ဆောင်းပါး

မအလဘွဲ့

မဲခေါင် 21 Nov - 2022
အာဏာရှင်စီနီယာကြီးနေဝင်းလက်ထက်တုန်းက အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရ၊ ရဲသီဟ၊ ရဲသူရ၊ ရဲဗလ စတဲ့ ဘွဲ့တွေ၊ တံဆိပ်တွေကို စီမံပေးအပ်ခဲ့ပါတယ်။ အဲဒီကနေ အာဏာရှင်စီနီယာနောက်တစ်ယောက်ဖြစ်တဲ့ သန်းရွှေလက်ထက်မှာလည်း နဝတ၊ နအဖဘွဲ့တွေ၊ တံဆိပ်တွေ စီမံပေးအပ်ပြန်ပါတယ်။ စီနီယာကြီးနှစ်ယောက်နောက်ကနေ အာဏာသိမ်းတာ၊ လူသတ်တာကစပြီး ဆင်ဖြူရှာတာ၊ ပတ္တမြားရှာတာ၊ ဘုရားတည်၊ ကျောင်းဆောက်၊ “အောင်ပြီ၊ အောင်ပြီ” အော်တာ အလယ်၊ ဆိုကရေးတီးပြိုင်ပွဲကျင်းပတာအဆုံး ပုံတူကူးချတဲ့ အာဏာရှင်ဂျူနီယာလက်တောက်လောက်ဖြစ်တဲ့ မြန်မာ့သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီး မအလဟာဆိုရင် သူ့ဆရာ့ဆရာတို့ရဲ့ နောက်ထပ်ခြေရာတစ်ခုဖြစ်တဲ့ ဘွဲ့တံဆိပ်ပေး အပ်ခြင်း အစီအစဉ်ကိုလည်း ဖန်တီးဖော်ဆောင်လာခဲ့ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက် သွားလေရာ၊ ထိုင်လေရာ၊ စားလေရာ၊ အိပ်လေရာမှာ ကျည်ကာအင်္ကျီကြီး မချွတ်စတမ်း တကားကားဝတ်ဆင်ထားတတ်တဲ့

အာဏာရှင်စီနီယာကြီးနေဝင်းလက်ထက်တုန်းက အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရ၊ ရဲသီဟ၊ ရဲသူရ၊ ရဲဗလ စတဲ့ ဘွဲ့တွေ၊ တံဆိပ်တွေကို စီမံပေးအပ်ခဲ့ပါတယ်။

အဲဒီကနေ အာဏာရှင်စီနီယာနောက်တစ်ယောက်ဖြစ်တဲ့ သန်းရွှေလက်ထက်မှာလည်း နဝတ၊ နအဖဘွဲ့တွေ၊ တံဆိပ်တွေ စီမံပေးအပ်ပြန်ပါတယ်။

စီနီယာကြီးနှစ်ယောက်နောက်ကနေ အာဏာသိမ်းတာ၊ လူသတ်တာကစပြီး ဆင်ဖြူရှာတာ၊ ပတ္တမြားရှာတာ၊ ဘုရားတည်၊ ကျောင်းဆောက်၊ “အောင်ပြီ၊ အောင်ပြီ” အော်တာ အလယ်၊ ဆိုကရေးတီးပြိုင်ပွဲကျင်းပတာအဆုံး ပုံတူကူးချတဲ့ အာဏာရှင်ဂျူနီယာလက်တောက်လောက်ဖြစ်တဲ့ မြန်မာ့သတ်မတော်ကာကွယ်ရေးဦးစီးချုပ် (သတ်ချုပ်) ဗိုလ်ချုပ်မှူးကြီး မအလဟာဆိုရင် သူ့ဆရာ့ဆရာတို့ရဲ့ နောက်ထပ်ခြေရာတစ်ခုဖြစ်တဲ့ ဘွဲ့တံဆိပ်ပေး အပ်ခြင်း အစီအစဉ်ကိုလည်း ဖန်တီးဖော်ဆောင်လာခဲ့ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် သွားလေရာ၊ ထိုင်လေရာ၊ စားလေရာ၊ အိပ်လေရာမှာ ကျည်ကာအင်္ကျီကြီး မချွတ်စတမ်း တကားကားဝတ်ဆင်ထားတတ်တဲ့ အနှီသတ်ချုပ်မအလဟာ သူ့ရဲ့ လက်သုံးစကားဖြစ်တဲ့ ‘မလုပ်ရဲတာ ဘာမှ မရှိဘူး’ ဆိုတဲ့စကားအတိုင်း ရဲရဲဖမ်း၊ ရဲရဲသတ်၊ ရဲရဲရှို့၊ ရဲရဲကျင့် ဆိုတဲ့မူကို ပြည့်ဝစွာကျင့်သုံး ဖော်ဆောင်နိုင်တဲ့ သူ့လက်အောက်ခံ သတ်မတော်သားတို့အပေါ် ဘွဲ့တံဆိပ်တစ်ခုကို အထူးစီမံချီးမြှင့်ပေးအပ်တာပဲဖြစ်ပါတယ်။

ဘွဲ့တံဆိပ်ရဲ့ အမည်နာမက ‘မအလ’ ဖြစ်ပြီး အဲဒီဘွဲ့တံဆိပ်ကို ရရှိပိုင်ဆိုင်ဖို့ဆိုရင် အပြစ်မဲ့ပြည်သူတို့အပေါ် မငဲ့ မညှာ၊ မစာမနာ၊ ကြင်နာစိတ်ကင်းစွာနဲ့ ရဲရဲတင်းတင်းဖမ်းရဲ၊ ရဲရဲတင်းတင်းသတ်ရဲ၊ ဖြတ်ရဲဖို့ လိုပါတယ်။ ပြည်သူပိုင် အိုးအိမ်တွေကို မငဲ့မညှာ၊ မစာမနာ၊ ကြင်နာစိတ်ကင်းစွာနဲ့ ရဲရဲတင်းတင်းမီးရှို့ရဲဖို့ လိုပါတယ်။ အမျိုးသမီးကြီးငယ် မဟူတို့အပေါ် မငဲ့မညှာ၊ မစာမနာ၊ ကြင်နာစိတ်ကင်းစွာနဲ့ ရဲရဲတင်းတင်းမုဒိန်းကျင့်ရဲဖို့ လိုပါတယ်။

အနှစ်ချုပ်ရရင်တော့ သတ်ချုပ်မအလအပါအဝင် သတ်မတော်ရဲ့ အထက်အရာရှိပုဂ္ဂိုလ်များရဲ့ ကိုယ်ကျိုးစီးပွားကို ထိခိုက်စေမယ့်ဘယ်သို့သောလုပ်ရပ်ကိုမဆို ဖော်ဆောင်လာမယ့် မည်သည့်လူပုဂ္ဂိုလ်မဆိုတို့အပေါ် မငဲ့မညှာ၊ မစာ မနာ၊ ကြင်နာစိတ်ကင်းစွာ ယုတ်မာရက်စက်မှုနည်းမျိုးစုံသုံးပြီး ချေမှုန်းရဲတဲ့ ယုတ်ရည်သတ္တိ (စွမ်းရည်သတ္တိ မဟုတ်) ရှိဖို့ပဲ ဖြစ်ပါတယ်။

သတ်ချုပ်မအလအောက်ဆွဲ သတ်မတော်သားတိုင်းဟာ ဒီလိုသတ်ရဲ၊ ဖြတ်ရဲ၊ ယုတ်မာရဲတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံမယ်ဆိုရင်တော့ အနှီ ‘မအလဘွဲ့’ ကို ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီတော့ ဒီ ‘မအလဘွဲ့’ ကို ရရှိပိုင်ဆိုင် ထိုက်သူ ရှားမလား၊ မရှားဘူးလားလို့ မေးခဲ့မယ်ဆိုရင် ပြည်သူသန်း ၅၀ ဘက်က တညီတညွတ်တည်း ဖြေဆိုလာ မယ့်အဖြေက “မရှားဘူး” ဆိုတဲ့ အဖြေပဲဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းကတော့ ၂၀၂၁ ခုနှစ် မအလ အာဏာသိမ်း ပြီးချိန်ကစလို့ သူတို့ဟာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို လူသိရှင်ကြား၊ တိုင်းသိ၊ ပြည်သိရုံတင်မက ကမ္ဘာသိ အောင်အထိ ထုတ်ဖော်ပြသခဲ့ကြပြီးဖြစ်လို့ပါ။

ဘယ်လိုလူတွေက အနှီ ‘မအလဘွဲ့’ကို လက်ခံရရှိခဲ့ကြပါသလဲ။ ဘယ်လိုစွမ်းဆောင်ရည်တွေကြောင့် ရရှိခဲ့ကြပါ သလဲဆိုတာကို ဆက်လက်ရှုစားကြည့်ရအောင်ပါ။

သတ်ချုပ်မအလ အာဏာရူးပြီး အာဏာသိမ်းခဲ့ချိန် ၂၀၂၁ ခုနှစ်ကနေစပြီး ဒီကနေ့ကာလ နှစ်နှစ်နီးပါးရှိလာချိန်မှာ ဖမ်းဆီးနှိပ်စက်ညှင်းပန်းခံရတဲ့ အပြစ်မဲ့ပြည်သူ ၁၆၀၀၀ ကျော်ရှိပါပြီ။ ဒီလို အပြစ်မဲ့ပြည်သူ ၁၆၀၀၀ ကျော်ကို ဖမ်းဆီးညှင်းပန်းခဲ့ကြတဲ့ အနှီသတ်မတော်သားတွေဟာ သတ်ချုပ်မအလရဲ့ ရဲရဲဖမ်းဆိုတဲ့မူနဲ့ ညီပြီး ယုတ်ရည် သတ္တိနဲ့ ပြည့်စုံတာမို့ ‘မအလဘွဲ့’ ကို လက်ခံရရှိသွားကြပါတယ်။

သတ်ချုပ်မအလ အာဏာရူးပြီး အာဏာသိမ်းခဲ့ချိန် ၂၀၂၁ ခုနှစ်ကနေစပြီး ဒီကနေ့ကာလ နှစ်နှစ်နီးပါးရှိလာချိန်မှာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံရတဲ့ အပြစ်မဲ့ပြည်သူ ၂၄၀၀ ကျော်ရှိခဲ့ပါပြီ။ အဲဒီထဲမှာ သေနတ်နဲ့ ခေါင်းကို တည်ပစ်ခံရသူ၊ လက်နက်ပေါင်းစုံနဲ့သတ်ဖြတ်ခံရသူ၊ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသူ၊ မုဒိန်းကျင့် သတ်ဖြတ်ခြင်းခံရသူ၊ လေယာဉ်ပေါ်ကနေ ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခံရသူ၊ တရားမဲ့ ကြိုးပေးသတ်ဖြတ် ခံရသူတွေ ပါဝင်ပါတယ်။ ကလေးပေါက်စကနေ အိုမင်းမစွမ်းတော့တဲ့ သက်ကြီးရွယ်အိုအထိ အရွယ်စုံကို သတ်ဖြတ်ခဲ့ကြတာပါ။ ဒီလို အပြစ်မဲ့ပြည်သူ နှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ကြတဲ့ အနှီသတ်မတော်သားတွေဟာ သတ်ချုပ်မအလရဲ့ ရဲရဲသတ်ဆိုတဲ့ မူနဲ့ညီပြီး ယုတ်ရည်သတ္တိနဲ့ပြည့်စုံတာမို့ ‘မအလဘွဲ့’ ကို လက်ခံရရှိသွားကြ ပါတယ်။

သတ်ချုပ်မအလ အာဏာရူးပြီး အာဏာသိမ်းခဲ့ချိန် ၂၀၂၁ ခုနှစ်ကနေစပြီး ဒီကနေ့ကာလ နှစ်နှစ်နီးပါးရှိလာချိန်မှာ ပြည်သူတို့ရဲ့နေအိမ်အလုံးပေါင်း ၂၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ ဒီလို အပြစ်မဲ့ပြည်သူတို့ရဲ့ နေအိမ် သုံးသောင်းနီးပါးကို မီးရှို့ခဲ့ကြတဲ့ အနှီသတ်မတော်သားတွေဟာ သတ်ချုပ်မအလရဲ့ ရဲရဲရှို့ဆိုတဲ့မူနဲ့ညီပြီး ယုတ်ရည်သတ္တိနဲ့ပြည့်စုံတာမို့ ‘မအလဘွဲ့’ ကို လက်ခံရရှိသွားကြပါတယ်။

ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်။ ဖြတ်လေးဖြတ်ကို ဖော်ဆောင်ခဲ့ကြတဲ့ သတ်မတော်သား၊ အစားဆင်းရဲ၊ အနေဆင်းရဲကြတဲ့ စစ်ဘေးရှောင် သန်းနဲ့ချီပေါ်ထွက်လာအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ သတ်မတော်သား၊ ကျူးကျော်လို့ ခေါင်းစဉ်တပ် အဓမ္မဖြိုချဖျက်ဆီးကာ တပ်ပိုင်မြေအဖြစ် စာရင်းသွင်းရာမှာ ပါဝင်ဆောင်ရွက်ခဲ့ ကြတဲ့ သတ်မတော်သားတို့ဟာလည်း သတ်ချုပ်မအလသတ်မှတ်ထားတဲ့ ယုတ်ရည်သတ္တိတွေနဲ့ ပြည့်စုံတာမို့ ‘မအလဘွဲ့’ ကို ရရှိကြဦးမှာဖြစ်ပါတယ်။

အခုတော့ မအလရဲ့ ‘မအလဘွဲ့တံဆိပ်’ ပေးအပ်ပွဲအခမ်းအနားကြီးကို နေပြည်တော်ရှိ သတ်မတော်စစ်ရေးပြ ကွင်းကြီးထဲမှာ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပနေပါပြီ။

အဲဒီအခမ်းအနားမှာ ဘွဲ့တံဆိပ်တက်ရောက်ယူမယ့်သူတွေထဲ အနှီသတ်ချုပ်မအလက ရှေ့ဆုံးက ပါဝင်နေရာယူ ထားတာကိုလည်း တွေ့ရပါတယ်။ အနှီမအလနောက်မှာ ဘွဲ့တံဆိပ်လက်ခံယူဖို့ တန်းစီနေကြသူတွေကတော့ ဒုသတ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများက တစ်သုတ်၊ ဒုတိယဗိုလ်ချုပ်ကြီးများက တစ်ဖွဲ့၊ ဇော်မဲလုံးဦးဆောင်တဲ့ ဗိုလ်ချုပ်များက တစ်လီနဲ့ အဆင့်ဆင့် စီနီယာအလိုက် တန်းစီလာလိုက်တာ ကွင်းလုံးပြည့်လို့ လျှံတောင်ထွက် နေပါသေးတော့တယ်။

ဟော … ဟိုးမှာ ဆဲလဖီဆွဲနေကြတဲ့ အစုအဖွဲ့ကတော့ ဟိုတလောကမှ နာမည်ကြီးလာခဲ့တဲ့အဖွဲ့ပါ။ သူတို့ဟာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာရှိတဲ့ စာသင်ကျောင်းထဲက ခဲတံကိုင်ကလေးငယ်ပေါင်းများစွာအပေါ် လေယာဉ်တွေနဲ့ အဆက်မပြတ် ပျံသန်းတိုက်ခိုက်ရင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသူတွေနဲ့ လေပေါ်က ပစ်ရတာ အားမရလို့ မြေပြင်အထိပါ ဆင်းသက်ပြီး သေနတ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သူများ ဖြစ်ပါတယ်။ ခဲတံကိုင် ကလေးငယ်လေးတွေကို နာရီနဲ့ချီကြာအောင် ဗုံးတွေကျဲ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ ကြတဲ့ အံ့မခန်းစွမ်းဆောင်ရှင်ကြီးများပဲဖြစ်ပါတယ်။

ဟော …ဟိုမှာ မြင်နေရတဲ့ ခါးထောက်မာန်ကြွပြနေကြတဲ့ အစုအဖွဲ့ကတော့ ယက္ခဆိုတဲ့ အမည်ဝှက်ပိုင်ရှင်များပါပဲ။ ကချင်ပြည်နယ် ဖားကန့် အနန့်ပါကျေးရွာမှာ ဂီတဖျော်ဖြေပွဲလုပ်နေတဲ့ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံး စေတဲ့အထိ ညပိုင်းအချိန် အလစ်အငိုက်မှာမှ ရဲရဲတောက်ဝင်ရောက်တိုက်ခိုက်ရဲကြတဲ့ အာဂသတ္တိအထူးရှိသူများ ဖြစ်ပါတယ်။

ဟော …. ဟိုးကွင်းပြင်အလယ်လောက်မှာ မီးတုတ်ကြီးတွေ ဝှေ့ကာရမ်းကာ လှုပ်လှုပ်ရွရွရှိနေကြတဲ့ အစုအဖွဲ့ကို တွေ့ကြပါသလား။ သူတို့ကတော့ ပြည်သူ့အိုးအိမ်တွေကို ပြာပုံအတိပြီးအောင် မီးပြင်းတိုက် မီးလောင်တိုက်သွင်း မီးလိုက်ရှို့နေကြတဲ့ စွမ်းဆောင်ရည် ပိုင်ရှင်များပဲဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ကြတဲ့အခါ အိမ်ထဲမှာရှိတဲ့ ရွှေ၊ ငွေ၊ ကျောက်၊ သံစတဲ့ တန်းဖိုးရှိလက်ဝတ်ရတနာပစ္စည်းတွေကို အရင်ရှာ၊ ကျောမှာပိုးထားတဲ့ ခြင်းကြားထဲကိုထည့် အဖိုးတန်ပစ္စည်းတွေ မရှိတော့ဘူးဆိုမှ မီးတင်ရှို့ကြတဲ့ ယုတ်ရည်သတ္တိအထူးရှိ သူများဖြစ် ပါတယ်။ သူတို့နဲ့ သူတို့မိန်းမများထံမှာ ဝတ်ဆင်ထားကြတာ အဲဒီ့ကရတဲ့ ရတနာများပါပဲ။ စိန်နားကပ်အရောင်နဲ့ ပါးပြောင်ကြသူများပေါ့။

သူတို့ အဲဒီ့လို မီးတင်ရှို့တဲ့အထဲ အကြောင်းအမျိုးမျိုးပြ စွပ်စွဲ သတ်ဖြတ်ခံလိုက်ရတဲ့ အပြစ်မဲ့ပြည်သူတို့ရဲ့ ရုပ်အလောင်းတွေပါသလို အရှင်လတ်လတ်မီးရှို့သတ်ခံရတဲ့ အပြစ်မဲ့ပြည်သူများစွာလည်း ပါဝင်ပါတယ်။ ဝမ်းရေး အတွက် နဖူးကချွေး ခြေမကျသည်အထိ ထွန်ယက်စိုက်ပျိုးထားခဲ့ရတဲ့ စပါးများ၊ ဆန်များ၊ ဟင်းသီးဟင်းရွက်များနဲ့ စားနပ်ရိက္ခာများလည်း အပါအဝင်ပါ။

မအလနဲ့တကွ သူရဲ့အောက်ဆွဲတပည့်တပန်းများရဲ့ ယုတ်ရည်သတ္တိကို ချီးမွမ်းခန်းဖွင့်ရရင်တော့ ဝတ္တုစာအုပ် တစ်အုပ်နဲ့တောင် လုံလောက်မယ်မထင်ပါဘူး။ တရုတ်သိုင်းဝတ္တုတွေလို အတွဲလိုက်ဖော်ပြသွားရဖို့ ရှိပါတယ်။ အခုတော့ ‘မအလဘွဲ့’ ချီးမြှင့်ပွဲအခမ်းအနားကြီးမှာ တက်ရောက်လာသူတို့အတွက် စီမံခင်းကျင်းထားမှုတွေကို တင်ဆက်ပေးချင်ပါတယ်။

ဒီလိုကွင်းလုံးပြည့်လျှံနေတဲ့ ‘မအလဘွဲ့’ ရှင်များထဲမှာ သတ်ချုပ်ကနေစပြီး သတ်မတော်ထိပ်ပိုင်း ခေါင်းဆောင်ကြီး များအတွက်ခင်းကျင်းထားတာက ငွေသိန်းသန်းချီ အကုန်အကျခံထားတဲ့ အဖိုးတန်အဆင်တန်ဆာတွေနဲ့ ဆင်ယင် မွမ်းမံထားတဲ့ ကော်ဇော၊ ထိုင်ခုံ၊ စားပွဲ အခင်းအကျင်းတွေဖြစ်ပြီး စားသောက်ဖွယ်အသုံးအဆောင်ထဲမှာဆိုရင် လည်း သိန်းရာချီ၊ ဆယ်ချီတန်တဲ့ ယမကာတွေ၊ အသားစုံ၊ သစ်သီးစုံတွေ အလျှံပယ်တည်ခင်းထားတာကို တွေ့ကြ ရပါတယ်။

အနှီသတ်ချုပ်နဲ့တကွ သတ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီးများဟာ အနှီတည်ခင်းထားတဲ့ စားဖွယ်စုံစုံ၊ သောက် ဖွယ်စုံစုံကို စားလျက်၊ သောက်လျက် တချို့က တီးတိုးစကားဆို၊ တချို့က ဟက်ဟက်ပက်ပက်ရယ်မောကာ စကား ဖောင်ဖွဲ့နေကြသပေါ့။ သူတို့တစ်ဦးချင်းစီရဲ့ ဘေးကိုယ်စီမှာလည်း စားဖွယ်၊ သောက်ဖွယ်တွေကို အလျင်မီတည် ခင်းပေးဖို့ အောက်ခြေသတ်မတော်သားတို့ရဲ့ ဇနီး၊ သားသမီးတို့က အသင့်အနေအထားနဲ့ ရှိနေပေးကြရပါတယ်။ တချို့ဆို နှိပ်နယ်ပေးနေတာမျိုးတွေတောင် တွေ့ရပြီး တချို့ကတော့ စားဖိုဆောင်ထဲမှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ကျော်လှော်နေကြပါတယ်။

အဲဒီသတ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီးများရဲ့အောက်ဇော်မဲလုံးတို့အဆင့်ဖြစ်တဲ့ ဗိုလ်ချုပ်တွေကနေ တဖြည်း ဖြည်းအဆင့်အလိုက်၊ အလွှာအလိုက် တစ်ဆင့်လျှော့၊ တစ်ဆင့်ချနဲ့ ခင်းကျင်းလာခဲ့လိုက်တာ ‘ရဲရဲတိုက်’ ၊ ‘ရဲရဲသတ်’ ၊ ‘ရဲရဲရှို့’ ဆိုတိုင်း ရှေ့ဆုံးကပါဝင်ခဲ့ရတဲ့ အောက်ခြေ တစ်ဆင့်ချိုင့် ဟန်းကော သတ်မတော်သားများအဆင့်မှာတော့ ဘာအခင်း၊ ဘာအဆောင်အယောင်၊ ဘာစားပွဲ၊ ဘာထိုင်ခုံမှမပါ ဗလာကျင်းမြေကြီးပေါ်မှာပဲ အာကာထွန်း ဘောင်းဘီတွေနဲ့သာ အထိုင်ချနေရာယူစေတာကို တွေ့ရပါတယ်။

အစားအသောက်ဆိုရင်လည်း သတ်မတော်ထုတ် မြန်မာဘီယာ မဆိုထားနဲ့ ဒဂုံဘီယာနဲ့ အက်ဒမန်ဂိုးအဆင့် ဘီယာ တောင် ပေးမသောက်၊ ကန်စွန်းရွက် ရေလုံပြုတ်တောင် တည်ခင်းပေးမထားပါဘူး။ သတ်ချုပ်ကြီးက ပြောထား တယ်လေ အရာရာချွေတာရမယ်တဲ့။ ဒီတော့လည်း ခေါင်းဆောင်စကား နားထောင်ကြပေါ့။ နေပူစပ်ခါးမှာ ရေသန့် ဘူးသေး တစ်ဘူးစီလောက်နဲ့ ကျေနပ်ကြစေပေါ့။ သူတို့ ကိုယ်စီရဲ့ ကျောပေါ်မှာလည်း ခြင်းကြားကြီးတွေကို အသင့် အနေအထား လွယ်ပိုးထားလျက်ပေါ့။ မလွယ်ထားလို့လည်း မရဘူးလေ။ ‘ရဲရဲတိုက်’၊ ‘ရဲရဲသတ်’၊ ‘ရဲရဲရှို့’ ကြဆိုတဲ့ အမိန့်သံကြားရင် ချက်ချင်းထပြေးကြရမှာကိုး။

ဒီလိုနဲ့ သတ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီးတို့ စားလိုက်သောက်လိုက်၊ ပြောလိုက်ဆိုလိုက်၊ ကလိုက်ခုန်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ စီရင်ကျင်းပခဲ့တဲ့ ‘မအလဘွဲ့’ပေးအပ်ခြင်းအခမ်းအနားကြီးဟာ ပြီးဆုံးသွားခဲ့ပါပြီ။

သတ်ချုပ်မအလနဲ့တကွ သတ်မတော်ထိပ်ပိုင်းခေါင်းဆောင်ကြီးများဟာဆိုရင် သိန်းထောင်သောင်းချီတန်တဲ့ ကျည် မပေါက်၊ မိုင်းဒဏ်ခံ ကိုယ်ပိုင်ကားကိုယ်စီ စီးလို့ အိမ်ပြန်သွားခဲ့ကြပါပြီ။ ‘ရဲရဲတိုက်’၊ ‘ရဲရဲသတ်’၊ ‘ရဲရဲရှို့’ ကြတဲ့အခါ ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံပါဝင်ကြရတဲ့ အောက်ခြေက သတ်မတော်သားတို့မှာတော့ အာကာထွန်းဘောင်းဘီ မျှော့ကြိုးကို အပေါ်ပင့်တင်နေရာချ၊ ခြင်းကြားကြီးတွေ ကျောမှာလွယ်ပိုး၊ အဆာပြေစားဖို့ ငှက်ပျောအူတွေ ထည့် ယူလာတဲ့ ဟန်းကောချိုင့်ကို လက်ကဆွဲ၊ ‘မအလဘွဲ့’ဆုတံဆိပ်ပြားကို လည်မှာချိတ်လို့ မိမိတို့ကို တာဝန်ချ ထားပေးရာ ရှေ့တန်းစခန်းတွေ၊ ဘန်ကာတွေ၊ ကင်းပုန်းဝပ်ရာနေရာတွေဆီ ကိုယ့်ခြေထောက်ကိုယ် အားပြုလို့ တအိအိ ရွေ့လျားသွားနေကြပါပြီ။

သူတို့အခုလို ကိုယ့်ခြေထောက်ကိုယ်အားပြု လျှောက်လှမ်း ချီတက်သွားနေချိန်မှာပဲ သူတို့နောက်ဘက် ဆုပေး မဏ္ဍပ်ဆီကနေ သီချင်းသံတစ်ခု လွင့်ပျံလာပါတယ်။

“သတ်မတော်ကြီးလည်း ချီလာပါပြီ။ အမှောင် … သတ်မတော်ကြီးလည်း ချီလာပါပြီ”

‘ရဲရဲတိုက်’၊ ‘ရဲရဲသတ်’၊ ‘ရဲရဲရှို့’ သတ်မတော်ကြီးကတော့ ဆုပေးမဏ္ဍပ်နဲ့ဝေးရာဆီ တအိအိလျှောက်သွားရင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားကြပါပြီ။

အကယ်၍များ ကံကောင်းထောက်မစွာနဲ့ PDF ၊ တိုင်းရင်းသားတပ်တို့ရဲ့ လက်ချက်မမိခဲ့ဘူးဆိုရင်တော့ အနှီ ခြေလျင်လျှောက်၊ မြက်ခြောက်စား သားတပည့်သတ်မတော်သားအပေါင်းတို့ဟာ အဲယားကွန်းခန်းထဲက အဘ၊ ဇိမ်ခံကားပေါ်က အဘတို့နဲ့ ပြန်ဆုံကြဦးမှာပေါ့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

How China Interferes in Myanmar’s Internal Affairs

Linn Maung Armed civil strife has been pervasive in Myanmar since it
ဆောင်းပါး

မြန်မာနိုင်ငံအတွင်းက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ

လင်းမောင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ တရုတ်အဆင့်အမြင့်ဆုံး သံတမန် ချင်းဂန်း (နိုင်ငံခြားရေးဝန်ကြီး) ရောက်လာတော့ မြန်မာနိုင်ငံတစ်ဝန်း မကျေမနပ်ဆန္ဒပြမှုတွေ ဖြစ်တည်လာခဲ့တယ်။
Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
ဆောင်းပါး

Anti-China Protests in Myanmar

Linn Maung The first visit by a senior member of the Chinese government after the coup, Qin Gang's, was met
ဆောင်းပါး

ဒုစရိုက်မြို့တော် ရွှေကုက္ကိုလ်က နိစ္စဓူဝဘ၀များ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။
ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western bank of the Moei River [ tributary of
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar that has advanced since the coup.
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။