ မရေမရာပါပဲ။
ဝိဇယလောင်ကွန်းဘုရင်ရဲ့အမတော် အူဘောရတ်တာနာမင်းသမီးကို ဝန်ကြီးချုပ်အဖြစ်ကနေ ပယ်ဖျက်တာလိုမျိုး နောက်ဆုံးမိနစ်အံ့ဖွယ်တွေနဲ့ နန်းတော်ရဲ့အခန်းကဏ္ဍဟာ အများသိပြီးသား လူမသိသူမသိအကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။
ဖွေထိုင်းပါတီသာ ပြန်အနိုင်ရခဲ့ရင် စစ်ဘက်နဲ့တရားရေးဘက် အာဏာသိမ်းမှုမျိုးစေ့ကို ပျိုးပြီးသားဖြစ်နေပါလိမ့်မယ်။
အရွယ်ရောက်ပြီးသူတွေရဲ့ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တွေထဲ ဘတ် ၁၀၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၀) ဆုကြေးငွေပေးမှာလိုမျိုး ဖွေထိုင်းရဲ့လူကြိုက်များတဲ့ကတိကဝတ်တွေကလည်း၊ ဈေးကွက်ပေါက်ဈေးထက်ဈေးပိုပေးပြီး လယ်သမားတွေဆီကဆန်ဝယ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာရဲ့မပြည့်စုံတဲ့ ဆန်အမတော်ကြေးအစီအစဉ်လို စည်းပျက်ကမ်းပျက် တာဝန်ခံမှုမရှိတဲ့ စီးပွားရေးကိုင်တွယ်ဖြေရှင်းမှုလို့ သမုတ်ခဲ့သလို ကြားဝင်စွက်ဖက်ဖို့ ယိုးမယ်ဖွဲ့ခံရနိုင်ပါတယ်။
သက်ဆင် ထိုင်းနိုင်ငံကိုပြန်လာနိုင်တာကလည်း ရှေးရိုးစွဲတွေကို တို့မီးရှို့မီးလုပ်တဲ့ဖြစ်ရပ်ဖြစ်လာနိုင်ပြီး လမ်းပေါ်ပြန်ထွက်လာနိုင်ကြပါတယ်။ လူမှုရေးနဲ့ဒေသစွဲအကွဲအပြဲတွေ နိုင်ငံရေးမှာနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေလို့ ထိုင်းနိုင်ငံရေးဟာ အရင်ကထက် မရေမရာဖြစ်နေပါတယ်။
(East Asia Forum တွင် Greg Raymond ရေးသားသည့် Ghosts of elections past hang over Thailand ကို #OhkKar ဘာသာပြန်ဆိုသည်။ Greg Raymond သည် သြစတြေးလျအမျိုးသားတက္ကသိုလ်၊ ကော်ရယ်လ်ဘဲလ်အာရှပစိဖိတ်ရေးရာကျောင်း၏ အကြီးတန်းကတိကဖြစ်သည်။)
Source – East Asia Forum
#ဥက္ကာ
#MeKongNews
Photo – AFP
