ဆောင်းပါး

ဆိုင်ရာနိုက်အဆိပ်သင့်ရွှေမိုင်းမြေနဲ့ အသိုက်ပျက်တိုင်းရင်းသားတို့အနာဂတ် – ဘာသာပြန်ဆောင်းပါး

မဲခေါင် 13 Feb - 2023
“မိုးရွာတိုင်း အိပ်မရပါဘူး။ အိမ်ပြင်ထွက်ပြီး ရေကြီးမှု အခြေအနေကို စိုးရိမ်တကြီးကြည့်ရတယ်။ မွေးမြူရေးခြံတွေကို ကြည့်ရတယ်။ ရှမ်းအရှေ့ တာချီလိတ်ခရိုင် နာဟိုင်းလုံ (Na Hai Long) ရွာက ယာစိုက်ပျိုးမြေလေး ရေကြီးပြီး ရွှံ့စေးတွေဖုံးလွှမ်းပျက်စီးသွားခဲ့ရတဲ့ မိုးသံ ကို နားထဲကြားယောင်တုန်းပဲ”

တြိဂံတိုင်း၊ ရွှေတြိဂံဆိုတဲ့ စကားလုံးတွေကြားရတာနဲ့ ရွံရှာစက်ဆုပ်စရာတွေ မကုန်နိုင်တော့ဘူးထင်ရတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ လူနည်းစု၊ လူမျိုးစုလေးတွေပဲ ဘ၀ကို ရိုးသားကြိုးစားရင်း စိုက်ပျိုးထွန်ယက် ရှင်သန် နေခဲ့ကြတာ မိရိုးဖလားကိုဖြစ်လို့။ ဒါပေမဲ့ ဒီနေ့ ဒီနေရာဒေသက ရိုးသားလှတဲ့ တောင်သူလယ်သမား၊ ဥယာဉ်ခြံ စိုက်သူတွေဘ၀က ကုန်းကောက်စရာရော၊ ကုန်းသောက်စရာရော မရှိတော့ဘဲ ဘ၀ဖြစ်နေခဲ့ရပါပြီ။ 

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူ့အစိုးရကို ဖြုတ်ချဖမ်းဆီးပြီး အာဏာပြန်သိမ်းလိုက်တယ်။ ရှမ်းအရှေ့မှာ ရွှေမိုင်းကုမ္ပဏီအသစ်တွေ အနည်းဆုံး ၂၀ ကျော် ထပ်တိုးလာတယ်။ အများစုကတော့ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ ဆွေမျိုးမိတ်ဆွေအကျိုးစီးပွားဖက် ကုမ္ပဏီတွေချည်းပဲ။ ရွှေမိုင်းလုပ်ကွက်တွေ ပရဗွများလာတော့ ဒေသခံတိုင်းရင်းသားတောင်သူတွေဘ၀က ခက်ခဲကျပ်တည်းလွန်းလာခဲ့ရပါပြီ။ ဒီဒေသတစ်ဝိုက် ရွှေမိုင်းလုပ်ကွက်ကြောင့် ဒေသခံတွေဟာ ရွှံ့နွံ့နစ်တွေနဲ့သာ ရေဆိုးဖြစ်နေတဲ့ နေရာတွေပေါ် ရောက်ကုန်ကြတယ်။ ရေကြီးမှု ရွှံ့နွံ့တွေကြား ပျက်စီးပြိုကျခဲ့ရတဲ့ အိမ်တွေမနည်းမနောနဲ့ ရွာပျက်ကြီးတွေကို ဖြစ်လို့။ 

ရှမ်းတောင်သူ ဦးဝင်း (အမည်လွှဲ) လည်း ဒီလူလုပ်တဲ့ သဘာ၀ပတ်ဝင်းကျင်ပျက်စီးမှုကပ်ဆိုးက ဘယ်လွတ်နိုင်မလဲ။ ဒီကနေ့ အသက် ၅၀ ရှိပြီဖြစ်တဲ့ ဦးဝင်းက “မိုးရွာတိုင်း အိပ်မရပါဘူး။ အိမ်ပြင်ထွက်ပြီး ရေကြီးမှု အခြေအနေကို စိုးရိမ်တကြီးကြည့်ရတယ်။ မွေးမြူရေးခြံတွေကို ကြည့်ရတယ်။ ရှမ်းအရှေ့ တာချီလိတ်ခရိုင် နာဟိုင်းလုံ (Na Hai Long) ရွာက ယာစိုက်ပျိုးမြေလေး ရေကြီးပြီး ရွှံ့စေးတွေဖုံးလွှမ်းပျက်စီးသွားခဲ့ရတဲ့ မိုးသံ ကို နားထဲကြားယောင်တုန်းပဲ” လို့ မချိတင်ကဲ ဆိုရှာတယ်။ နာဟိုင်းလုံရွာမှာ ရှမ်း၊ လားဟူ၊ အခါ လူမျိုးစုလေး တွေအဓိကနေထိုင်ပြီး တောင်ယာပဲ မိရိုးဖလာလုပ်စားခဲ့ကြတာပါ။ 

နာဟိုင်းလုံရွာတောင်ဘက်ခြမ်းက လွိုင်ခမ်းတောင် (Loi Kham hill) ပေါ်မှာအရင်လို သစ်ကြီးဝါးကြီးတွေ မရှိ တော့ဘူး။ ရွှေမိုင်းတွင်းတွေ နေ့ညမလပ် ရမက်ဇောကပ်ပြီး လုပ်ဆောင်နေကြလို့ မြေဆီလွှာတွေက ဘာမှ စိုက်ပျိုးစားလို့မရတော့ဘူး။ ရွှေမိုင်းက ရေဆိုးတွေဟာ တောင်ကြောပေါ်ကနေ ရွှံ့နွံနှစ်တွေအဖြစ် မိုးရွာတိုင်း စီးကျလာတယ်။ 

ရွှေတူးရာမှာသုံးတဲ့ ဆိုင်ရာနိုက်အဆိပ်တွေပါတဲ့ ရေဆိုးတွေက မိုးရာသီတိုင်း အဆိပ်ရေတွေကို နမ်ခမ်းချောင်းကနေ သွန်ချတာက အနီးအနားရွာတွေကို ဖြတ်စီးဆင်းပြီး နုန်းနှစ်ရွှံ့စေးမြေတွေက လယ်ယာမြေ အားလုံးကို ဖုန်းလွှမ်းသွားခဲ့တယ်။ ၂၀၂၂ ခုနှစ်က အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးရေချိန်စံချိန်တင်များခဲ့တော့ ဦးဝင်းတို့ရွာသားတွေအတွက် ဘ၀မှာ အခါးသီးဆုံးနှစ်ဖြစ်ခဲ့ရတယ်။ 

ဩဂုတ်လက ဦးဝင်းနေအိမ် ရေကြီးရေလျှံရာက ၃ပုံတစ်ပုံ ပါသွားတယ်။ ရှေ့မှာရေကြီးခဲ့စဉ်က သူ့တောင်ယာ ၃ပုံ၂ပုံ သုံးစားမရတော့အောင် ပျက်စီးသွားတယ်။ အဆိပ်ပါတဲ့ ရွှံ့ထူထူဖုံးလွှမ်းသွားတဲ့ မြေမှာ ဘာများစိုက်ပျိုး လို့ရနိုင်တာ့မလဲ။ သားသမီး ၄ယောက်ကို ဓားမဦးချရှာကြွေးဖို့ သဘာ၀ကပေးထားတဲ့ တောင်ယာမြေလေး တောင် ဦးဝင်အတွက် ဘာမှ သုံးစားမရတော့ဘူး။ ချောင်းထဲ ဆိုင်ရာနိုက်တွေပါတဲ့ ရေဆိုးတွေမှာ အရင်လို ငါးရှာ၊ ဖားရှာ မလုပ်နိုင်တော့ဘူး။ 

“ရွှေမိုင်းတွေက နမ့်ခမ်းချောင်းကို အညစ်အကြေး၊အဆိပ်တွေစွန့်ပစ်ရာ အမှိုက်ပုံး လိုဖြစ်သွားစေခဲ့ပြီ။ ချောင်းရေတက်ရင် စိုက်ပျိုးမြေတွေပေါ်ရောက်တယ်။ မြေဆီတွေက ဘာမှစိုက်မရတော့ဘူး။ ဒီရွှေမိုင်းကုမ္ပဏီတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကစလို့ ကျွန်တော်တို့ အိမ်တွေနားမှာ စတင်အလုပ် လုပ်လာကြတယ်။ ကျွန်တော်တို့လိုလူတန်းစားက ဒီရွာကနေ စွန့်ခွာပြီး နေရာသစ်မှာ အခြေချဖို့ ဘယ်တတ်နိုင် စွမ်းရှိကြပါ့မလဲ” လို့ ဒုက္ခတွေကို ဖွင့်အန်လာတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် တာချီလိတ်ခရိုင်မှာ ရွှေမိုင်းတွေ ရုတ်ချည်း များလာတယ်။ စစ်တပ်နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေက လုပ်ကွက်ပါမစ်တွေကို အမြန်ဆုံးကို ရယူပြီး ရွှေတူးကြတော့တာပဲ။ အာဏာသိမ်းတော့ နိုင်ငံစီးပွားပျက်တယ်။ စီးပွားပျက်တော့ စစ်ကောင်စီက ရတဲ့နည်းနဲ့ ငွေရှာဖို့ ရွှေမိုင်းလုပ်ကွက်တွေကို သူတို့အမျိုးအဆွေ၊ ဆက်စပ်ကုမ္ပဏီတွေကို ချပေးတာဖြစ်ကြောင်း လူ့အခွင့်အရေးနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ကောက်ချက်ချထားတယ်။ ဒေသခံတွေရဲ့ ဒုက္ခတွေကတော့ မထွေးနိုင်မအန်နိုင်နဲ့ မြိုချရုံပဲတတ်နိုင်ကြတယ်။ 

ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း အစီရင်ခံစာမှာ အာဏာသိမ်းပြီးနောက် တာချီလိတ်ခရိုင် မြောက်ပိုင်း မိုင်းလင်း (Mong Leng) မှာ ရွှေမိုင်းပါမစ်အသစ် ၁၃ ခု ထပ်တိုးချတယ်လို့ဆိုတယ်။ ၂၀၂၀ နှစ်လည်ပိုင်းမှာ နောက် ထပ် ကုမ္ပဏီ ရှစ်ခု၊ ၂၀၂၁ ခုနှစ်မှာ နောက်ထပ် မိုင်းလုပ်ကွက် ၇ကွက်ကို ကုမ္ပဏီ ၅ခုထံ ထပ်ချပေးလိုက်တယ်။ လုပ်ကွက်တစ်ကွက်ကို ၁၁ နှစ်သက်တမ်းနဲ့ ၈ ဟက်တာဆီ လုပ်ခွင့်ပြုလိုက်တာဖြစ်တယ်။  ၈ ဟက်တာဟာ ၁၉ ဒဿမ ၇၆၈၄ ဧက ရှိပါတယ်။ ဒီလုပ်ခွင့်ရကုမ္ပဏီတွေက ထုံးစံအတိုင်း မင်းကြီးတာကထွက်တာချည်းပဲ။ စစ်တပ် အရာရှိကြီးတွေနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ တြိဂံတိုင်းစစ်ဌာနချုပ်က အရာရှိစစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ပတ်သက် သူတွေပဲ။ 

မေဖလားဝါးသတ္တုတူးဖော်ရေးအင်တာပရိုက်စ်က စစ်ဗိုလ်ချုပ်တစ်ဦးထောင်ထားတာ။ လွယ်ခမ်းလုံ မိုင်းတွင်းက တြိဂံတိုင်းစစ်ဌာနချုပ်အကြီးအကဲရဲ့ သားပိုင်တာ။ မိုင်းတွင်းလုပ်ကွက် ၂ကွက်ယူတဲ့ အောင်ဝန်းနေ ကုမ္ပဏီလိမိတက်ဟာလည်း တြိဂံတိုင်းစစ်ဌာနချုပ်အကြီးအကဲကြီးရဲ့ သားပဲ ပိုင်တာ။ လောဘဇောတိုက်ပြီး ရွှေမိုင်းလုပ်ကွက်တွေကို အရမ်းကာရောလုပ်ကြရာမှာ ရွှံ့စေမြေ၊ ရွှံ့စေးရေတွေထဲ ၁၅ နှစ်လုံးလုံး သမန်းဆီတက်ပြီး လူရုပ်မပေါက်နေထိုင်ရှင်သန်ရတဲ့ ဒေသခံတိုင်းရင်းသားတွေခမျာ ဘာမှ မပြောဝံ့ရှာဘူး။

ဒါဇင်နဲ့ချီတဲ့ ရွှေမိုင်းလုပ်ကွက်တွေဟာ အရင် စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၀၇ ခုနှစ်ကတည်းက လွိုင်ခမ်းတောင်မှာ စတည်ရှိခဲ့ကြတာဖြစ်တယ်။ ဆယ်စုနှစ် ၅စုမက အာဏာရှင်တွေကပဲ နိုင်ငံကို သိမ်းပိုက်ပြီး ကိုယ်ကျိုးစီးပွားရှာလို့ သူတို့ဩဇာအာဏာကိုပဲ ထူထောင်နေခဲ့ကြတယ်။ သဘာ၀ရင်းမြစ်တွေလည်း အရမ်းကာရော လောဘဇောတိုက် ထုတ်ယူနေခဲ့ကြလို့ ဒေသခံတွေဘ၀က ကုန်းကောက်စရာ၊ ကုန်းသောက်စရာ ရေမြေသီးနှံ တောင် မရှိတော့ဘူး။ ၂၀၁၁ ခုနှစ်က နိုင်ငံရေးတိုးတက်ပြောင်းလဲရေဖြစ်စဉ်အဖြစ် ပြည်သူတင်တဲ့ ဒီမိုကရေစီ အစိုးရခေတ်ကို စပြောင်းတယ်။ ဒါဟာ နင်းပြားဒေသခံတွေအတွက် အလင်းသဲ့သဲ့ပဲ။  အာဏာမသိမ်းခင်က ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ဒီမိုကရေစီအစိုးရထံ တင်ပြတောင်းဆိုခွင့် ရှိခဲ့တယ်။ အာဏာသိမ်း လိုက်ပြီးနောက်မှာတော့ ပါးစပ်အားလုံး ပိတ်လိုက်ကြရတယ်။

နာဟိုင်းလုံရွာသား စိုင်းမင်းက “အာဏာသိမ်းခံရပြီးနောက် ကျွန်တော်တို့ရွာသားတွေ ဘာမှ စောဒက တက်ခွင့်မရှိတော့ဘူး။ အရင်က ကိုယ့်ဒေသအတွက် တာဝန်ယူတဲ့ ကိုယ်စားလှယ်ဆီမှာ တင်ပြခွင့်ရှိတယ်။ ရွှေမိုင်း ကုမ္ပဏီတွေလုပ်ရပ်ကို စောင့်ကြည့်ဖို့ စဉ်းစားနိုင်တယ်။ အခုတော့ သွားပြောရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အဖြစ်ရောက်သွားပြီ။ ဥပဒေကြောင်းအရ တိုင်ကြားဖို့ ရွာသားတွေလုပ်ခဲ့ကြသေးပေမယ့် အသက်အန္တရာယ်ခြိမ်း ခြောက်ခံရတော့ မလုပ်ရဲတော့ဘူး” လို့ အကြောက်တရားနဲ့ ဖိနှိပ်ထားမှုကို ဖွင့်ဆိုခဲ့တယ်။

၂၀၁၅ ခုနှစ်က လယ်သမားတစ်စုဟာ သဘာ၀ပတ်ဝန်းကျင်စောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ပေါင်းလို့ လွိုင်ခမ်းတောင်ပေါ်တက်လို့ ရွှေမိုင်းတွေရဲ့ သတင်းအချက်အလက်တွေကို လွှတ်တော်မှာတင်ပြဖို့ လုပ်ခဲ့ကြပါသေးတယ်။ တပ်မတော်ဆိုတဲ့ လက်နက်ကိုင်တွေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး လယ်သမားတစ်ယောက်ကို ပစ်သတ်လိုက်ကြတယ်။ တခြား လယ်သမား ၆ယောက် ဒဏ်ရာရသွားတယ်။ စစ်တပ်က လက်နက်တွေ ကိုင်လာလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာကဖြစ်ရကြောင်း လိမ်လည်သတင်းထုတ်ပြန်ပေမယ့် တောင်ပေါ်တက် သွားသူတွေဆီမှာ ဘယ်လိုလက်နက်မျိုးမှ မပါခဲ့တာ ရွာသားအားလုံးအသိပဲ။ ဒီလိုနဲ့ လွိုင်ခမ်းတောင်ကို ဘယ်သူမှ နောက်တစ်ကြိမ်တက်ပြီး ကုမ္ပဏီလုပ်ကွက်တွေကို သွားမလေ့လာရဲတော့ဘူး။ 

ရွှေမိုင်းကုမ္ပဏီတွေဟာ ဒေသခံတွေအတွက် မြေယာနစ်နာကြေးအဖြစ် ရွာသားတစ်ယောက်ကို တစ်နှစ် လယ်ယာ မြေ ၀ ဒဿမ ၄ ဟက်တာအတွက် ဒေါ်လာ ၂၈၀ နှုန်းပေးဖို့ သဘောတူခဲ့ကြတာရှိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေအတွက် ဒီငွေဟာ ဘယ်လိုမှ မကာမိပါဘူး။ အနာဂတ် အာမခံချက်ဆို ဝေလာဝေးပဲ။ 

“ဒီလျော်ကြေးကို လက်မခံရင်လည်း ဘာဆိုဘာမှ မရမယ့်အတူတူ လက်ခံခဲ့ကြ ရတာပေါ့” လို့ ရွာသားတစ်ဦးကပြောတယ်။

ရှမ်းပြည်နယ် လယ်သမားများကွန်ရက်ရဲ့ အစီရင်ခံစာမှာ ၂၀၁၅ ခုနှစ်မှာ နားဟိုင်းလုံရွာနဲ့ ဝိုင်းမာနော် (Weing Mar Naw) ရွာအနီးအနားက လယ်မြေနဲ့ဥယာဉ်ခြံမြေ ၆၈ ဟက်တာ ကို ရွှေမိုင်းကွင်းတွေအဖြစ် လုပ်ဆောင်ခဲ့ကြကြောင်းပါရှိတယ်။ ချက်ချင်း ရွံ့စေးမြေတွေဖုံးလွှမ်းပြီး မြေဆီလွှာပျက် သုဉ်းသွားတယ်။ ရေကြီးရေလျံထပ်ဖြစ်လို့ နောက်ထပ် ၅၃ ဟက်တာလည်း ထပ်ပျက်စီးသွားခဲ့ရတယ်။ လွိုင်ခမ်း တောင်ကျောတစ်ဝိုက် ရွှေမိုင်းလုပ်ကွက်တွေကနေ အနီးအနား ရွာ ၈ ရွာက တောင်သူတွေ ဘာမှစိုက်ပျိုးမရဘဲ ၂၅၆၀ ဟက်တာမြေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ မဲခေါင်မြစ်ဝှမ်းပေါ်က တာချီလိတ်ခရိုင် ရွာသူရွာသားတွေရဲ့ မြေဆီ ဩဇာတွေ ဘယ်လောက်တောင် ပျက်သုဉ်ရသလဲဆိုတာကိုလည်း Google Earth မြေပုံမှာ မြင်တွေ့နိုင်မှာပါ။ 

ရှမ်းပြည်နယ် သဘာ၀ပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ စိုင်းခမ်းဆမ်က ဒေသခံတွေဟာ တရုတ်ပြည်က ဆည်တွေမိုးများလို့ တာဖောက်ချတဲ့ဖြစ်စဉ်ကနေ မကြုံစဖူး ထူးထူးကဲကဲ ရေကြီးရေလျံမှုတွေကိုလည်း ထပ်ဆင့် ခံစားနေကြရတယ်လို့ ပြောတယ်။ တရုတ်ဘက်ကတော့ ထုံးစံအတိုင်း ငြင်းထားတာပါပဲ။ ဒီလို မြေဆီလွှာပျက်ဆီး၊ စိုက်ပျိုးမရ၊ ချောင်းရေသောက်မရ၊ နေအိမ်တွေ ရေမြုပ်ပျက်ဆီးမှုမှာ အဓိက ဒုက္ခခံရသူတွေ က အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေပါပဲ။ ဒုက္ခရောက်ကြတဲ့ မိသားစုချည်းဖြစ်လာတော့ သားသမီးတွေအားလုံး ကျောင်းဆက်မထားနိုင်ကြတော့ဘူး။ စားဖို့အနိုင်နိုင် ဝင်ငွေရှာကြရတော့တာပေါ့။ 

ဒီနေ့အသက် ၂၀ အရွယ်ရှိပြီး ခြောက်တန်းနဲ့ကျောင်းထွက်လို့ ဝမ်းစာရှာဖွေစားသောက်ခဲ့ရတဲ့ နာဟိုင်းလုံ ရွာနဲ့ ရှစ်ကီလိုမိတာအကွာက တာလေမြို့နယ်ခွဲမှာ သူတက်ခဲ့တဲ့ ကျောင်းသူဘ၀ကို ဆန်းရွယ်ဆိုတဲ့ ရွာသူလေး လွမ်းမောနေပါတယ်။ 

“ကျွန်မတို့လယ်တွေ ရွှံ့စေမြေတွေဖုံးလွှမ်းပျက်စီးသွားတော့ ပညာသင်စားရိတ်ကို မိဘ တွေ ကမတတ်နိုင်တော့လို့ ကျောင်းထွက်လိုက်ရတယ်။ ကျွန်မက ဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ နောက် ဆုံးတော့ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် နည်းပါးလွန်းတဲ့ လစာလေးနဲ့ ဘ၀ကို အဆုံးသတ်ရတော့မယ်” လို့ ဝမ်းနည်းစွာဖွင့်ဟတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ သဘာ၀ပတ်ဝန်းကျင်စိန်ခေါ်မှုတွေကို အများဆုံး ၈၀ ရာခိုင်နှုန်းအထိ ခံစားကြရ တာက အမျိုးသမီးတွေနဲ့ ကလေးတွေလို့ ပြဆိုထားပါတယ်။ ဒီလိုဖုန်းဆိုးမြေမှာ ကပ်သင့်ရပြီဆိုရင် မိန်းမငယ်လေးတွေဘ၀ကလည်း မလုံခြုံတော့ပါဘူး။ 

နာဟိုင်းလုံရွာက သမီး ၂ယောက်မိခင် နန်းမူ (၄၂ နှစ်) က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရေကြီးရေလျံလို့ နေအိမ်တစ်လုံးလုံး ပျက်စီးသွားပြီး သူတို့ရွာမှာ အိမ်ခြေ အလုံး ၂၀ အထိ  ပျက်စီးခဲ့တယ်လို့ဆိုတယ်။ အိမ်မရှိတော့ ဆွေမျိုးနီးစပ်တွေ နေအိမ်နောက်မှာ အဖီထိုးနေရတဲ့ဘ၀ရောက်ရော။  ယာယီတဲလေးတွေကို သူစိမ်းယောကျ်ားလေးတွေနဲ့ နီးကပ်စွာ ထိုးပြီး အပျိုဖော်ဝင်စ သမီးနှစ်ယောက်နဲ့ နေရ တဲ့ဘ၀က မိန်းကလေးတွေအတွက် ဘယ်လောက်ခက်ခဲကြမ်းတမ်း၊ အန္တရာယ်များသလဲလို့ နန်းမူက ဆိုတယ်။ 

ရေကြီးတဲ့ဒဏ်ကတော့ သက်သာရာရပေမယ့် ကိုယ့်အိမ်ကိုယ့်ယာမဟုတ်၊ သူစိမ်းယောကျ်ားလေးတွေနဲ့ ကြမ်းတစ်ခင်းထဲ နေရတာမျိုး၊ ရေချိုးရ၊ အိပ်ရတာမျိုးက အရမ်းစိတ်ထဲပူပန်ရပါတယ်။ ချောင်းရေလည်း မချိုးချင်ကြဘူး။ ယားနာတွေပေါက်တယ်။ ဒါကြောင့် သောက်ရေကို ရေသန့်ပဲသောက်ရတယ်။ ထမင်းဟင်းချက်ဖို့ကို ရွှံ့စေးပါတဲ့ချောင်းရေတွေသုံးရတယ်။ သမီးလေးတွေလည်း ကျောင်းဆက်မတက်နိုင်တော့ပါဘူး။ 

ထုံးစံအတိုင်း လူငယ်တွေဟာ ဘာမှလုပ်စားလို့မရတဲ့ကိုယ့်မြေယာပေါ် အသက်ဆက်ဖို့မလွယ်လို့ ထိုင်းကို အလုပ်သွားလုပ်ဖို့ကသာ အိပ်မက်အဖြစ်ရှိတော့တယ်။ 

“ကျွန်မတို့မှာ အနာဂတ်ကိုမမြင်နိုင်တော့ဘူး။ စစ်တပ်ဦးစီးတဲ့ ရွှေမိုင်းတွေနဲ့ ဘယ်လို တိုက်ပွဲမျိုးဆင်နွှဲဆင်နွှဲ ကိုယ့်ဘက်က အရှုံးကြီးပဲ” လို့ အားမတန်မာန်လျှော့စကား ပြောရှာတယ်။ 

*ပါဝင်တဲ့အမည်တွေဟာ လုံခြုံရေးအန္တရာယ်ကြောင့် လွှဲပေးထားတဲ့ နာမည်တွေသာဖြစ်ပါတယ်။ ဒီ Story ကို ပိုးဖြူစင်က ရေးသားတင်ဆက်ထားပြီး Mekong Eye မှာ ဖော်ပြထားတာပါ။ Mekong water governance from a gender and social inclusive lens  ဆိုတဲ့ အစီရင်ခံစားအတွက် Earth Journalism Network က ဂရန့်နဲ့ Internews ဆောင်းပါးအဖြစ်ဖော်ပြထားတာကို ဆီလျှော်အောင် ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

MKF – 001 ဘာသာပြန်ပါတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

ရုရှားရဲ့ လက်နက်ခဲယမ်းမလောက်ငှမှုမှာ မြန်မာစစ်ကောင်စီ ဘယ်လိုအရေးပါနေသလဲ

MKF - 001 အကျိုးမရှိရင် အကြောင်းမရှိဘူးလို့ပဲပြောရတော့မှာပဲ။ ဒီခေါင်းစဉ်ဖြစ်တည်လာဖို့က ပြောလာသူရှိလို့ ဖြစ်တည် လာရတာပါ။ ပြောသူက နယ်နယ်ရရမဟုတ်။ ယူကရိန်းစစ်ဗိုလ်ချုပ်
ဆောင်းပါး

မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှု အကျပ်အတည်း – တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

လင်းမောင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများ ပိုမိုနက်ရှိုင်းလာစေရုံထက် မပိုခဲ့ပေ။
ဆောင်းပါး

Dragon’s Expansion in Rakhine

Linn Maung The lengthy coastal line of Rakhine on Myanmar's south-western front has become a "strategic axis" over the past
ဆောင်းပါး

ICJ မှာ အမှုဖွင့်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လိုအရေးယူခံရနိုင်လဲ

သားလတ် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့အတွက် ICJက ချက်ခြင်းအမိန့်ချဆုံးဖြတ်လို့ မရသေးသလို အမှုစစ်ဆေးရာမှာလည်း နှစ်နဲ့ချီပြီး ကြာမြင့်မှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေက အရေးယူခံရဖို့အတွက် ကြာမြင့်နိုင်သေးတယ်လို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
ဆောင်းပါး

Tibet: A Kingdom Lost Forever

Linn Maung "Tibet Uprising Day" is observed globally on March 10th every year. Tibet was a place of spiritual enlightenment
ဆောင်းပါး

ဘာသာရေးကိုးကွယ်ယုံကြည်မှုအပေါ် အမြတ်ထုတ်နေဆဲ စစ်ကောင်စီ

မီ စစ်တပ် အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး နိုင်ငံအနှံ့ရှိ ရွာများနှင့် ဘာသာရေးဝတ်ပြုရာအဆောက်အဦများ ဖျက်ဆီးခံခဲ့ရသည်။
ဆောင်းပါး

Agenda Hardly Works in Burma

Linn Muang It appears that the West has been giving INGOs scripts to use against countries that disagree with their
ဆောင်းပါး

China Continues To Exploit Myanmar’s Mountains

Linn Maung China has controlled the global rare earth sector since the 1980s.