ဆောင်းပါး

တရုတ်ကို မျက်နှာလုပ်ဖို့ နမ္မတူ မြစ်ပေါ်မှာ စစ်ကောင်စီက ဆည်တွေ အင်တိုက်အားတိုက် ဆောက်လုပ်နေ [In-Depth Story]

မဲခေါင် 4 Jul - 2023
သွန်းသွန်း မဲခေါင်၊ ဇူလိုင် ၄ ရှမ်းပြည် မြောက်ပိုင်းက လူဦးရေ ၅၀၀ ကျော် နေထိုင်တဲ့ ရွာလေး တစ်ရွာဟာ မကြာမီမှာ မြေပုံပေါ်က ပျောက်ကွယ်သွားပါတော့မယ်။

သွန်းသွန်း

မဲခေါင်၊ ဇူလိုင် ၄

ရှမ်းပြည် မြောက်ပိုင်းက လူဦးရေ ၅၀၀ ကျော် နေထိုင်တဲ့ ရွာလေး တစ်ရွာဟာ မကြာမီမှာ မြေပုံပေါ်က ပျောက်ကွယ်သွားပါတော့မယ်။

နမ့်ဆန်မြို့နယ်မှာ တည်ရှိတဲ့ လီလုကျေးရွာဟာ စစ်ကောင်စီက အရှိန်အဟုန်နဲ့ တည်ဆောက်နေတဲ့ နမ္မတူ ရေကာတာနဲ့ ၂ ကီလိုမီတာလောက်ပဲ ကွာတဲ့ နေရာမှာ တည်ရှိနေပြီး ဆည်တည်ဆောက်ပြီးစီးတာနဲ့ ရေလွှမ်း ဧရိယာထဲ ကျရောက်သွားမှာ ဖြစ်ပါတယ်။

မြစ်အထက်ပိုင်း ရေကာတာ တည်ဆောက်မှုကြောင့် ရေကာတာရဲ့ ရေလွှမ်း ဧရိယာဟာ ၁၄၀ ဟက်တာရှိ စိုက်ပျိုးမြေနဲ့ လီလုရှမ်းရွာ တစ်ခုလုံးကို နစ်မြုပ်သွားစေမယ်လို့ Shan State Frontline Investment Monitor အဖွဲ့က ခန့်မှန်းထားပါတယ်။

နမ္မတူ ရေကာတာကို နမ္မတူ-သီပေါ ရေအားလျှပ်စစ် စီမံကိန်းအတွက် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ပိုင် Natural Current Energy Hydropower Company (NCEH) နဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အား စီမံရေး ဦးစီးဌာနတို့အကြား ၂၀၂၂ ခုနစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုး စတင်ခဲ့တာပါ။

ဒီစီမံကိန်းဟာ မြစ်ငယ်မြစ်၊ ဒုဋ္ဌဝတီမြစ်စတဲ့ နာမည်တွေနဲ့လည်း အများသိကြတဲ့ နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်း ၅ ခုအနက် တစ်ခုသာ ဖြစ်ပါတယ်။

နမ္မတူမြစ်ပေါ်မှာ စစ်ကောင်စီက နောက်ထပ် အကောင်အထည်ဖော်နေတဲ့ အထက်ရဲရွာ စီမံကိန်းကြောင့် လီလုကျေးရွာလိုပဲ ရေအောက်မှာ ပျောက်ကွယ်သွားနိုင်တဲ့ ကျေးရွာအုပ်စု ၁၁ စု ရှိနေပါသေးတယ်။

အဆိုပါ ကျေးရွာအုပ်စုတွေထဲမှာ ပါဝင်တဲ့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးက ဘော်ကြိုကျေးရွာဟာ သမိုင်းဝင် ဘော်ကြိုဘုရားကြီး အပါအဝင် အခြား သမိုင်းဝင် အမွေအနှစ်တွေကြောင့် ကျော်ကြားတဲ့ ကျေးရွာ တစ်ခု ဖြစ်ပါတယ်။

အထက်ရဲရွာ စီမံကိန်း တည်ဆောက်ပြီးစီးပါက အဲ့ဒီ သမိုင်းအမွေအနှစ်တွေ အားလုံး ရေအောက်ကို နစ်မြုပ် ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်းကိုလည်း နမ္မတူမြစ်အား ကာကွယ်သူများ အဖွဲ့က အခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

လူဦးရေ ထောင်နဲ့ သောင်းနဲ့ချီပြီး နေထိုင်တဲ့ ကျေးရွာတွေနဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ရေအောက်ကို နှစ်မြှုပ်ပစ်တော့မယ့် နမ္မတူ မြစ်ပေါ်က ရေကာတာ စီမံကိန်းတွေ အားလုံးမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှုတွေ ရှိနေခဲ့ပါတယ်။

နမ္မတူမြစ်ပေါ်မှာ အစောဆုံး ဆောက်လုပ်ခဲ့တဲ့ ရဲရွာစီမံကိန်းဟာ တရုတ်အစိုးရပိုင် China National Heavy Machinery Corporation (CHMC) နဲ့ ယခင် စစ်အစိုးရတို့ ၂၀၀၅ ခုနှစ်က စာချုပ်ချုပ်ဆို တည်ဆောက်ခဲ့တာပါ။

အဲ့ဒီလိုပဲ ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အထက်ရဲရွာ စီမံကိန်းကို တရုတ်နိုင်ငံသားတွေ ရှယ်ယာ ပါဝင်ထားတဲ့ Natural Current Energy Hydropower ကုမ္ပဏီနဲ့ စစ်ကောင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

NCEH ကုမ္ပဏီဟာ ဝအမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော်ပိုင် ဖြစ်ပေမယ့် ဒီအထက်ရဲရွာ စီမံကိန်း အတွက် တရုတ်အစိုးရပိုင် China Exim Bank က အမေရိကန်ဒေါ်လာ ၁၀၁ သန်းကျော် ထုတ်ချေးထားတာပဲ ဖြစ်ပါတယ်။ ချေးငွေကို လက်ခံပေးထားတာကလည်း တရုတ်အစိုးရပိုင် Hydrochina Corporation ကပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ အဲဒီအချိန်က စစ်အစိုးရနဲ့ ပတ်သက်နေတဲ့ IGE group လက်အောက်ခံ IPG နဲ့ ပြင်သစ်ကုမ္ပဏီ Razel -Bec က ပူးပေါင်းလုပ်ကိုင်ကာ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတာ့ NCEH ကုမ္ပဏီက ဆက်လက်တည်ဆောက်နေပြီး အဲဒီကုမ္ပဏီ ဟာ နမ္မတူ ဆည်ကို တည်ဆောက်နေတဲ့ ကုမ္ပဏီလည်း ဖြစ်သလို အဲဒီ China Exim Bank ဟာ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတုန်းကလည်း အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကျော် ထုတ်ချေးပေးထားတဲ့ ဘဏ်လည်း ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းအတွက် နေပြည်တော်မှာ စစ်ကောင်စီနဲ့ NCEH တို့ တရားဝင် လက်မှတ်ထိုးပြီး နောက်ပိုင်း စီမံကိန်း နေရာကို ကြီးမားတဲ့ ဝန်တင်ယာဉ်တွေနဲ့အတူ မြန်မာစကား မပြောတတ်တဲ့ တရုတ်အလုပ်သမားတွေ ရာနဲ့ချီ ဝင်လာတာတွေရှိခဲ့ပြီး တရုတ် ကျောထောက်နောက်ခံ ထားတယ်လို့ ယူဆကြောင်း SSFIM ရဲ့ အခုနှစ် မေလ ၁၇ ရက်ထုတ် စာတမ်းမှာ ဖော်ပြထားပါတယ်။

တရုတ် အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ၂၀၂၂ အတွင်း ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ် အရ အထက်ရဲရွာ စီမံကိန်းကို ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မယ်လို့တောင် ကြွေးကြော်ထားခဲ့တာပါ။ ဒါပေမယ့် ယနေ့အထိတော့ အပြီးမသတ်နိုင်သေးပါဘူး။ နမ္မတူမြစ် တစ်လျှောက်က ဒေသခံတွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြဆဲပါ။

ကီလိုမီတာ ၅၃၀ ဝန်းကျင် ရှည်လျားတဲ့ နမ္မတူမြစ်ပေါ်မှာ အစောဆုံး ဆောက်လုပ်ခဲ့တဲ့ ရဲရွာ ရေကာတာ စီမံကိန်းကို ၂၀၀၅ ခုနှစ်က စတင်တည်ဆောက်ပြီး ၂၀၁၀ ခုနှစ်မှာ ဆောက်လုပ်ပြီးစီး ခဲ့ပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးမှာ ဆောက်လုပ်ခဲ့တဲ့ အဲဒီ စီမံကိန်းကြောင့် အနီးဝန်းကျင် ၅၉ စတုရန်း ကီလိုမီတာ အတွင်းက ကျေးရွာ ၃ ရွာ ရွှေ့ပြောင်းခဲ့ရပြီး နှစ်ပေါင်း ၁,၀၀၀ သက်တမ်းရှိတဲ့ သပ္ပသုခ ဓာတ်တော် စေတီ ရေအောက်ကို နစ်မြုပ်သွားခဲ့တယ်လို့ Save Namtu River အဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီ မှတ်တမ်းတွေနဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ နမ္မတူမြစ်ပေါ်မှာ လက်ရှိ ဆောက်လုပ်နေဆဲ ရေကာတာ ၂ ခုနဲ့ ထပ်မံလျာထားတဲ့ ရေကာတာတွေကို ဒေသခံတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း တွေက ကန့်ကွက်နေကြတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ ရေကာတာစီမံကိန်းက ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို လီလုကျေးရွာကို ပေးဝေမယ်လို့ ကျေးရွာအထိ လာရောက်ပြီး ဝါဒဖြန့် ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ အာဘော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့ သတင်း တစ်ပုဒ်မှာ ဖော်ပြချက်အရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးတာသိန်းဇော်က လီလုကျေးရွာကို လာရောက်ပြီး ထိခိုက်မှု အသက်သာဆုံးနဲ့ ပြန်လည် နေရာချထားရေး အတွက် ကျေးရွာ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးဖို့ လျာထားတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း စတင်စဉ်ကတော့ ရေလွှမ်း ဧရိယာအဖြစ် လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်ပြီး စီမံကိန်း ဧရိယာနဲ့ ၂၀ ကီလိုမီတာ ဝန်းကျင်ကွာဝေးတဲ့ တာလုံကျေးရွာ တစ်ခုတည်းသာ ရှိမယ်လို့ မှန်းဆခဲ့ပါတယ်။

ဒါပေမယ့် အထက်ရဲရွာ စီမံကိန်း ဆက်လက်တည်ဆောက်နေပုံအရ တာလုံကျေးရွာ တည်ရှိတဲ့ နားမခေါ်ကျေးရွာအုပ်စု အပါအဝင် ဘော်ကြို၊ မန်ဟဲ၊ ကျင်သီ၊ နမ့်အွန်၊ နမ့်လန်၊ လောဝ်ခွန်၊ ကုန်းဆော့၊ မန်မွန်း မန်ကျောင်း၊ ဟိုခဲနဲ့ ကောင်းခံ (လီ) ကျေးရွာအုပ်စုတွေပါ ရေလွှမ်းဧရိယာထဲ ပါဝင်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နယ်၊ လွယ်စောင့်ကျေးရွာအုပ်စု၊ တောင်ခြေရွာနားမှာ ဆောက်လုပ်သွားမယ့် အထက်ရဲရွာ ရေကာတာ စီမံကိန်းဟာ လျှပ်စစ်ဓာတ်အား ၂၈၀ မီဂါဝပ် ထုတ်လုပ်ဖို့ ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ်မှာ စတင် အကောင်အထည် ဖော်ခဲ့တာပါ။

မြစ်ငယ်မြစ် ခေါ် နမ္မတူမြစ် စီးဆင်းရာ ကျောက်ဆည်မြို့အနီး တည်ဆောက်ဖို့ ၂၀၁၅ မှာ MOU ရေးထိုးထားခဲ့တဲ့ ဒီးဒုတ်ရေကာတာနဲ့ နောင်ချိုမြို့အနီး တည်ဆောက်မယ့် အလယ်ရွာ ရေကာတာတို့ကိုလည်း လျာထားချက်တွေ ရှိပေမယ့် လုပ်ငန်း စတင်တာတွေတော့ မရှိသေးပါဘူး။

နမ္မတူမြစ်ဟာ မြစ်ဝှမ်း တစ်လျှောက်မှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသား တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးတို့ အတွက် အထူးအရေးပါလှပြီး တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အသက်သွေးကြော တစ်ခုလည်း ဖြစ်နေပါသေးတယ်။

ဒါကြောင့်လည်း နမ္မတူမြစ်ပေါ်မှာ ရေကာတာ စီမံကိန်းတွေ ဆက်မလုပ်ဖို့အတွက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အပါအဝင် ဒေသခံတွေနဲ့ အခြားအရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အစီရင်ခံစာ ထုတ်ပြန်တာ၊ နမ္မတူမြစ် ဘေးမှာ ဆုတောင်းပွဲ ပြုလုပ်တာ၊ အိတ်ဖွင့်ပေးစာ ပေးပို့တာတွေ ပြုလုပ်ခဲ့ပေမယ့် အစိုးရ အဆက်ဆက်မှာ လျစ်လျူရှု ခံခဲ့ရပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ်မှာ နမ္မတူ ရေကာတာ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ နန်းခမ်းအေးက နေပြည်တော် လွှတ်တော်မှာ တရားဝင် တိုင်ကြားမှု ပြုလုပ်ခဲ့ပြီး နမ္မတူရေကာတာ စီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် ရေကာတာ တည်ဆောက်ရေး အတွက် ပြင်ဆင်နေခဲ့တဲ့ NCEH အပေါ်ကို အစိုးရဘက်က ပြင်းထန်တဲ့ အရေးယူမှု တစုံတရာ မရှိလာခဲ့ပါဘူး။

စစ်ကောင်စီ လက်ထက်မှာတော့ ရေကာတာတွေ တည်ဆောက်ရေးအတွက် ပိုမိုအားထည့်လာပြီး လုံခြုံရေးတွေ တိုးမြှင့် ချထားတာတွေပါ ပြုလုပ်လာခဲ့တယ်။

ဒါဟာ ဒေသခံတွေကို လက်နက်ကိုင် ပဋိပက္ခကြားကို တွန်းပို့သလိုလည်း ဖြစ်နေပါတယ်။

လက်ရှိမှာလည်း ရေကာတာ တည်ဆောက်နေတဲ့ ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေကြား စစ်ရေးအခြေအနေ ရှုပ်ထွေးမှုတွေ ရှိတာကြောင့် ဒေသခံ တစ်ချို့ စစ်ရှောင်နေရတာမျိုးတွေ ရှိပါတယ်။

နမ္မတူမြစ် တစ်လျှောက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နယ်မြေ တပ်စခန်းတွေ ရှိနေတာ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ အထက်ရဲရွာ ရေကာတာ စီမံကိန်းကို စစ်ကောင်စီက ဆက်လုပ်နေပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှာ ပင်မတမံ ကွန်ကရစ်လောင်းဖို့နဲ့ ၂၀၂၅ ခုနှစ်၊ မတ်လမှာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ဖို့ ဆက်လုပ်မယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးသောင်းဟန်က မတ်လ ၇ ရက်မှာ ပြောခဲ့ပါတယ်။

အဲဒီ ရေကာတာ စီမံကိန်းတွေမှာ ပါဝင်တဲ့ နိုင်ငံခြား ကုမ္ပဏီ အများအပြားဟာ စစ်ကောင်စီ လက်ထက် မတိုင်ခင်ကတည်းက နုတ်ထွက်သွားကြပြီး တရုတ် ကျောထောက်နောက်ခံ ကုမ္ပဏီတွေပဲ ကျန်ခဲ့တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပြင်သစ်ကုမ္ပဏီ Engie က အင်္ဂလန်အခြေစိုက် မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK) ထံကို မိမိတို့ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Lahmeyer ဂျာမနီက အထက်ရဲရွာ ရေကာတာ ဆောက်လုပ်ရေးနဲ့ ဆက်နွယ်မှု မရှိတော့တာကြောင့် မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်သူများ စာရင်းရဲ့ အမည်ပျက် စာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံပိုင် Stucky ကုမ္ပဏီကလည်း ၂၀၂၀ ဩဂုတ် ၂၆ မှာ Business and Human Rights Resource Centre (BHRRC) အဖွဲ့ဆီကို ရေကာတာဆောက်လုပ်မှုတွင် နုတ်ထွက်ကြောင်းစာ ပေးပို့ခဲ့ပါတယ်။

ဒီလို နိုင်ငံတကာ ကုမ္ပဏီကြီး နုတ်ထွက်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီ လက်ထက်မှာတော့ တရုတ် ကျောထောက် နောက်ခံနဲ့ အရှိန်အဟုန်မြှင့် ဆောက်လုပ်ခဲ့တဲ့အတွက် အထက်ရဲရွာ စီမံကိန်းဟာ ၅၃ ရာခိုင်နှုန်းကျော်အထိ ဆောက်လုပ်ပြီးစီးနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အထူးသဖြင့် ဒီစီမံကိန်းတွေက ရတဲ့ လျှပ်စစ်ဓာတ်အားတွေဟာ တရုတ်နိုင်ငံကို ထုတ်ချေးထားတဲ့ အကြွေး မကြေမချင်း ပေးပို့မှာ ဖြစ်တယ်လို့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ ဒေသခံတွေက ပြောဆိုနေ ပေမယ့် တရုတ်နိုင်ငံ ဘက်ကရော၊ စစ်ကောင်စီကရော ဒါကို အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒါပေမယ့် ဒေသခံတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေမှုကို လျစ်လျူရှူပြီး ဒီစီမံကိန်းတွေကို ရှေ့ဆက်နေတာဟာ ငွေကြေး အကျိုးအမြတ်ထက် နိုင်ငံရေးအရ အားပြုနေရမှုတွေ ပါဝင်နေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ISP Myanmar ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ တုန့်ပြန်မှု ရက်စွဲမှတ်တမ်းတွေအရ ကလည်း တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေး အစည်းအဝေးတွေနဲ့ နိုင်ငံတကာ စာမျက်နှာမှာ စစ်ကောင်စီဘက်က အကြိမ်ကြိမ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် တရုတ်ကတော့ စစ်အစိုးရကို ကာကွယ်ပေးတာ၊ နယ်စပ်စီးပွားရေး လမ်းကြောင်းတွေကို ဖွင့်လှစ်ပေးတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်တာတွေကို ဆက်တိုက် ဖော်ဆောင်ခဲ့တာပါ။

တရုတ်နိုင်ငံဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံ တစ်ခု ဖြစ်လာပြီး စစ်ကောင်စီ လက်ထက်မှာ တရုတ်နဲ့ မြန်မာ အပြန်အလှန် ဆက်ဆံရေးမှာ အရေးပါတဲ့ အချိုးအကွေ့ မှတ်တမ်းတွေ ဖြစ်လာတယ်လို့ ISP Myanmar က ဆိုထားပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ကတော့ ကိုဗစ် ကာလအပြီးမှာ ဒေသဆိုင်ရာ တိုးတက်မှုတွေကို ဦးတည် လုပ်ဆောင် နေတာကြောင့် မြန်မာနဲ့ အာဆီယံ ၁၀ နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျတို့မှာလည်း စီမံကိန်းတွေ ဆက်လုပ်နေတာမျိုးတွေ ရှိတယ်လို့ တရုတ်အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ သူ့အတွက်က နိုင်ငံတကာမှာ သူ့ကို ရှားရှားပါးပါးထောက်ခံတာက ဒီ ၂ နိုင်ငံပဲ ရှိတာကိုး။ သူ့နိုင်ငံမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတာတွေ အသင့်အတင့်တော့ ရှိတာပေါ့နော်။ ဒါပေမယ့် သူ့အတွက် အရေးကြီးတာ တရုတ်တို့ ရုရှားတို့လို နိုင်ငံတကာက ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီဝင် ထိပ်တန်းနိုင်ငံကြီးတွေကလည်း ရှိနေတာဖြစ်တော့ အဲ့ဒီဟာအတွက် မျက်နှာလုပ်ရတာပဲ” လို့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ ဆောက်လုပ်သမျှသော လျှပ်စစ် စီမံကိန်းတွေဟာ စစ်ကောင်စီရဲ့ အကျိုးစီးပွား အတွက်ပဲ လုပ်ဆောင် နေတာဖြစ်ပြီး ရေကာတာ စီမံကိန်းတွေက ရလာမယ့် လျှပ်စစ်တွေကိုလည်း ဒေသခံတွေကို ပေးပါမယ်လို့ အာမခံနိုင်တာမျိုး မရှိဘူးလို့ Save Namtu River အဖွဲ့ဝင် တစ်ဦးကလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်အတွင်း မြစ်တွေပေါ်မှာ ဧရာမ ရေကာတာကြီး ၁၀ ခုရှိနှင့်နေရာ အဲ့ဒီ ရေကာတာတွေက ထုတ်လုပ်တဲ့ လျှပ်စစ်ဟာ မြန်မာပြည် ရေအားလျှပ်စစ် ထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော် ပမာဏ ရှိနေပါပြီ။

ဒါပေမယ့် ရှမ်းပြည်တွင်းက ဒေသအများအပြားမှာ လျှပ်စစ်မီးကို အခုထက်တိုင် မရရှိကြသေးဘူးလို့ အခုနှစ် ဧပြီလတွင်းက သျှမ်းပြည်အတွင်းရှိ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ ထဲမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာကို Global Shan Network၊ Tai Youth Yangon၊ Tai Youth Community South Korea၊ နမ္မတူမြစ်အား ကာကွယ်သူများအဖွဲ့ အစရှိတဲ့ ပြည်တွင်း ပြည်ပက ရှမ်းအရပ်ဖက် အဖွဲ့အစည်း ၁၃ ဖွဲ့က ပူးပေါင်းပေးပို့ ခဲ့တာပါ။

ဒုဋ္ဌဝတီမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း ၂ ခုကလည်း ရှမ်းပြည်သူတွေအတွက် အကျိုးမရှိတဲ့ စီမံကိန်းတွေသာ ဖြစ်တယ်လို့ ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး စတင်အကောင်အထည်ဖော်ဖို့ သဘာ ဝပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှု ဆိုင်ရာ EIA SIA စစ်တမ်းတွေ ကောက်ယူထားမှုတွေကလည်း ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် ဒေသခံ ပြည်သူတွေရဲ့ သဘောထား အမှန်မဟုတ်ဘဲ လုပ်ကြံဖန်တီးထားတာတွေလို့ သိရပါတယ်။

အထက်ရဲရွာ ရေကာတာ ဆောက်လုပ်မှုကြောင့် တာလုံကျေးရွာသားတွေ နေရာပြောင်းရွှေ့ရမယ့် ကိစ္စအတွက် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်း ကျောက်မဲမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ တာလုံကျေးရွာသားတွေ ပြောင်းရွှေ့ရမယ့် ကိစ္စကို လက်မခံကြောင်း တင်ပြခဲ့ဖူးပါတယ်။

အဲဒီအပြင် ၂၀၁၄ ခုနှစ် အတွင်းမှာပဲ ကျောက်မဲနဲ့ သီပေါ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ဖူးသလို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း တာလုံရွာသူရွာသားများ အဓမ္မနေရာ ပြောင်းရွှေ့မှု ဆန့်ကျင်တဲ့ သနားတောင်းခံစာ တင်ခဲ့ဖူးပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်မှာလည်း ကျေးရွာကို လာရောက်တဲ့ ကိုယ်စားလှယ်တွေကို တောင်းဆိုတာမျိုးတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ရှမ်းပြည်နယ်တွင်းက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့အတူ နမ္မတူမြစ် ဘေးမှာ ဆုတောင်းပွဲတွေ ပြုလုပ်တာ၊ ဆန္ဒပြတာတွေ ပြုလုပ်တာတွေ ရှိခဲ့ပါသေးတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ အရာအားလုံးကို လျစ်လျူရှုပြီး ၁၀ စုနှစ် တစ်စုကျော်ကြာ ကြန့်ကြာနေတဲ့ ဒီရေကာတာ စီမံကိန်းတွေကို တရုတ် အလိုကျ အမြန်အပြီးသတ်ဖို့ ကြိုးပမ်းနေပါတယ်။

ထိခိုက်နိုင်တဲ့ သက်ဆိုင်ရာ ဌာနေတိုင်းရင်းသား လူမျိုးတွေရဲ့ လွတ်လပ်မှု၊ ကြိုတင်အသိပေးပြီး သဘောတူညီချက် ရယူမှုနဲ့ သက်ဆိုင်ရာ လူထုရဲ့ လက်ခံကြောင်း သက်သေမပြဘဲ မည်သည့် ရေကာတာမှ မဆောက်သင့်လို့ World Commission on Dams က မူဘောင် ချမှတ်ထားပါတယ်။

ရှမ်းပြည်နယ် မြစ်ချောင်းများ ကွန်ရက်၊ ကိုစိုင်းစင် ကတော့ “နမ္မတူရေကာတာ စီမံကိန်းတင်မကဘူး ဘယ်စီမံကိန်းမဆို ဘယ်သဘာဝသယံဇာတမဆို ဘယ်အစိုးရကပဲလုပ်လုပ် ဒေသခံ လူထုရဲ့ သဘောဆန္ဒက အရေးကြီးပါတယ်။ ဖက်ဒရယ် အစိုးရ လက်ထက်မှာတောင် ဒေသခံ သဘောထား ခံယူရမှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ပြဋ္ဌာန်းချက်တွေ၊ လူထုသဘောထားတွေကို စစ်အုပ်စုဟာ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး။

“ရေကာတာ ဆောက်လုပ်မှုကတော့ ဆက်သွားနေတုန်းပါပဲရှင့်။ လက်ရှိ နိုင်ငံရေး အခြေအနေအရ ရေကာတာသာ ဆောက်လုပ်ပြီးစီးသွားရင် ရှေ့ဆက်ပြီးတော့ ဘယ်လိုရှင်သန်ရပ်တည်ရမလဲ ဆိုတာကို ဒေသခံတွေ အလွန်စိုးရိမ်နေကြပါတယ်” လို့ ရှမ်းပြည်နယ်က ပြည်သူ တစ်ဦးက ညီးတွားပါတယ်။

ပဋိပက္ခတွေကို နိုင်ငံရေးအရ မဖြေရှင်းနိုင်ခင်မှာ တိုင်းရင်းသား နယ်မြေအတွင်းက ရေအားလျှပ်စစ် အပါအဝင် သဘာဝ သယံဇာတတွေကို အစိုးရက တဖက်သတ် ရောင်းစားနေခဲ့တယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သုံးသပ်ထားပါတယ်။

နမ္မတူ ရေကာတာနဲ့ အထက်ရဲရွာ ရေကာတာတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ အဆိုပါ စီမံကိန်း တွေမှာ စစ်ကောင်စီ အစိုးရရဲ့ တာဝန်ခံမှု ကင်းမဲ့တာတွေကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အတွက် ထိခိုက်မှာကို စိုးရိမ်တယ်လို့လည်း အရပ်ဖက် အဖွဲ့အစည်းတွေက နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို သတိပေးထားပါတယ်။

ဘယ်လိုပဲ သတိပေးမှုတွေ ရှိနေ ရှိနေ၊ ကန့်ကွက်မှုတွေ ရှိနေ၊ ရှိနေ စစ်ကောင်စီဟာ ဒီစီမံကိန်း‌တွေကို နောက်ဆုတ် အလျှော့ပေးဖို့ စိတ်ကူးရှိဟန် မတူပါဘူး။

“ဘယ်နိုင်ငံကပဲ လာပြီးလုပ်လုပ် စစ်ကောင်စီ အတွက်ကတော့ နိုင်ငံခြား တိုင်းပြည်က လာပြီး ရင်းနှီးမြှုပ်နှံ ရင်တော့ သူ(စစ်ကောင်စီ)က ဝမ်းသာအားရနဲ့ လက်ခံမှာပါပဲ” လို့ ဒေါက်တာလှကျော်ဇော ကလည်း မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံ အပေါ်မှာ နိုင်ငံတကာကလည်း စီးပွားရေး ပိတ်ဆို့မှုတွေ တရစ်ပြီး တရစ်တိုးမြှင့်နေတာ ဖြစ်တဲ့ အတွက် စစ်ကောင်စီဟာ ဒီလက်ကျန် စီမံကိန်းတွေကို ဖက်တွယ်ထားဖို့လည်း ကြိုးပမ်း အားထုတ်နေမယ်လို့ လေ့လာသူတွေကတော့ ယူဆပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်တုန်းကလည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ်နိုင်ငံကို ဖက်တွယ်ပြီး နှစ်ဆယ်နဲ့ချီပြီး အာဏာတည်မြဲရေးအတွက် ကြိုးစားခဲ့ဖူးပါတယ်။

ဒေါက်တာလှကျော်ဇော က “ဗိုလ်စိုးဝင်းလည်း အာဏာသိမ်းပြီးခါစမှာ ဒီလိုပဲ ပြောတာပါပဲ။ ဘယ်နိုင်ငံကပဲ ပိတ်ဆို့ ပိတ်ဆို့ သူတို့အပေါ်မှာ မပိတ်ဆို့တဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်သွားမှာပဲ ဆိုပြီးတော့။ အဲ့တော့ သူတို့လည်း သူတို့ ရှင်သန်ဖို့အတွက် ကြိုးစားမှာပဲ” လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေတွေ အရတော့ ဒီစီမံကိန်းတွေ ရပ်တန့်ဖို့နဲ့ နမ္မတူမြစ်ရဲ့ ကံကြမ္မာဟာ စစ်အာဏာရှင် တော်လှန်ရေးရဲ့ ရလဒ်ပေါ်မှာ လုံးဝမှီတည်နေသလို ဖြစ်နေပါပြီ။

#MekongNews

#နမ့်ဆန်မြို့နယ်

#တရုတ်

#ရေကာတာ

#နမ္မတူ

#စစ်အာဏာရှင်

#ရဲရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် တိုက်ခိုက်မှု နစ်နာကြေး ဒေါ်လာ ၁ သန်း တရုတ်ထံက ဖိလစ်ပိုင် တောင်းဆို

ပြီးခဲ့တဲ့လအတွင်းက တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဖိလစ်ပိုင်ဘက်က တရုတ်ကွန်မြူနစ်ပါတီထံ နစ်နာကြေး ပီဆို သန်း ၆၀ (ဒေါ်လာ ၁
ဆောင်းပါး

Manila demands $1M from Beijing over South China Sea clash

In the wake of last month's South China Sea skirmish, the Philippines

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမေရိကန်ကို သွေးတိုးစမ်းဖို့အတွက်သာ တောင်တရုတ်ပင်လယ်မှာ ဟန်ရေးပြနေတဲ့ တရုတ်

တောင်တရုတ်ပင်လယ်အရေးတင်းမာမှုတွေဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်တိုက်ကြုံဆုံးနေခြင်းနဲ့အတူ အရှိန် အဟုန်ဆက်လက်မြင့်တက်နေပါတယ်။ အရေးပါလှတဲ့ ကုန်သွယ်ရေကြောင်းဇုန်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း တရုတ် နဲ့ ဖိလစ်ပိုင်တို့ ထိပ်တိုက်တွေ့ဆုံမှုပေါင်းကြိမ်ဖန်များစွာ ဖြည်ခဲ့တယ်။ ပထဝီနိုင်ငံရေးအခြေအနေက ဒေသတွင်း မှာ ပြိုင်ဆိုင်မှုပိုမိုကြီးထွာလာခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အွန်လိုင်းလောင်းကစားမှသည် ဆိုက်ဘာမှုခင်းတွေအထိ မြေဩဇာအကောင်းဆုံး မဟာမဲခေါင် (ဘာသာပြန်)

Online Gambling - အွန်လိုင်းလောင်းကစားဆိုတာ ဒီဘက်ခေတ်မှာတော့ ထပ်ပြီးရှင်းပြဖို့မလိုတော့အောင်ကို လူမှုကွန်ရက်တွေကနေ တောရောမြို့ပါမကျန် အကုန်ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲမှာ ဒီလို အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက်တွေအခြေစိုက်ပြီး နေရာစုံကို စျေးကွက်ထိုးဖောက် စီးပွားရှာနေမှုကြီးဟာလည်း ကြောက်စရာကောင်းလောက်တဲ့ ငွေကြေးအဆောက်အအုံကြီးဖြစ်နေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP’s South China sea moves gauge US response

"South China Sea Tensions Escalate Amidst Confrontations" delves into the escalating tensions in the South China Sea. The narrative focuses

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆိတ်သားရေနဲ့ဖုံးတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ ထုတ်ပြန်ချက်ကို မြန်မာ့အလင်း သတင်း စာကနေ ထုတ်ပြန်သွားတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဖိလစ်ပိုင်ပြီးနောက် တောင်တရုတ်ပင်လယ်မှာ ပြင်းထန်တဲ့ရေကြောင်းစစ်ဆင်ရေးတွေလုပ်လို့ ဗီယက်နမ်နဲ့ပါ သဘောထားဆန့်ကျင်မှုဖြစ်လာတဲ့တရုတ်

မီဒီယာတွေအတွက် တောင်တရုတ်ပင်လယ်ပဋိပက္ခမှာ တရုတ်နဲ့ ဖိလစ်ပိုင်အကြား တင်းမာမှုမြင့်တက်သထက် မြင့်တက်နေတာကြီးက အာရုံဖမ်းစားစရာဖြစ်နေတယ်။ ဒါပေမဲ့ ပေကျင်းအစိုးရရဲ့ ရိုင်းစိုင်းပြီး ခိုင်မာတဲ့ နည်းပရိယာယ်ချမှတ်မှုနဲ့ တောင်တရုတ်ပင်လယ်မှာအနိုင်ကျင့်စိုးမိုးမှုခံနေရတဲ့ နောက်တစ်နိုင်ငံလည်း ရှိနေပါ တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

After Philippines, China’s aggressive Maritime Maneuvers’ put Vietnam at Loggerheads with Beijing in SCS

The escalating tensions between the Chinese Coast Guard and the Philippine forces have been capturing media attention. However, another nation

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now