ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ (နိဒါန်း)

မဲခေါင် 11 Dec - 2022
ကမ္ဘာမှာ ရွှေတြိဂံ‌ ဒေသဆိုရင် လေယာဉ်တွေ၊ သင်္ဘောတွေရေဒါစက်ကွင်းကပျောက်ပြီး အစအနရှာမရဘဲ ပျောက်ကွယ်သွးတတ်တဲ့ ဘာမြူတြာတြိဂံဒေသထက်ကို လူတွေပိုကြောက်ကြတယ်။ ဘာမြူတြာတြိဂံဒေသမှာ ပျောက်ဆုံးသွားတဲ့ လေယာဉ်နဲ့ သင်္ဘောတွေပေါ်ပါတဲ့ လူတွေအသက်က ဘယ်လောက်များနိုင်မှာမို့လဲ။

ဘာတေးလစ်တနာ

ရွှေတြိဂံဒေသကထွက်တဲ့ ဘိန်းနဲ့မူးယစ်ဆေးဝါးက ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအများဆုံးထွက်တဲ့ ဒေသဖြစ်လို့ လူသားမျိုးနွယ်စုတစ်ခုလုံး ပျက်သုဉ်းသွားစေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးလို့လည်း ပိုပြီး ကြောက်စရာကောင်းတဲ့ နယ်မြေဒေသတစ်ခုအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားနေခဲ့တာပေါ့။

အခုနောက်ပိုင်း ဒီဒေသမှာ ကာစီနိုရုံကြီးတွေပါ ဟီးထလာပြီး အာရှတွင်းဒေသနိုင်ငံတွေက လူထောင်ပေါင်းများစွာကို အလုပ်အကိုင်လိမ်ညာခေါ်ယူ၊ လူမှောင်ခိုလုပ်၊ အဓမ္မခိုင်းစားနေတဲ့ ဒုစရိုက်မှုကြီးတွေပါ လုပ်လာတော့ ဒီဒေသက ဖြစ်ပျက်နေမှုတွေအပေါ် စုံစမ်းထောက်လှမ်းဖော်ပြဖို့ ဂျာနယ်လစ်တို့ လမ်းစဉ်အတိုင်း ဝင်ရောက် ကြိုးစားကြပါလိမ့်မယ်။

နိုင်ငံအစိုးရတွေကိုယ်တိုင် ကိုင်တွယ်ဖို့အင်မတန်ခက်ခဲတဲ့ ဒီဒေသမှာ စုံစမ်းရေး သတင်းသမားတွေ သတိကြီးကြီးထားပြီး ချဉ်းကပ်ဖို့နဲ့ ရွှေတြိဂံသမိုင်းကြောင်းကို ကျွန်တော်တို့ မြန်မာ့အရေး၊ အာရှအရေး၊ သမိုင်းနဲ့ နိုင်ငံရေးပညာရှင် မစ္စတာ ဘာတေးလစ်တနာက တင်ပြထားတဲ့ လမ်းညွှန်ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

ရွှေတြိဂံဆိုတဲ့အမည်နာမနဲ့နဲ့ပတ်သက်လို့ ဒဏ္ဍာရီလာ သုံးခုရှိတယ်။ မြန်မာ ၊ ထိုင်းနဲ့ လာအိုသုံးနိုင်ငံနယ်ခြား စည်းမှာ ဒီဒေသကြီးက ဖိုခနောက်ဆိုင်တည်ရှိနေခဲ့တာပါ။ ရွှေတြိဂံဆိုတဲ့အမည်နာမနဲ့ပတ်သက်တဲ့ ပထမဆုံး ဒဏ္ဍာရီလာ အကြောင်းအရင်းက နာမည်မှာပါတဲ့ ရွှေ ဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ဘာကြောင့်လဲဆို တော့ ဒီဒေသက အဓိကထုတ်ကုန်ဖြစ်တဲ့ ဘိန်းကို ဝယ်ယူရောင်းချမှုမှာ သုံးနိုင်ငံနယ်ခြားစည်းဖြစ်လို့ သက်ဆိုင်ရာနိုင်ငံတွေက ငွေကြေးစနစ်မသုံးဘဲ ရွှေနဲ့သာ ဆက်ပြီး ဝယ်ယူရတာကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့် မယ်။ ဒုတိယ ဒဏ္ဍာရီလာကတော့ ဒီဒေသမှာ ဘိန်းပင်တွေဆိုတာ အရှေ့တောင်အာရှသမိုင်းမှာ လွန်ခဲ့တဲ့ ရာစု နှစ်ပေါင်းများစွာကတည်းက အလိုအလျှောက် ပေါက်ရောက်ပြီး ကုန်သွယ်နေခဲ့ကြတာကြောင့်ဖြစ်တယ်။ တတိယ ဒဏ္ဍာရီလာ ကတော့ ဒီဒေသမှာ လူဆိုးတွေ (မှောင်ခိုသမားတွေနဲ့ ရာဇဝတ်ဂိုဏ်းသားတွေ) နဲ့ တရားဘက်တော် သားလူကောင်း (နိုင်ငံတကာနဲ့ဒေသတွင်းက ဥပဒေရေးရာအေဂျင်စီအဖွဲ့အစည်းတွေအားလုံး)က နောက်ကွယ်က ရာဇဝတ်ဂိုဏ်းသားတွေကို ဖမ်းဆီးဖို့ ကြိုးစားနေကြရတဲ့ စစ်ပွဲတစ်ပွဲအသွင် အမြဲတည်ရှိနေတဲ့ ကိစ္စပဲ။

တကယ့် လက်တွေ့မြေပြင်အနေအထားမှာတော့ ရွှေတြိဂံဒေသမှာ ဘယ်တုန်းကမှ ဘိန်း စိုက်ပျိုးရောင်းချမှောင်ခိုလုပ်နေမှု ကို ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းကမှ အမြစ်ပြတ်အောင် မရှင်းလင်းနိုင်သေးပါဘူး။

လူအများစု ယုံကြည်ထားတဲ့ရွှေတြိဂံဆိုတဲ့ အမည်နာမက ဟိုပဝေသဏီကတည်းက ရှိခဲ့တာမဟုတ်ဘူးဆိုတဲ့ အကြောင်းပဲ။ ပုံနှိပ်မှတ်တမ်းတွေမှာ ဒီနာမည်ကို ပထမဆုံးဖော်ပြပါရှိမှုက ၁၉၇၁ ခုနှစ် ဇူလိုင် ၂၄ ရက်ထုတ် အပတ်စဉ်ထုတ် အာရှတစ်လွှားစီးပွားရေးမဂ္ဂဇင်း Far Eastern Economic Review မျက်နှာဖုံး သတင်း (Cover Story) မှာ ပါရှိခဲ့တာပါ။ စာရေးသူက အမေရိကန်နိုင်ငံသား သမိုင်းပညာရှင် ဂျာနယ်လစ် စာရေးဆရာ T.D. Allman ပါ။ ဆောင်းပါးခေါင်းစဉ်က A Wonderland of Opiumဖြစ်ပါတယ်။ ဆောင်းပါးမှာ အဲဒီအချိန်က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မာရှယ်ဂရင်းရဲ့ မှတ်ချက်စကားကို ကိုးကားပြီး တင်ဆက်ထားတယ်။

မာရှယ်ဂရင်းက ဘိန်းအများစုကို တရုတ်နိုင်ငံက စိုက်ပျိုးထုတ်လုပ်တာမဟုတ်ဘူး။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ ထိုင်းတောင်ပိုင်းနဲ့ လာအိုနိုင်ငံအနောက်မြောက်ပိုင်း ဆုံးမှတ်ဒေသဖြစ်တဲ့ ရွှေတြိဂံ ဒေသက စိုက်ပျိုးထုတ်လုပ်နေတာသာဖြစ်တယ် လို့ ပြောထားတဲ့ Quote ကိုတည်ပြီး ဆောင်းပါးတည်ဆောက်ထားတာ။ အဲဒီအချိန်က အမေရိကန်ဟာ တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့ ဦးစားပေးပေါ်လစီချထား ချိန်ဖြစ်တယ်။

ဒီဆောင်းပါးဖော်ပြပြီးနောက်တစ်လမှာပဲ အဲဒီအချိန်က အမေရိကန်သမ္မတ ရစ်ချက် နစ်ဇွန်ဟာ တရုတ်နိုင်ငံကို အလည်အပတ်သွားရောက် ခဲ့ပါသေးတယ်။ အခေါ်အဝေါ် ကိစ္စကဘယ်လိုပဲ ရှိနေပါစေ ဒီဒေသက ဘိန်းမှောင်ခိုစီးပွားရေးလုပ်ငန်းကြီးနဲ့ တခြားသော ဒုစရိုက်မှုတွေကတော့ ဥပဒေမဲ့မြို့တော်ကြီးအဖြစ် ဆက်လက်အဓွန့်ရှည်နေတယ်။ ဒီနေ့မှာ ဒီဒေသ မြို့တော်ကို G   လို့တစ်မျိုး T လို့တစ်မျိုးခေါ်ဆိုတယ်။ အရှေ့တောင်အာရှက စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်တဲ့ သင်္ကေတမြို့တော်ရပ်ဝန်းကြီးအဖြစ် ကမ္ဘာမှာ နာမည်ဆိုးနဲ့ ဆက်လက် ကျော်ကြားနေတာပါပဲ။

တရုတ်မှာ ဒီဒေသကို Jin Sanjiao ၊ ထိုင်းမှာ Samliam Thongkham လို့ ခေါ်ဆိုတယ်။ နားလည်ရအရမ်းလွယ်စေတဲ့ အခေါ်အဝေါ်ပါ။ ဒီဒေသမှာ ငွေလဲစနစ်က နှစ်ခုပဲရှိတယ်။ ရွှေနဲ့ မူးယစ်ဆေးဝါးပဲ။ ဟိုးအရင်ကတည်းက ဒီဒေသမှာ လက်နက်ကိုင် အစောင့်အကြပ်တွေများစွာဦးဆောင်တဲ့ အဖွဲ့ တွေက ဘိန်းကုန်ကြမ်းတွေကို ထုတ်လုပ်တယ်။ မြန်မာပြည်မြောက်ပိုင်းနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်ကနေ နယ်စပ်စည်းကျော်ပြီး ထိုင်နိုင်ငံမယ်ဆိုင်ကိုပို့တယ်။ မယ်ဆိုင်မှာ ထိုင်းနဲ့လာအိုက ဝယ်ယူသူတွေက ဒီဘိန်းကုန် ကြမ်းတွေကို လာဝယ်ရာမှာ ငွေမသုံးဘဲ ရွှေချောင်းတွေနဲ့ချည်း ပေးချေဝယ်ယူကြတယ်။

ရွှေတြိဂံဒေသရဲ့ နယ်နိမိတ်အတိအကျကို ဘယ်သူကမှ သတ်မှတ်ထားခြင်းမရှိဘူး။ နယ်ခြားစည်းနယ်နိမိတ်ကို လည်း သေချာ စည်းခြားသတ်မှတ်မထားဘူး။ ခန့်မှန်းခြေ ကုဗကီလိုမီတာ ၂ သိန်းလောက်ကျယ်ဝန်းနိုင်တယ်။ မိုင်အားဖြင့် ၇၇၂၂၀ ကုဗမိုင်ရှိတယ်။ ယူနိုက်တက်ကင်းဒမ်းဒေသကြီးတစ်ခုလုံးထက် နည်းနည်းလေးပဲ သေးငယ် တဲ့ နယ်မြေကြီးပါ။ သစ်ပင်တွေ တောင်တန်းတွေထူထပ်သလို ဒီလောက်ကျယ်တဲ့ ဒေသတွင်းမှာ နေထိုင်ကြတဲ့ လူဦးရေက ၆ သန်းနဲ့ ၇ သန်းကြားပဲရှိမယ်။ တိုင်းရင်းသားလူနည်းစုတွေ၊ တောင်တန်းဒေသ လူမျိုးစုတွေ၊ တောင်ကြားဒေသတွေမှာ လှည့်လည်သွားလာနေထိုင်သူတွေပဲရှိပြီး နေရာပြန့်ကျဲ နေထိုင်ကြတယ်။ ပြောရရင် တော့ ရွှေတြိဂံဒေသကြီးတစ်ခုလုံးမှာ မြန်မာဘက်က ပိုင်တဲ့ဒေသက အကျယ်ဆုံး၊ အကြီးဆုံးပဲ။ ပြီးတော့ မြန်မာ ဘက်ကနေထိုင်သူတွေဟာ အဆင်းရဲဆုံးပဲ။

ထိုင်းနိုင်ငံက နိုင်ငံဖွံ့ဖြိုးတိုးလက်လာပြီး ကျေးလက်ကနေ မြို့ပြ အဆင့်အထိ လူနေမှုစနစ်ကို မြှင့်တင်လာနိုင်လို့ ဘိန်းကို အရင်လို ဆက်မစိုက်ကြတော့ဘူး။ လာအိုမှာတော့ ဘိန်း ဆက်စိုက်ပျိုးထုတ်လုပ်သေးပေမယ့် အရင်ကလောက်များများမလုပ်ကြတော့ဘဲ မြန်မာနိုင်ငံဘက်ခြမ်းမှာပဲ ဒီဘိန်းပင်တွေက အလေ့ကျပေါက်သလောက်ကို အုံနဲ့ကျင်းနဲ့ အများဆုံးစိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက နေထိုင်သူတွေဟာ တောင်တန်းဒေသကိုအခြေပြုနေထိုင်ပြီး ဘိန်းစိုက်ကြသူတွေဖြစ် တော့ သူတို့ဆီမှာ စပါးခင်းတွေစိုက်လို့မရဘူး။ စိုက်ဖို့လည်း မဖြစ်နိုင်တော့ ဘိန်းစိုက်ပြီး ဝင်ငွေရှာ။ ရတဲ့ငွေကို အောက်ပြည်အောက်ရွာက ဆန်စပါးနဲ့ အထွေထွေစားသောက်ကုန်တွေကို ဝယ်ယူစားသောက်ပြီး နေထိုင်ရှင် သန်ကြရတယ်။ ဒေသခံတွေရဲ့ မိရိုးဖလာယုံကြည်မှုမှာ သူတို့တွေဟာ ထာ၀ရ ဘိန်းစိုက်ရင်းနဲ့ ဝင်ငွေရှာပြီး ရှင်သန်နေထိုင်ကြဖို့ မဖြစ်နိုင်ဘူးလို့လည်း ခံယူထားကြတယ်။ ဘိန်းထုတ်လုပ်ခြင်း၊ ဘိန်းစားခြင်းက တရားမဝင် သတ်မှတ်ခံထားရတာကို သူတို့တွေသိကြတယ်။ ဒုတိယကမ္ဘာစစ်ကြိုကာလကတည်းက အရှေ့တောင်အာရှ နိုင်ငံအားလုံးရဲ့ သက်ဆိုင်ရာအစိုးရတွေက ဘိန်းကို အစိုးရထိန်းချုပ်မှုလက်အောက်ခံ စိုက်ပျိုးသီးနှံအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဆေးရွက်ကြီးနဲ့ အရက်ကို ကန့်သတ်သလိုမဟုတ်ဘဲ ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူထုတ်လုပ် ခြင်းတွေကို လုံး၀ ပိတ်ပင်တားမြစ်ပြီး တရားမဝင်လုပ်ငန်းအဖြစ် ကန့်သတ်လိုက်တာ။ ဆေးဘက်ဆိုင်ရာသုံးတာ မျိုးလောက်ကိုသာ စိုက်ပျိုးထုတ်လုပ်တာမျိုးပေါ့။

၁၉ ရာစုတွင်းမှာ ဗြိတိန်ဟာ တရုတ်နဲ့ ဘိန်းစစ်ပွဲကြီး နှစ်ပွဲ ဆင်နွှဲခဲ့တယ်။ ၁၈၃၉ – ၁၈၄၂ နဲ့ ၁၈၅၆ – ၁၈၆၀ တို့ မှာ ဘိန်းစစ်ပွဲနှစ်ပွဲဖြစ်တယ်။ အကျိုးဆက်အဖြစ် ဟောင်ကောင်ကို သိမ်းပိုက်လိုက်နိုင်သလို အိန္ဒိယက ဘိန်းစျေး ကွက်ကို တရုတ်မှာ ဖြန့်ကျက်လမ်းဖွင့်လိုက်နိုင်တယ်။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီကြီးက ဘင်္ဂလားနယ်မှာ ဘိန်းစိုက်ပျိုးဧရိယာတွေကို ထိန်းချုပ်လုပ်ကိုင်တယ်။ အိန္ဒိယအချုပ်အခြာအာဏာပိုင်နယ်မြေရဲ့ အရှေ့ဘက်ခြမ်း ဒေသတွေ (ဒီနေ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယရဲ့ အရှေ့ဘန်ဂေါပြည်နယ်တွေမှာ ဘိန်းစိုက်တယ်။ ကိုလိုနီဖြစ်လာတဲ့ ကာလက္ကတား(ဒီနေ့ ကိုးလ်ခတ္တ)၊ ဘုံဘေ (ဒီနေ့ မွမ်ဘိုင်း)နဲ့တခြား မြို့ကြီးတွေမှာ ဘိန်းသိုလှောင်ရုံတွေ ထားရှိ လုပ်ကိုင်လာတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် အဲဒီအချိန်က မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်နိုင်မှုက အရေအတွက်အားဖြင့် တော်တော်နည်းပါးသေးတယ်။ တစ်နှစ်မှ တန် ၃၀ လောက်ပဲ ထွက်နိုင်သေးတယ်။ ဒီနေ့ ရွှေတြိဂံဒေသရဲ့ တစ်စိတ်တစ်ပိုင်းမှာပါတဲ့ ရှမ်းကုန်မြေမြင့်ဒေသတွေမှာပဲ အဓိက စိုက်ပျိုးတယ်။ ဘိန်းခွန် ကောက်ခံခြင်းကနေ ရှမ်းစော်ဘွားတွေ ဝင်ငွေရကြတယ်။ နောက်ပိုင်းမှာတော့ ဗြိတိန်ကိုလိုနီဖြစ်လာချိန် ဗြိတိန် တာဝန်ရှိသူတွေက ၁၉၁၀ ဘိန်းအက်ဥပဒေနဲ့ ၁၉၃၈ ဘိန်းအခြေခံဥပဒေတွေကို ပြဌာန်းပြီး တင်းကျပ်စွာ ထိန်း ချုပ်လာတယ်။

(ရှမ်း -Siam) ဒီနေ့ထိုင်းနိုင်ငံဟာ ဘယ်တုန်းကမှ ဥရောပလက်အောက်ခံကိုလိုနီမဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေက ကိုလိုနီဖြစ်ကြပြီးနောက် ဘိန်းကုန်သွယ်မှုစည်းမျဉ်းတွေဟာလည်း ထိုင်းနိုင်ငံဘက်မှာလည်း သက် ရောက်မှုရှိခဲ့တာပဲ။ ၁၉၅၂ ခုနှစ်မှာ ရှမ်း-Siam ဘုရင် မူးန်ကို့ဒ် (Mongkut – Rama IV) ဟာ သူတို့နိုင်ငံ မှာ ဘိန်းသုံးစွဲမှုကို ပိတ်ပင်တားဆီးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဗြိတိသျှတွေရဲ့ ဖိအားပေးခြင်းကနေ အိန္ဒိယက ဘိန်းနဲ့ မူးယစ်ဆေးတွေကို တင်သွင်းရတယ်။ သူ့အမည်နာမနဲ့တောင် ဘိန်းထုတ်ကုန်အမှတ်တံဆိပ်တွေလုပ်ရတယ်။ ဒေသတွင်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ (အများအားဖြင့် ချမ်းသာတဲ့ တရုတ်ကုန်သည်တွေ)နဲ့ ပေါင်းပြီး ဒီ ဘိန်းနဲ့ပတ်သက်တဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်ရတယ်။ ထုံးစံအတိုင်း ထီ၊ လောင်းကစား၊ ယစ်မျိုးထုတ်လုပ် ခွင့်တွေပါ ပါဝင်လာပြီး ပါမစ်တွေ လုပ်လို့ ကုန်စည်ကူးသန်းလာတယ်။ ၁၉ ရာစု အကုန်မှာတော့ ထိုင်းအစိုးရဟာ ဒီ ဘိန်း၊ လောင်းကစားစတဲ့ လုပ်ငန်းတွေကနေ အခွန်ကို ၄၀ နဲ့ ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံပြီး တိုင်းပြည် ဘဏ္ဍာရှာပါတော့တယ်။

အစောပိုင်းမှာ ပြင်သစ်ဟာလည်း အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ ဘိန်းထုတ်ကုန် အမှတ်တံဆိပ်တွေနဲ့ ကုန်သွယ် မှုတွေ လုပ်တယ်။ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယက ဘိန်းတွေကို တင်သွင်းတယ်။ ပြင်သစ်ထုတ် ဘိန်းနဲ့ဆက်စပ် မူးယစ်ဆေးဝါးတွေဟာ အင်ဒိုချိုင်းနားအစိုးရစီမံခန့်ခွဲမှု စည်းမျဉ်းအောက်မှာပဲ ဒီဒေသကို ကုန်သွယ်ခြင်းကနေ ဝင်ငွေ သောက်သောက်လဲရခဲ့တယ်။ ၁၉၀၀ ပြည့်နှစ်မှာ ပြင်သစ်အင်ဒိုချိုင်းနား ဝင်ငွေအားလုံးရဲ့ တစ်ဝက်ကျော် က ပြင်သစ်တွေ ဩဇာအာဏာကြီးလွန်း စွာထူထောင်ထားတဲ့ Régie de l’opium အေဂျင်စီက အခွန် ဝင်ငွေကတင် ရနိုင်ခဲ့တာဖြစ်တယ်။ ၁၉၃၀ ပြည့်နှစ်မှာအဲဒီဒေသမှာ လိုင်စင်ရဘိန်းခန်းပေါင်း ၃၅၀၀ အထိ ဖွင့် တယ်။ အရွယ်ရောက်ပြီးသား အမျိုးသား ၁၅၀၀ ကို တစ်ခန်းနှုန်းလောက် သုံးနိုင်တဲ့ ဘိန်းခန်းအရေအတွက် ဖြစ် တယ်။ အဲဒီတုန်းက  The Dutch in the East Indies ( ဒီနေ့အင်ဒိုနီးရှား) ကလည်း ဒီပုံစံမနီး ရိုးစွဲကျင့်သုံးပြီး တူရကီနဲ့ ပါရှား (ဒီနေ့ အီရန်) ကနေ ဘိန်းတွေ တင်သွင်းလာတယ်။

ဒုတိယကမ္ဘာစစ်ဟာ အာရှရဲ့ နိုင်ငံရေးမြေပုံကို ပြောင်းလဲသွားစေရုံသာမက ၁၉၄၇ ခုနှစ်မှာ ကမ္ဘာလူဦးရေ အထူထပ်ဆုံးနယ်မြေတစ်ခုဖြစ်တဲ့ အိန္ဒိယက လွတ်လပ်ရေးရပြီး ကိုလိုနီခေတ် ချုပ်ငြိမ်းသွားတယ်။ တစ်ပြိုင် နက်တည်းအရှေ့တောင်အာရှဘိန်းကုန်ကူးမှုလုပ်ငန်းကလည်း အိန္ဒိယ လွတ်လပ်ရေးရခြင်းနဲ့အတူ များစွာ သက်ရောက်ပြောင်းလဲလာတယ်။ အိန္ဒိယနဲ့အနောက်အာရှဒေသတွေက ပင်လယ်လမ်းကြောင်းတွေဟာ ပိုပြီး မလုံမခြုံဖြစ်လာတယ်။ ပြင်သစ်တွေက တွန်ကင် Tonkon  (ဒီနေ့ အနောက်မြောက်ဗီယက်နမ်)နဲ့ လာအိုထိ ကုန်းမြေမြင့် တွေမှာ ဘိန်းတွေ စိုက်ပျိုးမှု တိုးချဲလာတယ်။ ဘယ်တုန်းကမှ ဘိန်းအဓိက စိုက်ပျိုးတာမလုပ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာလည်း ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတယ်။

ကိုလိုနီလက်ဟောင်း ဘိန်းစျေးကွက်လက်ဝါးကြီးအုပ်မှုဟာ တစ်ဖြည်းဖြည်းအားပျော့လာတယ်။ အိန္ဒိယမှာလည်း ဘိန်းစိုက်ပျိုးမှု အရမ်းလျော့ကျသွားပြီး မော်ဖိန်းနဲ့ တခြားသော မရှိမဖြစ် ဆေးဝါးထုတ်ကုန်တွေအတွက်လောက် သာရည်ရွယ်ပြီး ဘိန်းစိုက်တဲ့ မူကို ပြောင်းလဲသုံးစွဲလာတယ်။ တခြား ဘိန်းသုံးစွဲမှုတွေကို ရာဇဝတ်မှုအဖြစ် ပြောင်း လဲသတ်မှတ်လာကြတယ်။ အဂတိလိုက်စားမှုတွေက အဓိက ပြသနာအဖြစ်ဆက်လက်တည်ရှိလာနေပြီး အထူး သဖြင့် မြန်မာနိုင်ငံဘက်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက တစ်ဟုန်ထိုး မြင့်တက်လာတယ်။ အလှည့်အပြောင်းဖြစ် လာစေတဲ့ အဓိကအကြောင်းတရားကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို ကူမင်တန် တရုတ်တွေ ဝင်ရောက်လာရာက စတာပဲ။ ကူမင်တန်ဆိုတာ တရုတ်အမျိုးသားရေးဝါဒီတွေ။ ၁၉၄၉ ခုနှစ်က တရုတ်ပြည်တွင်း စစ်ပွဲမှာ စစ်ရှုံးပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့ဒေသတွေဆီ ဝင်ရောက်လာတဲ့ လက်နက်ကိုင် တပ်တွေပါ။ လျှို့ဝှက်အခြေစိုက် စစ်စခန်းတွေကို မြန်မာပြည်မြောက်ပိုင်း ဒေသတော်တော်များ များမှာ အခြေစိုက် ထူထောင်ကြတယ်။ မော်စီတုံးရဲ့ ကွန်မြူနစ်တွေဆီက နိုင်ငံအချုပ်အခြာအာဏာကို ပြန်လုဖို့ ရည်မှန်းထားတဲ့ ကူမင်တန်တွေဟာ လက်နက်အင်အားတောင့်တင်းဖို့နဲ့ တော်လှန်ရေးအောင်ဖို့ တစ်ခုတည်းသော နည်းလမ်းအဖြစ် ဘိန်းကုန်သွယ်မှုကို အဓိက စီမံကိန်းချ လုပ်ဆောင်လာတယ်။

ကူမင်တန်က နာမည်အကြီးဆုံး ဗိုလ်ချုပ်တွေဖြစ်တဲ့ Duan Xiwen (Tuan Shi-wen) က မြန်မာပြည်မြောက်ပိုင်း တောင်တန်းဒေသ တွေမှာ သူတို့မော်စီတုံးကွန်မြူနစ်တွေကို ပြန်တိုက်ထုတ်ဖို့ စစ်အင်အားတည်ဆောက်ရာမှာ တစ်ခုတည်းသော ဒေါက်တိုက်အဖြစ် ငွေရှာဖို့က ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးသာရှိတယ်လို့ ဖွင့်ပြောခဲ့ဖူးတယ်။

ဒီမှတ်ချက် စကားက ရှမ်းပြည်နယ်မှာ ဘာကြောင့် လက်နက်ကိုင်အဖွဲ့များစွာ တိုးပွားတည်ရှိလာပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မြန်မာဗဟိုအစိုးရကို လက်နက်ကိုင်ဆန့်ကျင်မှုတွေ များလာခဲ့သလဲဆိုတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် သက်သေထူနိုင်ပါတယ်။ မြန်မာအစိုးရရဲ့ ကိုယ်ပိုင်စစ်တပ်တွေကိုယ်တိုင်ကလည်း ရှမ်းပြည်နယ်ထဲမှာ ပါဝင်ပြီး ရွှေတြိဂံမူးယစ်ဆေး ကုန်သွယ်မှုကနေ အကျိုးအမြတ်ရှာလာကြတယ်။ ကူမင်တန်တွေက ဒေသခံတောင်ပေါ်တိုင်းရင်းသားတွေကို ဘိန်းတွေအများကြီးပိုစိုက်အောင် နည်းမျိုးစုံနဲ့ စွဲဆောင်စည်းရုံးလာတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကူမင်တန်တွေရဲ့ ကြီးစိုးမှုနဲ့ ရွှေတြိဂံဒေသမှာ  ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ အရင်ကထက် ၁၀ ဆ၊ အဆ ၂၀ လောက်အထိ မြင့်တက်လာတော့တယ်။ တစ်နှစ် တစ်နှစ်ကို ဘိန်း တန် ၃၀၀ ကနေ ၆၀၀ အထိ တိုးမြှင့်ထုတ်လုပ်လာတယ်။ မြောက်မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေများစွာပေါ်လာပြီး စစ်ပွဲတွေဖြစ်ပွားခြင်းက ဒီဒေသခံတွေကို သာမန်တောင်သူလို စိုက်ပျိုးပြီး ထွက်ကုန်တွေကို အောက်မြန်မာပြည်ကို ဖြန့်ဖို့ မဖြစ်နိုင်တဲ့အဆုံး ဘိန်းပဲစိုက်တော့တယ်။ ဘိန်းပင်ကထွက်တဲ့ ကုန်ကြမ်းတွေကို ရွာတွေထဲအထိလိုက်ပြီး ကုန်သည်တွေက လာဝယ်ကြတော့ ဒီဒေသမှာ အဓိက ဘိန်းပဲ စိုက်ရတဲ့ အဖြစ်ရောက်သွားခဲ့တာပါ။

၁၉၆၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တော့ စီးပွားရေးစနစ်ပျက်ဆီးသွားတယ်။ မြန်မာ့နည်းမြန်မာ ဟန်ဆိုရှယ်လစ်ဆိုတဲ့ ဝါဒါကြီးကို အာဏာသိမ်းစစ်တပ်က မိတ်ဆက်လာတယ်။ ရှမ်းနဲ့တခြား လက်နက်ကိုင်တွေ ကို တိုက်ဖို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက ၁၉၆၃ ခုနှစ်မှာ အိမ်စောင့်အစိုးရဆိုပြီး နာမည် ပေးလို့ ကာကွယ်ရေးလို့ဆိုတဲ့ မြန်မာ့စစ်တပ်ကို နိုင်ငံဦးစီးဦးဆောင်အဖြစ် ဖန်တီးလုပ်ယူခဲ့တယ်။ ရှမ်းပြည်နယ် က အစိုးရထိန်းချုပ်နယ်မြေအားလုံးက လမ်းတွေမှာ နေဝင်းဦးဆောင်တဲ့ မြန်မာစစ်တပ်က ငွေရှာဖို့အတွက်နဲ့ ဒေသခံလက်နက်ကိုင်တွေကို ဖြိုခွင်းဖို့ ဘိန်းကုန်စည်ကူးသန်းမှုတွေ တရားဝင် လုပ်ခွင့်ပြုလိုက်တယ်။ ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့တပ်တွေကို ရန်ကုန်ဗဟိုအစိုးရက ထောက်ပံ့တာမျိုးမဟုတ်ဘဲ ကိုယ့်တပ်တွေ အတွက်ကိုယ် ငွေရှားနိုင်အောင်ရည်ရွယ်ပြီး ဘိန်းကုန်ကူးမှုကို တရားဝင် လုပ်ကွက်ပေးထားလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီမှာပဲ မြန်မာစစ်တပ်က အကြီးအကဲ အရာရှိကြီးတွေ အရမ်းချမ်းသာကုန်ကြတယ်။ ရွှေတြိဂံ ဒေသမှာ နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ ဘိန်းဘုရင်တွေအဖြစ် လော်စစ်ဟန်နဲ့ ခွန်ဆာ ( Lo Hsing-han (Luo Xinghan) and Zhang Qifu (Chang Chifu) )တို့ ထွက်ပေါ်လာတယ်။ သူတို့ အလုပ်က မြန်မာစစ်တပ်က ဗိုလ်ချုပ်တွေ အကြီးအကဲတွေနဲ့ မဟာမိတ်လုပ်ပြီး ဘိန်းလုပ်ငန်းတွေကို တိုးချဲ့ ငွေရှာတာပါ။ လော်ဆင့်ဟန်က ကိုးကန့်ဒေသကို အခြေပြုပြီး ဘိန်းလုပ်ကွက်တွေ တိုးချဲ့တယ်။ ခွန်ဆာက လွိုင်မော် ဒေသဗဟိုပြုပြီး ဘိန်းခင်းတွေတိုးချဲ့တယ်။ လွိုင်မော်နဲ့မဝေးတဲ့ တန့်ယန်းမှာ မြန်မာစစ်တပ်က ခံတပ်မြို့အဖြစ် တည်ဆောက်ထားပြီး သူတို့တွေ ပူးပေါင်းလို့ ဘိန်းကုန်သွယ်မှုတွေကို လုပ်ဆောင်လာကြတယ်။

ဒီနေ့ ရွှေတြိဂံဒေသမှာ ဘိန်းထုတ်လုပ်မှုက လျှော့ကျလာတယ်။ ဘိန်းနဲ့ ဘိန်းဖြူ (ဟီးရိုးအင်း) စျေးကွက် တောင်းဆိုမှုက ဒေသတွင်းသာမက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို ဝယ်လိုအားကျဆင်းပြီး သုံးသူနည်းပါး လာတော့ ဘိန်းစိုက်ပျိုးမှုလည်း အရမ်းကျဆင်းသွားတယ်။ ဒီတော့ ဘိန်းစိုက် ဒေသခံတောင်သူတွေ ဝင်ငွေ ထိခိုက်ကြရတာပေါ့။ မူးယစ်ဘုရင်တွေ၊ ဘိန်းဘုရင်တွေက ဒီလိုအခြေအနေမှာ ဘိန်းထက် ယာဘခေါ် စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို ဒီဒေသအခြေစိုက်ပြီး အလုံးအရင်းနဲ့ ပြောင်းလဲထုတ်လုပ်လာတယ်။ ဓာတုဆေးဝါးနဲ့ Chemicals ရှိတာနဲ့ ထုတ်လို့ရတဲ့ ဒီယာဘတွေဟာ စျေးကွက်အသစ်၊ လူကြိုက်များမှုနယ်ပယ်သစ် ဖြစ်လာ နေတော့ ရွှေတြိဂံဒေသဟာ ဒီနေ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိတ်ကြွဆေး အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရာ ဗဟိုချက်ဖြစ်လာပြန်တယ်။

ဥပဒေဆိုတာမရှိတဲ့ အရပ်မို့ စိတ်ကြွမူးယစ်ဆေးမျိုးစုံထုတ်တာသာမက လူမှောင်ခို လုပ်တာ၊ တောရိုင်းတိရစ္ဆာန်‌ မှောင်ခိုလုပ်တာ၊ မြေရှားသတ္တုမှောင်ခိုလုပ်မှု၊ ရှေးဟောင်းပစ္စည်းမှောင်ခိုလုပ်မှု၊ လက်နက်မှောင်ခိုမှုနဲ့ တခြားသော မကောင်းတဲ့လုပ်ငန်းအားလုံးလုပ်ရာ ဒုစရိုက်မြို့တော်ကြီးဖြစ်လာပြန်တယ်။ အရှေ့တောင်နဲ့ တောင်အာရှက ဒုစရိုက်သမားပေါင်းစုံဟာ ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့ ပေါင်းပြီး ဒုစရိုက် ပေါင်းစုံကို ရွှေတြိဂံမှာ လုပ်လာတယ်။ လာအိုမြောက်ပိုင်း၊ မြန်မာနဲ့ ထိုင်းနယ်စပ်စည်းတစ်လျှောက် အင်မတန် ကြီးမားတဲ့ ကာစီနိုရုံကြီး အနည်းဆုံး ၂၀ ကျော်ကို ဖွင့်လှစ်ပြီး ဒုစရိုက်လုပ်ငန်းပေါင်းစုံနဲ့ ငွေကြေးခဝါချရာ နယ်မြေကြီးအဖြစ် အသက်ဝင်လာနေပါပြီ။ နှစ်စဉ် ဒီဒေသမှာ ဒုစရိုက်မှုပေါင်းစုံနဲ့ ဝင်ငွေ ဒေါ်လာ ဘီလီယံ ပေါင်းများစွာကို ရယူနေကြတယ်။

၁၉၇၁ ခုနှစ်က အမေရိကန်သမ္မတ ရစ်ချက်နစ်ဇွန်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ‌ ပြောခဲ့တဲ့ စကားလုံးကို မီဒီယာ တွေက ပြန်ဖော်ပြရာမှာ ရွှေတြိဂံဒေသကို War on Drugs (မူးယစ်ဆေးဝါးစစ်ပွဲ ဒေသ)လို့ သုံးနှုန်းဖော်ပြကြတယ်။ ဘိန်းဟာ အဆိုးရွားဆုံးနံပါတ် (၁) ပြည်သူ့ရန်စွယ် ဖြစ်လို့ ရွှေတြိဂံဒေသဟာလည်း ပြည်သူ့ရန်စွယ် ဗဟိုချက်လို့ နစ်ဇွန်က အဲဒီတုန်းကတည်းက ပြောခဲ့တာဖြစ်ပါတယ်။ ဒီမူးယစ်စစ်ပွဲဟာ ဒီနေ့ အထိလည်း ဆက်ဖြစ်တည်နေတုန်းပါပဲ။ ဒေသခံ လက်နက်ကိုင်တွေအပြင် ၁၉၇၃ မှာ အိမ်စောင့်အစိုးရ စနစ် ပြုတ်ကျသွားပြီးနောက် ဒီဒေသအခြေစိုက် စစ်တပ်ကို မြန်မာကာကွယ်ရေးတပ်မတော်က ပြည်သူ့စစ်လို့ နာမည် ပြောင်းပြီး မူးယစ်မှောင်ခိုကူးသန်းမှုတွေကို ဆက်လက်ပူးပေါင်းလုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ မြန်မာအပြင် လာအိုနဲ့ထိုင်းဘက်ကလည်း ဥပဒေပြုရေးရာတာဝန်ရှိသူတွေဟာ ဒီဒေသကို အမှီသဟဲပြုပြီး အကျင့်ပျက်ခြ စားဆဲ စားမြဲပါပဲ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ကုလသမဂ္ဂအေဂျင်စီတွေဟာ ဒီဒေသအခြေစိုက် ပြည်တွင်းအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တွေနဲ့ တိတိကျကျ ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာ ကြောင့် ရွှေတြိဂံဒုစရိုက်နယ်မြေကိစ္စဟာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) အထိ ရောက်နိုင်ခဲ့တာ မရှိဘူး။

ရွှေတြိဂံဒေသမှာ ဘိန်းစိုက်မှုကို တီထွင်ခဲ့တဲ့ ကူမင်တန်တွေဟာ အမေရိကန်၊ ထိုင်းနဲ့ တိုင်ဝမ် စပိုင်အေဂျင်စီတွေ နဲ့လည်း နီးနီးကပ်ကပ်ဆက်သွယ်ပူးပေါင်းထားသူတွေဖြစ်တယ်။ ဒီအဖွဲ့တွေနိုင်ငံတွေဟာ သူတို့အကျိုးစီးပွားကို တိုက်ရိုက်မထိခိုက်သရွေ့ ကူမင်တန်နဲ့ ရွှေတြိဂံကို မျက်ကွယ်ပြုပေးထားကြတာမျိုးလဲ ဖြစ်တယ်။ ဒီနေ့ ရွှေတြိဂံ မှာ တရုတ်တွေပဲ ကြီးစိုးနေသေးတာကလည်း သူတို့နဲ့ပတ်သက်နေဆဲကိစ္စတွေကို အားလုံး မျက်ဝါးထင်ထင်မ ဟုတ်တောင် မြင်သာလွန်းပါတယ်။ စစ်ကြောင့်ဖြစ်လာတဲ့ မူးယစ်ဆေးဝါးသိုလှောင်ရုံကြီးမှာ ဒီနေ့အထိ ရွှေတြိဂံ က ထုတ်တဲ့ ဘိန်း၊ စိတ်ကြွဆေးနဲ့ တခြားမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိရာမှာ သယ်ဆောင်သူအဆင့်လောက် ကိုပဲ ဖမ်းမိကြတာပါ။ လက်ကြီးရာဇာကြီးတွေ၊ ဘိန်းဘုရင်တွေကို ဖမ်းမိတယ်ဆိုတာ မရှိခဲ့ဖူးဘူး။ လော်စစ်ဟန်နဲ့ ခွန်ဆာတို့ဟာ ဘိန်းဘုရင်တွေဖြစ်ခဲ့ကြပေမယ့် သူတို့ဘ၀ရဲ့ နောက်ဆုံးရက်စွဲတွေမှာတော့ ချမ်းသာတဲ့ ဂုဏ်သရေရှိစီးပွားရေးသမားကြီးတွေအဖြစ် ရန်ကုန်မြို့မှာ ချမ်းသာစွာနဲ့ နေထိုင် ရှင်သန်နေ၊ ရှင်သန် သွားကြတယ်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကမ္ဘာအနှံက ဂျာနယ်လစ်တွေအတွက် ရွှေတြိဂံဒေသဟာ တရားမဝင်စျေးကွက်၊ ကြွယ်၀တဲ့သမိုင်းကြောင်း၊ စွဲမက်ဖွယ်ယဉ်ကျေးမှုတွေနဲ့ စွဲဆောင်နိုင်စွမ်းမြင့်မားခဲ့တယ်။ မှုခင်းသတင်းထောက်တွေရဲ့ ကင်မရာမှန်ဘီလူးတွေက ဒီဒေသကို ပစ်မှတ်ထားနေကြတယ်။ ဒါပေမဲ့ ဂျာနယ်လစ် တွေဟာ အမှန်တရားနဲ့  လုံး၀ကင်းကွာလွန်းပြီး ဥပဒေမရှိတဲ့ ဒီဒေသအကြောင်း ချဉ်းကပ်ချင်ကြတယ်ဆိုရင် တော့ မြေအောက်စျေးကွက်ကမ္ဘာဟာ အင်မတန်ကြောက်စရာကောင်းတာကို သတိကြီးကြီးထားကြစေလိုတယ်။

ရွှေတြိဂံမှာ အထင်ကရ သရုပ်ဆောင်တွေအများအပြားရှိနေတယ်။ တရားဝင်မှု၊ မဝင်မှုတွေကလည်း ရှုပ်ထွေးနက်နဲလွန်းတယ်။ ဘယ်တော့မှလည်း ရှင်းလင်းပြတ်သားတဲ့ တရားခံဆိုတာကို ဖော်ထုတ်နိုင်ဖို့ မရှိဘူး။ ဆိုင်ရာနိုင်ငံတွေက စီပွားရေးသမားကြီးတွေသာမက အစိုးရအကြီးအကဲတွေပါ အများအပြားပါဝင်ပတ်သက်နေ တဲ့ ရပ်ဝန်း။  ဒါကြောင့် ဒီဒေသအကြောင်း ဖော်ထုတ်ရေးသားတော့မယ်ဆိုရင် ဂျာနယ်လစ်တွေအနေနဲ့ ဖော်ထုတ် ရေးသားခြင်းမပြုခင် ဥပဒေပညာရှင်တွေနဲ့ အရင် ဆွေးနွေးတိုင်ပင်ပြီးမှ ရေးသင့်တယ်လို့ တိုက်တွန်း သတိပေး လိုက်ပါတယ်။

[ဘာတေးလစ်တနာဟာ အာရှရဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ စာအုပ်ပေါင်း ၂၂ အုပ် ထုတ်ဝေရေးသားခဲ့သူဖြစ်ပါတယ်။ လက်ရှိ Asia Times မှာ တာဝန်ထမ်းနေပြီး အရင်က Far Eastern Economic Review, ဆွီဒင်နေ့စဉ်ထုတ် Svenska Dagbladet, နဲ့ Jane’s Information Group in the UK တို့မှာ မီဒီယာအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်]

((ဘာတေးလစ်တနာ၏ လမ်းညွှန်ဆောင်းပါမှာ နိဒါန်းအပါအဝင် အခန်း ၇ခန်းရှိပြီး မဲခေါင်သတင်းဌာနတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အခန်းတစ်ခုစီဘာသာပြန်ဆိုဖော်ပြသွားပါမည်။))

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

Is China Overlooking its Neighbours’ Concern On Rising Human Trafficking Cases?

In Southeast Asian region, China is a troublesome bugbear not because of
ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ အခန်း ၆ – အခြားသော ရာဇဝတ်မှုများ

အရှေ့မှာတင်ပြခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လူမှောင်ခိုမှုတွေအပြင်  ရွှေတြိဂံဒေသ မှာ တခြားသော ရာဇဝတ်မှုပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ ဒီဒေသမှာ တရားမဝင်တဲ့ မိုင်းတွင်း၊
ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာဒုစရိုက်ကမ္ဘာရွှေတြိဂံဒေသအကြောင်းသိထားသင့်သမျှ – အပိုင်း (၅) တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးခြင်း

တစ်ချိန်က အိပ်ပျော်နေခဲ့တဲ့ တရုတ်နယ်စပ်က မိုင်းလားမြို့လေးဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေ ရဲ့ ဗဟိုချက်အဖြစ် စတင်နိုးထပြီးနောက်ပိုင်းမှာ တရားမဝင်တောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးပါ ဖြစ်လာခဲ့ ပါပြီ။
ဆောင်းပါး

မြန်မာလျှပ်စစ်စီမံကိန်းအားလုံးကို တရုတ်တို့ အပြီးသတ်ချဲ့ထွင် သိမ်းပိုက်ခြင်း

လင်းမောင် မကြာသေးခင် စံချိန်တင်တိုတောင်းတဲ့ကာလတွေအတွင်း ဆိုလာစီမံကိန်းအများဆုံးအပါအဝင်ဖြစ်တဲ့ လျှပ်စစ်စီမံကိန်းသစ်တွေကို မြန်မာထံ အပြီးသတ်တည်ဆောက်လက်လွှဲပေးလိုက်ရာမှာ ပါဝင်တဲ့ ကုမ္ပဏီအားလုံးက တရုတ် ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေဆီက နည်းပညာပူးပေါင်းအကူအညီယူထားတဲ့ မြန်မာကုမ္ပဏီတွေချည်းပါပဲ။
ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။
ဆောင်းပါး

ရန်ကုန်မြို့က အမျိုးသမီးသတင်းထောက်

လူကျော် “Journalism is not a crime (သတင်းစာပညာသည် ရာဇဝတ်မှုမဟုတ်) ဆိုတာ ဒီမှာတော့ မဟုတ်ဘူး။ တခြားစီပဲ။ အကုန်ကြောက်နေရတယ်။ အကုန်စိုးရိမ်နေရတယ်။ သတင်းထောက်မှန်း လူသိခံလို့တောင်မရဘူး” လို့ သတင်းထောက် မခိုင် (အမည်လွှဲ)
ဆောင်းပါး

စစ်သားသမီး စစ်သားမယား တော်လှန်ရေးသမ

လူကျော် “အခုချိန် စစ်သားမိန်းမလို့ပြောရင် တအားစိတ်ဆိုးတယ်။ တအားဒေါသဖြစ်တယ်။ ခံပြင်းတယ်။ အဲဒီလိုအပြောကို မခံချင်တော့ဘူး။ မပတ်သက်ချင်တော့ဘူး” လို့ မအေး (အမည်လွှဲ)က ဒေါသသံနဲ့ပြောပါတယ်။
ဆောင်းပါး

China Exepidites Execution of Power Projects in Myanmar

Linn Maung Recently a series of power projects (mostly solar power) have been completed in record time and handed over