ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်တဲ့၊ ကာဘွန်ပါဝင်မှုနည်းတဲ့ စီမံကိန်းတွေအတွက် ထောက်ပံ့မှုတွေ တိုးမြှင့်သွားမှာဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှုကိုစစ်ဆေးဖို့ ကမ္ဘာတဝန်းမှာ ကျောက်မီးသွေးအခြေပြုစီမံကိန်းတွေ တည်ဆောက်တာ၊ ငွေကြေးထောက်ပံ့တာတွေ ရပ်သွားမယ်လို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာမှာ ရှီကျင့်ပင်က ကုလသမဂ္ဂကို သတင်းစကားပါးခဲ့ပါတယ်။
ပြည်တွင်းစီမံကိန်းအများအပြားကို လျှော့ချလိုက်ခြင်းအားဖြင့် ဒီအပြောအတွက် လုပ်ရပ်နဲ့သက်သေပြထားတယ်လို့လည်း တရုတ်ဘက်ကပြောပါတယ်။ ဒါပေမဲ့ ခေတ်သစ်ပိုးလမ်းမကြီးနဲ့ ရေကြောင်းကမ္ဘာပတ်လမ်း(BRI)စီမံကိန်းတွေအတွက် လိုအပ်တဲ့ တခြားရွေးချယ်စရာမရှိတဲ့ ကျောက်မီးသွေးအခြေပြု ဓာတ်အားပေးစက်ရုံတွေ အများအပြားရှိနေတုန်းပါ။ ဒီတော့ တရုတ်ရဲ့ မဟာဗျူဟာက ပြည်ပကထက် ပြည်တွင်းကကာဘွန်ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ပါ။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းက တရုတ်တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ တီကျစ်ဓာတ်အားပေးစက်ဟာဆိုရင်လည်း ဒေသခံတွေကို ထိခိုက်နစ်နာစေတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။
အလားတူပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ဦးစားပေးလုပ်ငန်းလို့ တရုတ်ဘက်က အခိုင်အမာပြောပေမဲ့ မြေပြင်အရှိတရားကတော့ ကွဲလွဲနေပါတယ်။ ဂန္တဝင်ဖြစ်ရပ်တခုအနေနဲ့ ဂေဟဗေဒနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေရှိနေပေမဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ 136MW ထုတ်လွှတ်ပေးနိုင်တဲ့ သဘာဝဓာတ်ငွေ့အခြေပြုပေါင်းစပ်ဓာတ်အားပေးစက်ရုံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုစစ်ဆေးအကဲဖြတ်အစီရင်ခံစာ(EIA)ကိုလည်း စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့အတွက် လိမ်လည်လှည့်ဖြားခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်္ကြန်(CMEC)မှာ အရေးအကြီးဆုံး စီမံချက်ဖြစ်တဲ့ ကျောက်ဖြူပင်လယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို လျှပ်စစ်ဓာတ်အားပေးနိုင်မယ့်အတွက် အဲဒီစီမံကိန်းဟာ တရုတ်တွေအတွက် သေရေးရှင်ရေးအရေးကြီးပါတယ်။
ကမ္ဘာ့စွမ်းအင်အရွှေ့နဲ့ ကာဘွန်လျော့နည်းစေရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို အရေးတကြီးလူသိများအောင်လုပ်နေပြီး ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေကို အများအပြားအာရုံစိုက်နေတယ်လို့ တရုတ်နိုင်ငံဘက်က ပြောနေပေမဲ့ အချက်အလက်အားဖြင့်တော့ မမှန်ကန်ပါဘူး။ အခုတော့ တရုတ်နိုင်ငံက မဟာဗျူဟာ ပြောင်းလဲလိုက်ပါတယ်။ နိုင်ငံပြင်ပမှာ ပြည့်ဖြိုးမြဲစွမ်းအင်တွေသိမ်းယူဖို့ အခုတော့ အာရုံစိုက်နေပါတယ်။ ဒါတွေဟာ တမံတွေဆောက်တာနဲ့ မျိုးစပ်ယာဉ်တွေ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ မြေရှားသတ္တုတွေတူးဖော်တာကနေ ထပ်ပြီး ချဲ့ထွင်နေတာပါ။ ဘာလို့ တရုတ်နိုင်ငံက ကိုယ့်နိုင်ငံမှာ မြေရှားသတ္တုတွေ မတူးဖော်ဘဲနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တို့က ရင်းမြစ်တွေကို ပျက်စီးစေနေတာလဲဆိုတဲ့ ရှင်းလင်းတဲ့အကြောင်းပြချက်ကတော့ မြေရှားသတ္တုတွေတူးဖော်ရင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးမှုတွေ ဖြစ်စေလို့ပါပဲ။ မြေရှားသတ္တုနယ်မြေ ကွမ်ကျိုးပြည်နယ်က ကွမ်ရှီမြို့ကို မြန်မာနိုင်ငံကတူးဖော်ထားတဲ့ မြေရှားသတ္တုတွေ တရားမဝင်ရောက်ရှိပြီး နိုင်ငံခြားကို ထပ်ပို့ပါတယ်။ သူတို့နိုင်ငံရဲ့အကျိုးစီးပွားကိုပဲ တရုတ်နိုင်ငံကို စိုးရိမ်ပူပန်ပြီး နိုင်ငံခြားမှာအပျက်အစီးတွေဖြစ်စေတဲ့မူဝါဒကတော့ မပြောင်းလဲသေးပါဘူး။
Green BRI Centre at International Institute of Finance ရဲ့အပြောအရ တရုတ်နိုင်ငံဟာ BRI စွမ်းအင်ကဏ္ဍရဲ့ရုပ်ကြွင်းလောင်စာစီမံကိန်းတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ ကုန်ဆုံးသွားပြီး အခုတော့ ရင်းနှီးမြှုပ်နှံမှု ၅၈ ရာခိုင်နှုန်းဟာ ရေအား၊ နေရောင်ခြည်၊ လေနဲ့ ဇီဝလောင်စာတွေလိုမျိုး ပြည့်ဖြိုးမြဲစွမ်းအင်တွေအတွက် အသုံးပြုနေတယ်လို့ ပုံဖော်နေပေမဲ့ လိမ်လည်နေတာပါပဲ။ တကယ်လို့ နိုင်ငံပြင်ပစီမံကိန်းတွေကို တကယ်သာလျှော့ချခဲ့မယ်ဆိုရင် တရုတ်ဘက်က တဖက်သတ် လုပ်ငန်းဖျက်သိမ်းခဲ့တာဖြစ်လာမယ်ဆိုရင် စာချုပ်ဖျက်သိမ်းလို့ လျော်ကြေးပေးရမယ့်အချိန်စေ့နေပါပြီ။ တရုတ်ဘက်က ဒါကို ရှင်းလင်းဖို့လိုပါလိမ့်မယ်။ ဘဏ္ဍာရေးအခြေအနေ ပိတ်သိမ်းမှု မစတင်သေးတဲ့လုပ်ငန်းတွေနဲ့ ကနဦး ဆောက်လုပ်ရေးလုပ်ငန်းစတင်နေတဲ့ စီမံကိန်းတွေကိုသာ လျှော့ချလိုက်တာဖြစ်ပြီး ကျန်တဲ့စီမံကိန်းတွေကတော့ ဆက်လုပ်နေတုန်းပါ။
တရုတ်နိုင်ငံဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့က လူသန်းချီအတွက် ဘဝတွေအမှီသဟဲပြုနေတဲ့ တောင်အာရှကမြစ်ကြီး ၂ စင်းဖြစ်တဲ့ ဧရာဝတီနဲ့ မဲခေါင်မြစ်တွေကို တမံဆောက်ချင်နေပါတယ်။ တမံဆောက်မယ်ဆိုရင် အသက်ရှင်သန်ရေးအတွက် စိုက်ပျိုးမြေအဖြစ် အသုံးပြုတဲ့မြေတွေ ရေမြုပ်နိုင်ပါတယ်။ ဒုတိယအနေနဲ့ တရုတ်နိုင်ငံဟာ ဓာတ်အားလိုင်းတွေကို ချိတ်ဆက်ဖို့ စီစဉ်နေပြီး အကောင်အထည်ပေါ်လာမယ်ဆိုရင် သူတို့လက်ထဲမှာ ဓာတ်အားဖြန့်ဝေမှု တောင့်တင်းကျစ်လစ်လာမှာဖြစ်ပြီး ဖြန့်ချိမှုကို သူတို့ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။