ဆောင်းပါး

မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှု အကျပ်အတည်း – တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

မဲခေါင် 15 Mar - 2023
လင်းမောင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများ ပိုမိုနက်ရှိုင်းလာစေရုံထက် မပိုခဲ့ပေ။

လင်းမောင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများ ပိုမိုနက်ရှိုင်းလာစေရုံထက် မပိုခဲ့ပေ။

အာဏာသိမ်းခဲ့သော စစ်အာဏာရှင်များသည် တရားလက်လွတ်သတ်ဖြတ်မှု၊ ဖျောက်ဖျက်မှု၊ ညှဉ်းပန်း နှိပ်စက်မှုနှင့် မုဒိမ်းမှုအပါအဝင် စစ်ရာဇ၀တ်မှုမြောက်မြားစွာ ကျူးလွန်ခဲ့သည့် သက်သေ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။

ယင်းအခြေအနေတွင် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်အတွက် တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ခဲ့သလဲ။

အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ လူပေါင်း ၃၀၀၀ ကျော် သတ်ဖြတ်ခံထားရပြီး လူပေါင်း ၁၉၈၀၀ ကျော် အတင်းအကြပ်ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းဇယားသည် ချဲ့ကားထားသော စာရင်းဇယားများ မဟုတ်ဘဲ မြေပြင်အတည်ပြုချက်မရသည့် သေဆုံး၊ ပျောက်ဆုံး၊ ဖမ်းဆီးခံရမှုများကို ဖယ်ရှားထားပြီးသားဖြစ်ကြောင်း AAPP ကဆိုသည်။

ထို့ပြင် အဆိုစာရင်းတွင် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အရပ်သားပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ စာရင်းမပါဝင်ပေ။

ထို့ပြင် Data for Myanmar အဖွဲ့က ကောက်ယူထားသော စာရင်းများအရ ပဋိပက္ခဒေသများတွင် အရပ်သားအိမ်ခြေ ၅၇၀၀၀ ထက်မနည်းကို စစ်အုပ်စုလက်အောက်ခံတပ်များက မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားနေသူများ၏ နေအိမ်နှင့် ပစ္စည်းများကို အဓမ္မသိမ်းယူဖျက်ဆီးသည့် ဖြစ်ရပ်ပေါင်း ထောင်နှင့်ချီရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်တပ်ရုံးစိုက်ရာ နေပြည်တော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူအုပ်ထဲမှ အမျိုးသမီးငယ်တဦး၏ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခြင်းဖြင့် စစ်အာဏာရှင်များ၏ ဆိုးရွားသော လူသတ်ပွဲကြီးများ စတင်လာခဲ့သည်။

စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဒါဇင်ပေါင်းများစွာသော အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှု များကို နေ့စဉ်ရက်စက်နီးပါး ကျူးလွန်ခဲ့ကြသည်။

စစ်ရာဇဝတ်မှု မြောက်သလား။

ကုလသမဂ္ဂ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ရာဇ၀တ်မှုများကို ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများအဖြစ် သတ်မှတ်သည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဟု သိကြသော နိုင်ငံတကာစစ်စည်းမျဉ်းများကို ဖောက်ဖျက်သည့် ကျူးလွန်သောလုပ်ရပ်ကို စစ်ရာဇ၀တ်မှုဟု အတိအလင်း သတ်မှတ်သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေက စစ်ပွဲအတွင်း လုပ်ရပ်များကို ကြပ်မတ်ထိန်းကျောင်းပြီး အလွန်အကျွံ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် ပျက်စီးစေမည့် စစ်ရေးလုပ်ဆောင်မှုများကို တားမြစ်ခြင်း၊ လက်နက်ကိုင်နှင့် အရပ်သားအကြား ခွဲခြားခြင်း နှင့်၊ အရပ်သားများအား ထိခိုက်နစ်နာမှု မရှိအောင် သို့မဟုတ် နည်းပါးအောင်ဆောင်ရွက်ခြင်း စသည့် အခြေခံသဘောတရားများပေါ် အခြေခံထားသည်။ ဤအခြေခံမူများကို ဖောက်ဖျက်သည့်လုပ်ရပ်သည် စစ်ရာဇ၀တ်မှုဖြစ်သည်လည်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

စစ်အုပ်စုသည် မြန်မာနိုင်ငံသည် စစ်ရာဇဝတ်မှုများကို အကြိမ်ပေါင်းများစွာ ဗြောင်ကျကျ ကျူးလွန်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေဆဲကာလဖြစသည့် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ပဲခူးမြို့ရှိ သပိတ် ခံတပ်နေရာများကို ဝင်ရောက်ပစ်ခတ်ဖြိုခွင်းခဲ့သည်။

အရပ်သားပြည်သူများ နေထိုင်သည့် ပဲခူးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ဂ္ဂတစ်၊ စံတော်တွင်း၊ မော်ကန် ရပ်ကွက်သုံးခုကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့်ပါ ပစ်ခတ်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်း မရှိဘဲ ယင်းသို့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အယောက် ၈၀ ကျော် ရှိခဲ့သည်။

အကြမ်းဖက်စစ်တပ်ရဲ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများစွာတွင် ဒေသခံများကို လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်သတ်ဖြတ်ခဲ့သည့် မုန်တိုင်ပင်ဖြစ်စဉ်လည်း အပါအဝင်ဖြစ်သည်။

၂၀၂၂ခုနှစ်မေလ၁၀ရက်နေတွင် အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၁၅၀ကျော်သည် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာထဲကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် အသက်၂၅နှစ်နဲ့ အသက်၆၅နှစ်ကြား အမျိုးသား ၃၀ ကျော်ကို အကြမ်းဖက်စစ်တပ်က ခေါ်ထုတ်သွားပြီး ဘုန်းကြီးကျောင်းဝင်းရှိ ဇရပ်အတွင်း လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက် နှိပ်စက်ခဲ့သည်။

မေလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံထားရတဲ့ထဲက အမျိုးသား၂၉ဦးကို စစ်အုပ်စုက သတ်ဖြတ်မီးရှို့ထားခဲ့သည်။ အလားတူ ဖြစ်ရပ်များကို စစ်ကိုင်းတိုင်းနေရာအနှံ့တွင် ဆက်လက်ကျူးလွန်လျက်လည်း ရှိသည်။

အဆိုပါ ဖြစ်ရပ်များမတိုင်ခင် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင်လည်း ကလေးငယ်များအပါအဝင် စစ်ရှောင် ၄၅ ဦးကို အလားတူမီးရှို့သတ်ဖြတ်ခဲ့သေးသည်။

စစ်တပ်၏ လေကြောင်းပစ်မှတ်များသည်လည်း အလားတူပင်ဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှု ၂၄၀ပြုလုပ်ခဲ့ရာ ပြည်သူ ၂၀၀ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၂ အောက်တိုဘာ ၂၄က ထုတ်ပြန်ခဲ့သည်။

အဆိုးရွားဆုံးဖြစ်ရပ်များအနက် တစ်ခုအပါအဝင် ဖြစ်သည့် အနန့်ပါဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာမှာ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတပွဲ ကျင်းပနေချိန်တွင် အာဏာသိမ်းစစ်အုပ်စုက လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့မှ တပ်မဟာမှူး ၁ ဦးအပါအဝင် အနုပညာရှင်များနှင့် အရပ်သားပြည်သူ စုစုပေါင်း လူဦးရေ ၇၀ ကျော် သေဆုံးခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့် မရှေးမနှောင်းပင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အရှေ့ခြမ်းက ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ Mi35 လို့ ခေါ်တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် ပစ်ခတ်ခဲ့သည်။

ကျောင်းသား ၂၄၀ စာသင်ကြားနေသည့် အဆိုပါ စာသင်ကျောင်းကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် ၁၃ ဦး နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရ ကလေးငယ်များအပါအဝင် ၂၁ ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။

ဖော်ပြပါဖြစ်ရပ်များသည် ၂ နှစ်တာကာလများအတွင်း အဆိုးရွားဆုံးဖြစ်ရပ်အချို့ကိုသာ နမူနာအနေဖြင့် ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပြီး တနည်းဆိုရလျင် အဆိုပါ ဖြစ်ရပ်များသည် စစ်ရာဇဝတ်မှုများကို အာဏာသိမ်းစစ်အုပ်စုက ပြောင်ပြာင်တင်းတင်း ချိုးဖောက်နေကြောင်း ခိုင်လုံသည့် သက်သေအ ထောက်အထားများလည်းဖြစ်သည်။

တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် စိန်ခေါ်မှုများ

မြန်မာနိုင်ငံရှိ အကျပ်အတည်းသည် တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် အရေးပါသော စိန်ခေါ်မှုများ ရှိနေသည်။ စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ခံရန် နိုင်ငံတကာ ကြိုးပမ်းမှုများနှင့် ပူးပေါင်းရန် ဆန္ဒ မရှိကြောင်းကို စစ်အုပ်စုက ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုထားသည်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နိုင်ငံရေး မငြိမ်သက်မှုများနှင့်အတူ တရားမျှတမှုကို ဖော်ဆောင်ရန် စိန်ခေါ်မှုများစွာ ရှိနေသည်။

အကြီးမားဆုံး စိန်ခေါ်မှုများအနက် တစ်ခုမှာ စစ်အစိုးရသည် အမှီအခိုကင်းသော သတင်းထောက်များနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများသို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပြီး စစ်ရာဇ၀တ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ၏ အချက်အလက်နှင့် အထောက်အထားများကို စုဆောင်းရန် ခက်ခဲစေသည်။ ထိုသို့ဝင်ရောက်ခွင့်မရှိခြင်းသည် တာဝန်ရှိသူများကို တာဝန်ခံရန် ကြိုးပမ်းမှုနှင့် တရားစွဲဆိုမှုအတွက် ခိုင်မာသောအမှုကို တည်ဆောက်ရန် ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေနိုင်သည်။

နောက်ထပ်စိန်ခေါ်မှုမှာ မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှုများကို တရားစွဲရန်အတွက် အကန့်အသတ်ရှိသော ဥပဒေဘောင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အခြားနိုင်ငံတကာလူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်နေသော်လည်း နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) ၏ ရောမဥပဒေအား အတည်ပြုလက်မှတ်ရေးထိုးထားခြင်း မရှိသေးခြင်းကြောင့် မြန်မာနိုင်ငံက စစ်ရာဇ၀တ်မှုများအပေါ် တရားစီရင်ပိုင်ခွင့် မရှိပါဘူး။

ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ရေးစနစ်သည် အားနည်းပြီး စစ်အာဏာရှင်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကာ ရာဇ၀တ်မှုကျူးလွန်တဲ့ စစ်သည်များအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ လုပ်ဆောင်မှုများကို ကန့်သတ်ရန် စစ်တပ်က ဥပဒေများကို ပြင်ဆင်ထားပြီးဖြစ်သည်။ ယင်းကြောင့်ပင် ပြည်တွင်းတရားဝင်လမ်းကြောင်းများမှတစ်ဆင့် တရားမျှတမှုရရှိရန် စိတ်ကူးယဉ်၍ပင် မရနိုင်သေးခြေ။

တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် အခွင့်အလမ်းများ

ယင်းသို့ စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် အခွင့်အလမ်းများ ရှိနေပါသည်။

အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသော စစ်ခေါင်းဆောင်များအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်နှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး ယင်းသည် မြန်မာနိုင်ငံအား စီးပွားရေးအရ အထီးကျန်ဖြစ်စေနိုင်ပြီး အကျပ်အတည်းကို ဖြေရှင်းရန် စစ်အုပ်စုအပေါ် ဖိအားများ တိုးမြင့်လာနိုင်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ထူထောင်ထားသည်။ မစ်ရှင်သည် မြန်မာနိုင်ငံတွင် ကျုးလွန်သော ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်း ထိန်းသိမ်း ခွဲခြမ်းစိတ်ဖြာရန်နှင့် အဆိုပါ ရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ရန် လုပ်ပိုင်ခွင့်ရှိသည်။ ၎င်းသည် နောင်တရားစွဲဆိုမှုများအတွက် ခိုင်မာသော အခြေခံအချက်တစ်ခု ဖြစ်နိုင်သည်။

တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် နောက်ထပ်အခွင့်အလမ်းတစ်ခုမှာ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍဖြစ်သည်။ ၎င်းတို့၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသော်လည်း အဆိုပါအဖွဲ့များသည် မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်သည်။

စစ်အုပ်စုကို ခုံရုံးတင်ဖို့ မျှော်လင့်ချက်များက ရှိနေဆဲဖြစ်သည်။

စစ်အုပ်စုသည် နိုင်ငံသားများအပေါ် စစ်ရာဇ၀တ်မှုများ အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ကို ကမ္ဘာက ထိတ်လန့်စွာ စောင့်ကြည့်နေခဲ့သည်။

အာဏာသိမ်းမှုသည် ကျယ်ပြန့်သော ဆန္ဒပြမှုများနှင့် ဆန့်ကျင်မှုများ ဖြစ်ပွားစေခဲ့ပြီး စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားဖမ်းဆီးခြင်း အပါအဝင် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်တပ်၏ လုပ်ရပ်များကို ရှုတ်ချခဲ့ပြီး တာဝန်ရှိ သူများကို တာဝန်ခံရန် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများသည် တရားလက်လွတ်ကွပ်မျက်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို မှတ်တမ်းတင်ထားသည်။

သို့သော် နိုင်ငံတကာ တုန့်ပြန်မှုများများမှာ ပျော့ပြောင်းနေဆဲ ဖြစ်ခြင်းကလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။

ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သော ဒေါ်ခင်ဥမ္မာက” စစ်အုပ်စုရဲ့ မြန်မာပြည်သူလူထုအပေါ် အရှိန်အဟုန်ပြင်းပြင်း ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်စွာနဲ့ ဆက်လက်ကျူးလွန်နေတာတွေကို ရပ်တန့်နိုင်ဖို့အတွက် ဒီထက်ပိုပြီး ခိုင်မာထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရပါမယ်။”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် စစ်ရာဇ၀တ်မှုများအတွက် တာဝန်ခံမှု အရေးတကြီး လိုအပ်မှုကို မီးမောင်း ထိုးပြပြီး ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ရာတွင် တရားမျှတမှု မည်သို့ရရှိနိုင်မည်နည်းနှင့် ပတ်သက်၍ အရေးကြီးသော မေးခွန်းများ ထွက်ပေါ်လာပါသည်။

ကမ္ဘာပေါ်ရှိ လတ်တလောဖြစ်ရပ်ပေါင်းများစွာအနက် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှု၏အရေးကြီးမှုကို မီးမောင်းထိုးပြခဲ့သည့် ဘော့စနီးယားဆာ့ဘ်စစ်ဗိုလ်ဟောင်း Ratko Mladic၏ ဖြစ်ရပ်ပင် ဖြစ်သည်။

Mladic အား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ပွဲတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သူ့ကို ၂၀၁၇ ခုနှစ်တွင် ယခင်ယူဂိုဆလားဗီးယားနိုင်ငံအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICTY) မှ စီရင်ချက်ချခဲ့သည်။

၁၉၉၀ ခုနှစ်များအတွင်း ဘော့စနီးယားစစ်ပွဲတွင် သူပါဝင်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ဘော့စနီးယား ယောက်ျားလေး ၈၀၀၀ ကျော် သေဆုံးခဲ့သည့် ၁၉၉၅ ခုနှစ်တွင် Srebrenica အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများအတွက် အရေးယူခဲ့ခြငး်ဖြစ်သည်။

Mladic အမှုသည် စစ်ရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများကို ရာဇ၀တ်မှုကျူးလွန်ပြီး နှစ်အတန်ကြာတွင် စီရင်ချက်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ICTY ၏ စီရင်ချက်နှင့် စီရင်ချက်ချခြင်းက အလားတူ စစ်ရာဇဝတ်မှုကျူးလွန်သူများအတွက် ဆိုးရွားသည့် ဇာတ်သိမ်းရှိနေမည်ဆိုသည့် သတိပေးချက် တစ်ခုဖြစ်ပြီးသေဆုံးသူများနှင့် ၎င်းတို့၏မိသားစုများအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ နှင့် ဆင်တူသလောက်ရှိသည့် အဆိုပါအမှုတွင် စစ်ရာဇ၀တ်မှုများကို တရားစွဲဆိုခြင်း၏ စိန်ခေါ်မှုများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှု၏ အရေးပါမှုကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

ICTY ၏ စုံစမ်းစစ်ဆေးမှုများနှင့် စမ်းသပ်မှုများကို ကုလသမဂ္ဂ၊ အမျိုးသား အစိုးရများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးမှုဖြင့် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။

Mladic ကို အောင်မြင်စွာတရားစွဲဆိုရာတွင် သိသာထင်ရှားသောအရင်းအမြစ်များ၊ ကျွမ်းကျင်မှုနှင့် နိုင်ငံရေးဆန္ဒအပြင် ခိုင်မာသောဥပဒေဘောင်တစ်ခုနှင့် တရားဥပဒေစိုးမိုးရေးကို လက်ကိုင်ထားရန် ကတိကဝတ်များကို နမူနာအဖြစ်လည်း သုံးစွဲနိုင်သည်။

မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရရှိရန် အရေးကြီးသော စိန်ခေါ်မှုများ ရှိနေပြီး နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မရှိခြင်းနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် စစ်တပ်က ငြင်းဆိုခြင်း အပါအဝင် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရရှိရန် အရေးကြီးသော စိန်ခေါ်မှုများ ရှိနေပါသည်။ သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများနှင့် မှတ်တမ်းပြုစုခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်နှင့် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရန် စစ်အစိုးရအား ဖိအားပေးမှုများ အပါအဝင် တာဝန်ခံမှုနှင့် တရားမျှတမှုကို ပံ့ပိုးပေးနိုင်သည့် အရေးကြီးသောခြေလှမ်းများလည်း ရှိပါသည်။

Mladic အမှုသည် မြန်မာနိုင်ငံနှင့် အခြားအခြေအနေများတွင် စစ်ရာဇ၀တ်မှုများနှင့် တာဝန်ခံမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများအတွက် စံနမူနာတစ်ခုအဖြစ် ဆောင်ရွက်နိုင်သည်။

သိသာထင်ရှားသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွန်ပြီး တရားမျှတမှု ရရှိနိုင်ကြောင်း သက်သေပြနေရုံမျှမက ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားမျှတမှုကို မြှင့်တင်ရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများသည် မရှိမဖြစ် လိုအပ်ကြောင်း သက်သေပြနေသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနှင့် အခြားနေရာများတွင် စစ်ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိရန် ဆက်လက်တောင်းဆိုနေချိန်တွင် Mladic အမှု၏ သင်ခန်းစာများကို မှတ်သားရန်နှင့် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးမူများကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် သက်သေအထောက်အထားများသည် အလွန်အရေးကြီးနေသည်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအပါအဝင် အရပ်ဖက်အဖွဲ့အစည်းအသီးသီး ကလည်း အဆိုပါသက်သေအထောက်အထားများကို ၎င်းတို့ထံ ပေးပို့ရန် အဆက်မပြတ်နှိုးဆော်ထားသည်။ သို့သော် NUG ကိုယ်တိုင်က တရားစွဲဆိုရန် ကြိုးပမ်းခြင်းမှာမူ မှားယွင်းကြောင်း ကျွမ်းကျင်ပညာရှင်များက ထောက်ပြသည်။

တရားမျှတမှုရှာဖွေခြင်း

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ အကျပ်အတည်းသည် တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများ ရှိနေပြီး အကျပ်အတည်းကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ လုပ်ရပ်များအတွက် တာဝန်ရှိသူများကို တာဝန်ခံရန် အခွင့်အလမ်းများလည်း ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှုများကို တရားစွဲရန် အကန့်အသတ်နှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်မှု မရှိခြင်းသည် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည့် အရေးပါသော စိန်ခေါ်မှုများဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာအသိုက်အဝန်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများသည် စစ်ရာဇ၀တ်မှုများကို မှတ်တမ်းတင်ခြင်း၊ အသိပညာပေးခြင်းနှင့် တာဝန်ခံမှုနှင့် တရားမျှတမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပံ့ပိုးကူညီမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ကြိုးပမ်းအားထုတ်နေကြဆဲဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းရှိ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားမျှတမှုတို့ကို မြှင့်တင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆက်လက်ဖိအားပေးမှုနှင့် ထိတွေ့ဆက်ဆံမှုသည် အရေးကြီးဆုံး အချက်လည်း ဖြစ်ပေသည်။

တော်လှန်ရေးအောင်မြင်မှုနှင့် အတူ ရာဇဝတ်သားများကို စစ်ခုံရုံးတင်နိုင်ရေးသည် မဖြစ်နိုင်သော မျှော်လင့်ချက်တော့လည်း မဟုတ်ပေ။ အတူလက်တွဲပြီး မဖြစ်မနေလုပ်ဆောင်ရမည့် အရာသာဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

စစ်အာဏာရှင် အဆက်ဆက်ရဲ့ အမာခံဒေါက်တိုင် ဒဂုံ၀င်းအောင်

၁၉၉၀ ခုနှစ်များမှာ ဒဂုံဝင်းအောင်လို့ လူသိများတဲ့ ဦးဝင်းအောင်ဟာ Dagon International Construction Company ကို ဗိုလ်ကြီးဟောင်း ဝင်းသိန်း
ဆောင်းပါး

သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှု ပိုမိုအားကောင်းနေဆဲ တရုတ်

မေ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်မှာ မီးမောင်းထိုးပြလိုက်တဲ့ သတင်းအချက်အလက် တွေမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ စာရေးဆရာတွေ၊ သတင်းသမားတွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တာချီလိတ်က ကျားဖြန့်တွေဘယ်ရောက်သွားလဲ

တရုတ်ရဲ့ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ တရုတ်ငွေလိမ်ဂိုဏ်းတွေကို အပြင်းအထန်နှိမ်နင်းရပါတော့တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လက်ပံတောင်းမှာ လုပ်ငန်းပြန်စဖို့ ပြင်ဆင်နေတဲ့ တရုတ်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်တန့်သွားတဲ့ မြန်မာ့ကြေးနီသတ္တုတွင်းလုပ်ငန်းကို ပြန်လည်ထူထောင်ဖို့ တရုတ်နိုင်ငံက နည်းပညာရှင် ၈၀နဲ့ ၁၀၀ ကြားဟာ မကြာသေးမီက ဆားလင်းကြီးကို ရောက်ရှိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Chinese To Resume Operations At Leptadaung in Sagaing

A batch of approx. 80-100 Chinese technicians & helpers have reached Salingyi township recently to restore Myanmar's copper mining operations

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming new information highlights that China continues to be

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now