ဆောင်းပါး

စစ်သားသမီး စစ်သားမယား တော်လှန်ရေးသမ

မဲခေါင် 14 Jan - 2023
လူကျော် “အခုချိန် စစ်သားမိန်းမလို့ပြောရင် တအားစိတ်ဆိုးတယ်။ တအားဒေါသဖြစ်တယ်။ ခံပြင်းတယ်။ အဲဒီလိုအပြောကို မခံချင်တော့ဘူး။ မပတ်သက်ချင်တော့ဘူး” လို့ မအေး (အမည်လွှဲ)က ဒေါသသံနဲ့ပြောပါတယ်။

လူကျော်

“အခုချိန် စစ်သားမိန်းမလို့ပြောရင် တအားစိတ်ဆိုးတယ်။ တအားဒေါသဖြစ်တယ်။ ခံပြင်းတယ်။ အဲဒီလိုအပြောကို မခံချင်တော့ဘူး။ မပတ်သက်ချင်တော့ဘူး” လို့ မအေး (အမည်လွှဲ)က ဒေါသသံနဲ့ပြောပါတယ်။

မအေးဆိုတာ ဘယ်သူလဲ? သူဘာလို့ စစ်သားမိန်းမလို့ ခေါ်တာကို စိတ်ဆိုးတာလဲ? သူ့ရဲ့ စစ်တပ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံက ဘယ်လိုရှိပါသလဲ?

မအေးကို လွန်ခဲ့တဲ့ ၄၃ နှစ်က မြန်မာပြည်အလယ်ပိုင်းက အညာဒေသမှာ မွေးခဲ့တာပါ။ အညာသံ ဝဲဝဲနဲ့ စကားပြောလေ့ရှိတဲ့ မအေးဟာ တကယ့်ကို တပ်မိသားစုဝင်စစ်စစ်တစ်ယောက်လို့ ပြောလို့ရပါတယ်။ မွေးချင်းလေးယောက်မှာ ဒုတိယမြောက်သမီးပြီး ဖခင်ဖြစ်တဲ့ အညာသား သာမာန်ရဲဘော်တစ်ယောက်နဲ့ အညာသူမိခင်တို့က မွေးခဲ့တာပါ။

ဖခင်က ရာထူးရာခံမရှိတဲ့သူဖြစ်တဲ့အတွက် မအေးရဲ့ ကလေးဘဝ တပ်တွင်း အတွေ့အကြုံတွေက အခြားသာမာန်ရဲဘော်မိသားစုဝင်တွေလိုပဲ မချိုမြိန်ခဲ့ပါဘူး။ ကလေးဘဝမှာ တပ်ထဲမှာ နေကြတဲ့သူချင်းအတူတူ အရာရှိသားသမီးတွေက နှိမ်ချဆက်ဆံတာကို ခံခဲ့ရပါတယ်။

“ရာထူးအလိုက် အဆင့်အတန်း ခွဲခြားဆက်ဆံတာ ရှိတယ်။ အစ်မတို့ အခြားအဆင့်ဆိုရင် ရာထူးကြီးတဲ့သူတွေရဲ့ ကလေးတွေက မခေါ်ချင်ဘူးပေါ့။ မပြောချင်ဘူး။ အဲဒီလိုမျိုးတွေရှိတယ်။ အရာရှိသားသမီး တော်တော်များများက အဲဒီလိုမျိုးတွေ ဆက်ဆံတယ်။ ခွဲခြားဆက်ဆံတာပေါ့လေ” လို့ မအေးက ပြောပါတယ်။

ဒါ့အပြင် သူ့မိဘတွေကိုလည်း အရာရှိတွေက အာဏာသုံးပြီး သူတို့အကျိုးစီးပွားအတွက် အတင်းအဓမ္မ ခိုင်းစေတာခံခဲ့ရပါတယ်။ အခြားရဲဘော်တွေရဲ့ ဇနီးတွေလိုပဲ မအေးရဲ့ မိခင်ကို အရာရှိတွေက သူတို့ အိမ်မှုကိစ္စနဲ့ ကိုယ်ပိုင်စီးပွားရေးအတွက် ခိုင်းစေသလို ဖခင်ကိုလည်း တပ်နဲ့မဆိုင်တဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ခိုင်းစေခဲ့ပါတယ်။

အဲဒီလို ခိုင်းစေတဲ့အတွက် အဖိုးအခပေးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“အမေတုန်းက ရာထူးရှိတဲ့သူတွေက အစ်မလာပါဆိုရင် ဘယ်လိုသွားရလဲဆိုတော့ ထမင်းချိုင့်ထည့်သွားရတယ်။ မုန့်တွေကအစ အကုန်ဝယ်သွားရတာ အမေက။ သူတို့စားဖို့သောက်ဖို့အတွက်။ အမှန်တကယ်က သူတို့ရဲ့ ကြက်ခြံတွေ ဘာတွေကို စီးပွားရေးကို သွားလုပ်ပေးရတာ”

အဲဒီလို ကိုယ်ကျိုးစီးပွားအတွက် ခိုင်းစေခဲ့တဲ့အပြင် အဆင်မပြေတာမျိုးနဲ့ ကြုံရင် ဆဲဆိုတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ အဲဒီ ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် မအေးတစ်ယောက် စစ်တပ်နဲ့ မပတ်သက်ချင်လောက်အောင်ကို ဖြစ်ခဲ့ရတာပါ။

“သူတို့ အကျိုးအမြတ်အတွက် ကိုယ့်မိဘကို ခိုင်းတယ်။ အဲဒီအကျိုးအမြတ်မရလာရင် ဆူတာတွေ၊ ငေါက်တာတွေ၊ ထိုးတာတွေ၊ ကျိတ်တာတွေ သူတို့က အဲဒီလိုမျိုး လုပ်တာ။ သူတို့အတွက်လည်း လုပ်ပေးရသေးတယ်။ အဲဒါမျိုးကို ကိုယ်က မကြိုက်တာ”

“အသုံးမကျဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အဲဒီလိုမျိုးတွေ ပြောတာပေါ့နော်။ ဆဲတာပေါ့။ အဲဒီလိုမျိုးတွေ ကိုယ့်အဖေတုန်းက ကြုံခဲ့ရတော့ ကိုယ်ကအဲဒီလိုမျိုးတွေ ကြားလည်း မကြားချင်ဘူး။ ဖြစ်လည်း မဖြစ်ချင်ဘူး”

အဲဒီလို တပ်တွင်းဖိနှိပ်မှုတွေကို နာကျည်းခဲ့တဲ့ မအေးအတွက် ဖခင်သေဆုံးပြီးချိန်မှာ စစ်တပ်နဲ့ ပြန်မပတ်သက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တပ်ထဲကနေ မိသားစုနဲ့အတူ ထွက်လာခဲ့ပါတယ်။ ဖခင်ဖြစ်သူ မရှိတော့တဲ့အတွက် မောင်နှမတွေနဲ့ အတူတူ ဘဝကိုဖြစ်သလိုရုန်းကန်ရင် တစ်ဖက်ကလည်း ပညာကို ဆက်ပြီးသင်ယူခဲ့ပါတယ်။

ဒီလိုနဲ့ နှစ်နည်းနည်းကြာတော့ မအေးတစ်ယောက် ဘွဲ့ရခဲ့ပါပြီ။ အဲဒီဘွဲ့ယူတဲ့ ဘွဲ့နှင်းသဘင်မှာပဲ ဘဝလက်တွဲဖော်ဖြစ်လာမယ့်သူနဲ့ စတွေ့ခဲ့ပါတယ်။ အစပိုင်းမှာ တစ်ယောက်အကြောင်း တစ်ယောက် သေသေချာချာ မသိဘဲ သူတို့ ရင်းနှီးပတ်သက်ခဲ့ကြတာပါ။

နောက်ပိုင်း ချစ်သူရည်းစားဖြစ်ပြီးချိန်မှာတော့ မအေးအတွက် သတင်းဆိုးတစ်ခုကို ကြားခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ သူ့ရဲ့ ချစ်သူဟာ သူလုံးဝ မပတ်သက်ချင်တော့တဲ့ စစ်တပ်က သာမာန်ရဲဘော်တစ်ယောက် ဖြစ်နေခဲ့တာပါ။

“စစ်သားမှန်းသိတော့ ဟင်….စစ်သားကြီးတော့ မယူချင်ပါဘူးဆိုမှ စစ်သားနဲ့ ဖူးစာလာဆုံတယ်ပေါ့။ စိတ်တော့ နည်းနည်းညစ်သွားတာပေါ့။ နောက်ကျတော့ ဒီလိုပဲပေါ့ဆိုပြီး အဆင်ပြေသလိုပဲ လိုက်နေလိုက်တာပေါ့”

နောက်ဆုံးတော့ မအေးဟာ နှလုံးသား စေညွှန်ရာကို လိုက်ခဲ့ပြီး သူမနေချင်တော့တဲ့ စစ်တပ်ထဲမှာ သူမကြိုက်တဲ့ နှိမ်ချဆက်ဆံမှုတွေကို ပြန်ရင်ဆိုင်ခဲ့ရပါတယ်။ မအေး စစ်တပ်ထဲမှာ သံသရာထပ်လည်ခဲ့ရပြန်ပါပြီ။

အဲဒီအချိန်က ဆောက်လုပ်ရေးတပ်က သာမာန်ရဲဘော်တစ်ယောက်ဖြစ်တဲ့ မအေးရဲ့ အမျိုးသားဟာ စစ်တပ်က လစာငွေအဖြစ် ကျပ်နှစ်သောင်းဝန်းကျင်သာ ရခဲ့ပါတယ်။ အဲဒီအချိန်က နိုင်ငံခြားငွေအ‌ရောင်းအဝယ်လုပ်တဲ့ တကယ့်စျေးကွက်ရဲ့ ပေါက်စျေးအရ မအေးအမျိုးသားရဲ့ လစာဟာ အမေရိကန်ဒေါ်လာ ၂၀ ကျော်ကျော်သာရှိတာပါ။ လစာငွေ နည်းပါးတဲ့အတွက် မအေးရဲ့ အမျိုးသားဟာ အားလပ်ချိန်တွေမှာ ဆိုင်ကယ် ကယ်ရီဆွဲတာ၊ အိမ်ခြံပွဲစားလုပ်တာ စတဲ့ ကြုံရာအလုပ်တွေကို လုပ်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီလို ရရာ အပိုအလုပ်တွေလုပ်ပြီး ရုန်းကန်ရှာဖွေခဲ့ပေမယ့် မိသားစု စားလောက်ရုံသာ ရခဲ့တာပါ။

လစာငွေ နည်းပါးပြီး ဆင်းရဲချို့တဲ့ သာမာန်ရဲဘော် မိသားစုဖြစ်တဲ့အတွက် မအေးရဲ့သားသမီးတွေဟာ သူငယ်ငယ်ကလိုပဲ အရာရှိသားသမီးတွေရဲ့ ခွဲခြားဆက်ဆံတာ၊ နှိမ်ချဆက်ဆံတာတွေ ခံခဲ့ရပါတယ်။

“သူတို့ကပဲ သုံးနိုင်တယ်၊ စွဲနိုင်တယ်ပေါ့။ သူတို့ကပဲ သွားနိုင်တယ်၊ လာနိုင်တယ်။ သူတို့ကပဲ ဝတ်နိုင်တယ်၊ စားနိုင်တယ်ပေါ့။ ကလေးအချင်းချင်း ပြိုင်ကြတာပေါ့။ အခြားအဆင့်ကလေးတွေဆိုရင် မပတ်သက်ချင်ဘူးပေါ့။ အဲဒီလိုမျိုးဖြစ်တာ။ ရှင်းရှင်းပြောရရင်တော့ အခြားအဆင့်က အခြားအဆင့်ပေါ့။ မရောနဲ့ပေါ့။ သူတို့နဲ့လည်း လာမရောနဲ့ သူတို့လည်း မပတ်သက်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ တစ်ဆင့်ထားတာပေါ့”

နှစ်တွေကြာခဲ့ပေမယ့် စစ်တပ်တွင်းက ဖိနှိပ်မှုတွေက မအေးငယ်ငယ်ကလိုပဲ မပြောင်းလဲသေးပါဘူး။ ရဲဘော်တွေကို အရာရှိတွေက နှိမ်ချပြီး မောက်မောက်မာမာ ဆက်ဆံဆဲဖြစ်သလို ရဲဘော်တွေရဲ့ ဇနီး၊ သားသမီးတွေဟာလည်း ကျွန်ဝယ်ရာ အဆစ်ပါနေဆဲ။

မအေးကိုလည်း သူ့အမေတုန်းကလိုပဲ အရာရှိတွေရဲ့ အမျိုးသမီးတွေက သူတို့အိမ်မှုကိစ္စတွေ လာကူဖို့ ခေါ်ပါတယ်။ ဒါပေမယ့် မအေးက ကလေးတွေအကြောင်းပြပြီး မသွားခဲ့သလို အမျိုးသားဖြစ်သူကလည်း အဲဒီကိစ္စကို တင်းတင်းမာမာ တုန့်ပြန်ခဲ့ပါတယ်။

“သူတို့က အဲဒီလို ခေါ်ခိုင်းချင်တာ။ သူကလည်း ကျွန်တော့်မိန်းမ ခေါ်စရာမလိုဘူး။ ကျွန်တော့်မိန်းမ ပညာတတ်၊ ဘွဲ့ရ။ ကျွန်ခံစရာမလိုဘူး။ ကျွန်တော်တစ်ယောက်တည်း ကျွန်ခံမယ်။ ကျွန်တော့်မိသားစု ပါစရာမလိုဘူးလို့ ရှင်းရှင်းပြောထားတော့ သူတို့ ဆက်မပြောရဲဘူး။ အဲဒီတော့ မကြည်ဘူးပေါ့”

အဲဒီလို တုန့်ပြန်ခဲ့တဲ့အတွက် အရာရှိတွေက အောက်ဆိုက်လို့ ခေါ်တဲ့ တရားမဝင်ငွေရှာလို့ရတဲ့ အဆောက်အဦးဆောက်တာ၊ လမ်းခင်းတာ စတဲ့တာဝန်တွေကို မအေးရဲ့ အမျိုးသားကို မပေးဘဲ ချန်ထားပါတော့တယ်။ ဒါ့အပြင် ရာထူးတိုးမယ့် အခွင့်အရေးလည်းမရအောင် ပိတ်ပင်တာတွေလည်း လုပ်ခဲ့ပါတယ်။

တပ်တွင်း ဖိနှိပ်မှုတွေ ကြုံခဲ့ရပေမယ့် မအေးတို့ မိသားစုဘဝတွေ အဆင်ပြေဖို့ မျှော်လင့်ချက်တစ်ခု ထားခဲ့ကြပါတယ်။ အဲဒါကတော့ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အာဏာထပ်ရရင် သူတို့အတွက် အခွင့်အရေး အထိုက်အ‌လျောက်ရလာနိုင်တယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

အဲဒီလို မျှောက်လင့်ချက်အတွက် မဲပေးတဲ့ကိစ္စကလည်း တပ်မိသားစုတွေအတွက် လွယ်ခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အရာရှိတွေဟာ ရွေးကောက်ပွဲနီးတာနဲ့ သူတို့နဲ့နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့အတွက် လက်အောက်ငယ်သားတွေကို ပြောလေ့ရှိသလို ခရီးထွက်နေရတဲ့အတွက် လူကိုယ်တိုင်မဲမထည့်နိုင်သူတွေနေရာမှာလည်း ကြံ့ခိုင်ရေးပါတီကိုပဲ ကိုယ်စားမဲပေးခိုင်းခဲ့တယ်လို့ မအေးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

“ပထမ ၂၀၁၅ တုန်းက သူတို့ဟာ (ကြံ့ခိုင်ရေးပါတီ)ပဲပေးရတာပေါ့။ သူတို့က ဝိုင်းဝန်းပြီး အဲဒီလိုလုပ်တာဆိုတော့။ ဒီ ၂၀၂၀ လည်း သူတို့ဟာပဲ ပေးခိုင်းတာ။ သိတယ်မဟုတ်လား။ သဘောပေါက်တယ်မဟုတ်လား။ ဒီပုံကိုပေးရမှာနော် သိတယ်မဟုတ်လား။ အဲဒီလိုမျိုးပြောတာ။ အဲဒီလောက်ထိတောင် ပြောတာ။ ဒါပေမယ့် ရှင်းရှင်းပြောရင်တော့ မပေးတဲ့သူကများတယ်။ အဲဒါကြောင့် သူတို့မြို့နယ်ထဲမှာလည်း ဒါတွေ (NLD ထောက်ခံမဲ)ပါတာအများကြီးပဲ။ ကျွန်တော်တို့ နောက်ဆုံးပေးခဲ့တဲ့ မဲရုံမှာတောင်မှ သူတို့မနိုင်ဘူး။ ရှုံးတယ်”

မအေးရဲ့ အတွေ့အကြုံအရ စစ်တပ်အရာရှိတွေက NLD ကို စစ်တပ်ရဲ့ ရန်သူအဖြစ် ပုံဖော်ပြီး ရဲဘော်တွေခေါင်းထဲ ရိုက်သွင်းထားခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ တပ်မဲရုံမှာတောင် NLD ပါတီက မဲတွေရခဲ့ပါသေးတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကြေညာချိန်မှာလည်း NLD ပါတီက ပြည်ထောင်စုအစိုးရဖွဲ့လို့ရတဲ့ ပမာဏကျော်အောင် ၈၃ ရာခိုင်နှုန်းဝန်းကျင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲရလဒ်အရ တတိယအကြိမ် လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

အဲဒီလို အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့ မြို့ရွာတွေအနှံ့မှာ သန်းနဲ့ချီပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။

တပ်တွင်းမှာ စစ်အရာရှိတွေက NLD အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲတရားမျှတမှုမရှိတာကြောင့် အာဏာသိမ်းရတာဖြစ်တယ်လို့ ဟောပြောခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တပ်မိသားစုတွေက အာဏာသိမ်းတာကို ဝေဖန်ခဲ့ကြတာတွေရှိတယ်လို့ မအေးက ပြောပါတယ်။

“လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ အဲဒီလိုမျိုးကို ပြောကြတာ။ ဒါပေမယ့်လည်း ဒေါသထွက်တယ်ဆိုပေမယ့်လည်း အခွင့်မသာတဲ့အခါကျတော့ မပြောရဲကြဘူးပေါ့လေ။ ကျိတ်ကျိတ် ကျိတ်ကျိတ်ပေါ့။ အဲဒီလို တိုးတိုးတိုးတိုး အချင်းချင်း ပြောကြတာပေါ့။ ဒါကြီးကတော့ မကောင်းဘူး။ ဒါကြီးကတော့ အရှက်ကွဲတယ်ဟေ့။ ဒါကြီးကတော့ ရှက်စရာကြီး။ ရပ်ကွက်ထဲလို အော်ကြီးဟစ်ကျယ်တော့ လုပ်လို့မရဘူးပေါ့။ တိုးတိုးတိတ်တိတ်တော့ ပြောဖြစ်ကြတာပေါ့။ ကလေးတွေလည်း ပြောကြတယ်။ တချို့လူကြီးတွေလည်း မိန်းမတွေလည်း ပြောကြတာပေါ့”

တပ်ထဲက စစ်သားသားသမီးတွေဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသလို စစ်တပ်က ပြန်ဖွင့်တဲ့ စာသင်ကျောင်းတွေကိုလည်း သပိတ်မှောက်ခဲ့ကြသူတွေ ရှိပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာ (Facebook) မှာလည်း စစ်တပ်ကို ဝေဖန်တာတွေလုပ်ခဲ့ကြသလို ဝေဖန်တဲ့ စာတွေကိုလည်း မျှဝေခဲ့ကြပါတယ်။

အဲဒီလို အခြေအနေတွေမှာ စစ်အရာရှိတွေက ကလေးမိဘတွေကို ဆူပူကြိမ်းမောင်းတာ၊ ခံဝန်ထိုးခိုင်းတောတွေ လုပ်ခဲ့ပါတယ်။ တပ်ထဲက စစ်သည်တွေအပြင် မိသားစုတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

“Facebook ပေါ်မှာ သူငယ်ချင်းတွေတင်တာကို Like ပေးရင်‌တောင်မှ မကြိုက်ဘူး။ အခြေအနေမကောင်းဘူး။ ကြောက်နေရတာပေါ့ဗျာ။ ဘာမှကို မလုပ်ရဲဘူးဗျာ။ NLD သူငယ်ချင်းတွေ အများကြီး ရှိတာ‌တောင် ကိုယ့်မှာ like လည်း မပေးရဲဘူး။ ဘာမှကို မလုပ်ရဲဘူး။ တစ်ချို့သားသမီးတွေက (သူတို့ရဲ့)သူငယ်ချင်းတွေက ဒီကိစ္စ(အာဏာသိမ်းတာ)ကို မကျေနပ်လို့ တင်တာကို like ပေးမိတာကို ရုံးမှာ ခေါ်စစ်ခံရတယ်။ အဲဒီလိုမျိုးတွေအထိတောင် ဖြစ်တာ”

“ကလေးတွေကို ပြောလို့မရတော့ မိဘတွေကို ခေါ်ပြီးဆူတာ။ ပြီးတော့ ကိုယ်တွေသုံးတဲ့ Facebook account တွေ၊ ကလေးတွေသုံးတဲ့ Facebook account တွေ၊ ကိုယ်ကအစ ကိုယ့်သားသမီးသုံးတဲ့ account တွေပါ သူတို့ကို ပေးထားရတာ။”

အဲဒီလို ထိန်းချုပ်ထားတဲ့ကြားကပဲ မအေးတို့ တပ်ထဲက စစ်သား သားသမီးတချို့ဟာ သူတို့မိဘတွေရှိတဲ့ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် တောခိုသွားကြပါတယ်။ အဲဒီလို တောခိုသွားတာကို တပ်ထဲက အရာရှိ အဆင့်ဆင့်က ဖုံးဖိထားကြပါတယ်။

“တပ်မိသားစုထဲကပဲ တော်လှန်‌ရေးသွားတဲ့ ကလေးတွေရှိတယ်။ သမီးကိုလာခေါ်တယ်။ သူတို့ဟာသူတို့ သေနတ်ဝယ်ပြီး သူတို့ဟာသူတို့ ပိုက်ဆံနဲ့ တော်လှန်ရေးအတွက်ထွက်တာ။ အဲဒါ ညီမလေးလိုက်မလားဆိုပြီး လာခေါ်တယ်တဲ့ သမီးကြီးကို။ မမမှာ သေနတ် ၂ လက်ရှိတယ်။ အတိုတစ်လက်၊ အရှည်တစ်လက်။ ညီမလေးကို တစ်လက်ပေးမယ်ပေါ့နော်။ အစ်မတို့က တစ်နေရာကိုသွားမှာ လိုက်မလားလို့ခေါ်တာ။ သမီးကြီးက အမေကို ငဲ့ပြီး နေခဲ့တာ။ နောက်ရက်လည်းကျရော ကလေးတွေက အကုန်စုပြီး ထွက်သွားတော့တာ။ အဲဒီလိုမျိုးရှိတာ”

ဒါတွေက စစ်တပ်ကအာဏာသိမ်းပြီး လပိုင်းအတွင်း တပ်တွင်းမှာ ဖြစ်ပျက်ခဲ့တာတွေပါ။ အဲဒီအချိန်မှာ မအေးတို့ မိသားစုအတွင်းမှာလည်း သူတို့ရပ်တည်ချက်အတွက် အကျိတ်အနယ် ဆွေးနွေးနေကြပါပြီ။ အာဏာသိမ်းပြီး သိပ်မကြာခင်မှာ စတင်ခဲ့တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ဖို့အတွက် သူတို့မိသားစု တိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။

အချိန်ကတော့ အာဏာသိမ်းပြီး ၄ လကြာပြီဖြစ်ပါတယ်။ သူ့ဘဝတစ်လျှောက် ၃၅ နှစ်လောက် မကျင်လည်ချင်ဘဲ ကျင်လည်ခဲ့ရတဲ့ စစ်တပ်ကို မအေးတို့ မိသားစုလိုက် စွန့်စားပြီး စွန့်ခွာခဲ့ပါပြီ။

“ကိုယ့်ကိုကိုယ်တော့ မတွေးတော့ဘူး။ ဒါပေမယ့် သမီး ၂ ယောက်နဲ့ သားကို စိတ်ပူတယ်။ အရမ်းစိတ်ပူတယ်။ သမီး ၂ ယောက်ကလည်း ဆယ်ကျော်သက်‌လေးတွေဆိုတော့ တော်တော့်ကို စိတ်ပူတယ်” လို့ အဲဒီတုန်းက ခံစားချက်ကို မအေးက ပြန်ပြောင်းပြောပြပါတယ်။

ဒါပေမယ့် အဲဒီထွက်‌ပြေးမှုက မအောင်မြင်ခဲ့ပါဘူး။ တော်လှန်ရေးသမားတွေနဲ့ အချိတ်အဆက်မရှိတဲ့ သူတို့အတွက် နယ်စပ်တစ်နေရာမှာ ယောင်လည်လည်ဖြစ်ခဲ့ပြီးနောက်မှာတော့ ရန်ကုန်မြို့ကို ပြန်ရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မအေးတို့တပ်က အရာရှိတွေက သူ့ခင်ပွန်းဖြစ်သူကို တပ်က ခွင့်ပေးထားတယ်လို့ ဆက်သွယ်ပြောဆိုလာပြီး ပြန်လာခဲ့ဖို့ အချိုသတ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့မိသားစုရဲ့ ဆုံးဖြတ်ချက်ကတော့ မပြောင်းလဲပါဘူး။

ရန်ကုန်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုက သူငယ်ချင်းဖြစ်သူငှားပေးထားတဲ့ အိမ်မှာ တိမ်းရှောင်နေရင်းနဲ့ အခြေအနေကို နားစွင့်နေခဲ့ပါတယ်။ နောက် ၂ လ အကြာမှာတော့ မအေးရဲ့ ဆွေမျိုးတွေရှိတဲ့ အညာဘက်ကို သူတို့ ထွက်လာခဲ့ပါတော့တယ်။

တကယ်တော့ သူတို့ထွက်လာတဲ့ အညာဒေသကလည်း အဲဒီအချိန်က စစ်မီးစပူနေပြီဖြစ်ပြီး လုံခြုံလှတာတော့ မဟုတ်ပါဘူး။ ဆွေမျိုးတွေကလည်း သာမာန်ပြည်သူတွေဖြစ်ပြီး အကြောက်တရားလွှမ်းမိုးနေကြသူတွေပါ။ ဒါကြောင့် စစ်တပ်ကို ဖီဆန်လာတဲ့ သူတို့မိသားစုကို တာရှည်လက်ခံမထားချင်ကြပါဘူး။

“မပြေးနဲ့ ကလေးတွေနဲ့ ပြန်။ ကိုယ့်နေရာကိုယ်ပြန်။ ဒီမှာလည်း အခြေအနေက ကောင်းတာမဟုတ်ဘူး။ အဲဒီလိုပြောတာပေါ့။ သူတို့က ဘယ်လိုခေါ်မလဲဆိုတော့ ကြောက်နေကြတာ။ အဲဒီအချိန်မှာလည်း (စစ်သားတွေ)နည်းနည်းနောနော မဟုတ်ဘူး။ ဒုနဲ့ဒေးပဲ။ အများကြီးရောက်နေပြီ။ ညတိုင်းလည်း ပိုးပိုးပေါက်ပေါက်၊ ဒိုးဒိုးဒေါက်ဒေါက်၊ အုန်းအုန်း တွေက ကြားနေရတာဆိုတော့ သူတို့က ပိုကြောက်တယ်။ မကူညီဘဲနဲ့ သူတို့က အတင်းပြန်လွှတ်တာ”

အဲဒီအခြေအနေကြောင့် မအေးတို့မိသားစု ခေါင်းမီးတောက်ရပါတော့တယ်။ တပ်ထဲပြန်ဖို့ အစီအစဉ်မရှိသလို လုံခြုံတဲ့နေရာလည်း မရှိသေးပါဘူး။ အဲဒီအချိန်မှာ မအေးအမျိုးသားရဲ့ သူငယ်ချင်း အကူအညီနဲ့ ရွှေ့ပြောင်းနေစရာ တစ်နေရာရခဲ့သလို တော်လှန်‌ရေးအင်အားစုတွေနဲ့လည်း ချိတ်ဆက်မိခဲ့ပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေကြားမှာ အဲဒီလို နေရာရွှေ့ပြောင်းရတာ လွယ်တာတော့ မဟုတ်ပါဘူး။ တောထဲတောင်ထဲမှာ သုံးလေးရက် လမ်းလျှောက်ခဲ့ရသလို တိုက်ပွဲရှိနေလို့ အခါခါ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားရဲ့ စစ်ကြောင်းနဲ့လည်း ညဘက်ကြီးပက်ပင်းတိုးပြီး စစ်မေးခံခဲ့ရဖူးပါတယ်။

“သေနတ်တွေနဲ့ ဝိုင်းထားတာ။ ကိုယ်တွေကလည်း ဆန်အိတ်တွေရော ဘာတွေရော တင်လာတာပေါ့။ ဒါတွေက ဘာတွေလဲတဲ့။ လူတွေကလည်း အများကြီးပဲ။ ပစ္စည်းတွေကလည်း အများကြီးပဲတဲ့။ ဘယ်ကိုသွားကြမှာလဲ။ ဘယ်ကလာကြတာလဲနဲ့။ ဘုန်းကြီးကျောင်းကို မနက်ဖြန် ဆွမ်းချက်မှာမို့ ဒီညကတည်းက သွားမှာလို့။ အဲဒါ လူတွေက အများကြီးပဲ ဘာတွေမှန်းလည်းမသိဘူး။ ဆင်းကြအုံးတဲ့။ ဆင်းပြီးသူတို့က ရှာတာပေါ့”

ဒါပေမယ့် ဒေသခံတွေရဲ့ အကူအညီနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး သူတို့ ရွှေ့ပြောင်းမယ့်နေရာကို ချောချောမောမောရောက်ခဲ့ပါတယ်။ အဲဒီနေရာက ပြည်သူတွေကလည်း သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စားဝတ်နေရေး အကုန်လုံးကို တာဝန်ယူခဲ့ကြပါတယ်။

“သွားတဲ့နေရာရောက်တော့ တစ်ရွာလုံးနီးပါးလောက်ပဲ။ ကောင်မလေးတွေ‌ရော၊ ကောင်လေးတွေရော ထွက်ကြိုကြတာ။ ကိုယ်တွေမိသားစုကို ထွက်ကြိုကြတာ။ ကိုယ်တွေက ပီတိဖြစ်တယ် သိလား။ ကောင်းကောင်းမွန်မွန်ပဲ ဟိုအိမ်က ထမင်းဖိတ်ကျွေး၊ ဒီအိမ်က ထမင်းဖိတ်ကျွေး”

ဒီလိုနဲ့ မအေးတို့မိသားစု နွေဦးတော်လှန်ရေးမှာ စီးမျောခဲ့ပါတော့တယ်။

မအေးတို့ စစ်တပ်ကို စွန့်ခွာပြီ ပြည့်သူ့ရင်ခွင်ခိုလှုံခဲ့တာ တစ်နှစ်ကျော်ပါပြီ။ လက်ရှိမှာ သူ့အမျိုးသားဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသလို ဆယ်ကျော်သက် သမီး ၂ ယောက်ဟာလည်း ပကဖ လုံခြုံရေးအဖွဲ့ဝင်တွေ ဖြစ်နေကြပါပြီ။

မအေးကိုယ်တိုင်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေက စာသင်ကျောင်းမှာ ကျောင်းဆရာမ ဝင်လုပ်နေပါတယ်။ အဲဒီလို တော်လှန်ရေးတာဝန်တွေ အသီးသီးထမ်းဆောင်နေချိန်မှာ စားဝတ်နေရေး ကျပ်တည်းခဲ့တဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။

“သမီးတွေအတွက် လဲဝတ်စရာ လုံချည်တောင် မရှိတဲ့အခြေအနေ ဖြစ်ဖူးတယ်” လို့ မအေးကပြောပါတယ်။

မအေးဟာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးနီးပါးကို စစ်သားသမီး၊ စစ်သားမယားအဖြစ်နဲ့ စစ်တပ်ထဲမှာပဲ ဖြတ်ကျော်ခဲ့ရတာပါ။ အခုတော့ အဲဒီစစ်တပ်ကို မိသားစုလိုက် တော်လှန်နေပါပြီ။ အခက်အခဲ အကျပ်အတည်းတွေရှိတဲ့အပြင် မိသားစုလိုက် အန္တရာယ်ကြားမှာ နေထိုင်လုပ်ကိုင်နေပေမယ့် ဘဝကို ဂုဏ်ယူတယ်လို့ မအေးက ပြောပါတယ်။

“သမီး ၂ ယောက်ကလည်း တော်လှန်ရေးသမားဖြစ်တော့ ပိုပြီးတော့ ဝမ်းသာတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ စိုးရိမ်တာ‌တော့ မရှိဘူး။ ဒါတော်လှန်ရေးလုပ်တာ။ သေလည်း သေမယ်။ ရှင်ရင်လည်း ရှင်မယ်။ ဒါကံအကြောင်းတရားပဲ။ ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမှာ သေရတာ မြတ်သောသေခြင်းနဲ့ သေရမှာ”

“စိုးရိမ်မှုကတော့ မရှိဘူး။ ကိုယ့်ရှေ့မှာလည်း ကိုယ်သားသမီးအရွယ်လေးတွေ ကျသွားတာ အများကြီး။ ကိုယ့်သားသမီးကျမှ အဲဒီလိုတော့ မစိုးရိမ်တော့ဘူး” လို့ မအေးက သူ့ခံယူချက်ကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

အိမ်နီးချင်းနိုင်ငံတွေမှာ တရုတ်တွေအုပ်စိုးတဲ့ လူမှောင်ခိုစျေးကွက် တရုတ်အစိုးရက ဘာကြောင့်မျက်ကွယ်ပြုထားလဲ

ပထဝီနိုင်ငံရေးနယ်မြေအခြေအနေအရ အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်နဲ့ မပတ်သက်၊ မဆက်စပ်လို့ မရနိုင်ပါဘူး။ ဒီအတိုင်းပါပဲ တရုတ်နိုင်ငံသား ဒုစရိုက်သမားတွေရဲ့ ကိုယ့်တစ်ဘို့ပဲ ကြည့်တဲ့ ဝိသမလောဘ
ဆောင်းပါး

China’s Desperation: Reincarnation of 14th Dalai Lama

Linn Maung Sinicization of Tibet after 1959 has not only changed the
ဆောင်းပါး

Is China Overlooking its Neighbours’ Concern On Rising Human Trafficking Cases?

In Southeast Asian region, China is a troublesome bugbear not because of its avoidable territorial designs against its neighbours but
ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ အခန်း ၆ – အခြားသော ရာဇဝတ်မှုများ

အရှေ့မှာတင်ပြခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လူမှောင်ခိုမှုတွေအပြင်  ရွှေတြိဂံဒေသ မှာ တခြားသော ရာဇဝတ်မှုပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ ဒီဒေသမှာ တရားမဝင်တဲ့ မိုင်းတွင်း၊ သစ်မှောင်ခိုမှု၊ ရှေးဟောင်းပစ္စည်းမှောင်ခိုမှုနဲ့ လက်နက်ထုတ်လုပ်ရောင်းချမူတွေဟာလည်း ကမ္ဘာ့အကြီးမားဆုံးသော ဒုစရိုက်ရပ်ဝန်းကြီးအဖြစ် တည်ရှိနေပါတယ်။
ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာဒုစရိုက်ကမ္ဘာရွှေတြိဂံဒေသအကြောင်းသိထားသင့်သမျှ – အပိုင်း (၅) တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးခြင်း

တစ်ချိန်က အိပ်ပျော်နေခဲ့တဲ့ တရုတ်နယ်စပ်က မိုင်းလားမြို့လေးဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေ ရဲ့ ဗဟိုချက်အဖြစ် စတင်နိုးထပြီးနောက်ပိုင်းမှာ တရားမဝင်တောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးပါ ဖြစ်လာခဲ့ ပါပြီ။
ဆောင်းပါး

မြန်မာလျှပ်စစ်စီမံကိန်းအားလုံးကို တရုတ်တို့ အပြီးသတ်ချဲ့ထွင် သိမ်းပိုက်ခြင်း

လင်းမောင် မကြာသေးခင် စံချိန်တင်တိုတောင်းတဲ့ကာလတွေအတွင်း ဆိုလာစီမံကိန်းအများဆုံးအပါအဝင်ဖြစ်တဲ့ လျှပ်စစ်စီမံကိန်းသစ်တွေကို မြန်မာထံ အပြီးသတ်တည်ဆောက်လက်လွှဲပေးလိုက်ရာမှာ ပါဝင်တဲ့ ကုမ္ပဏီအားလုံးက တရုတ် ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေဆီက နည်းပညာပူးပေါင်းအကူအညီယူထားတဲ့ မြန်မာကုမ္ပဏီတွေချည်းပါပဲ။
ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။
ဆောင်းပါး

ရန်ကုန်မြို့က အမျိုးသမီးသတင်းထောက်

လူကျော် “Journalism is not a crime (သတင်းစာပညာသည် ရာဇဝတ်မှုမဟုတ်) ဆိုတာ ဒီမှာတော့ မဟုတ်ဘူး။ တခြားစီပဲ။ အကုန်ကြောက်နေရတယ်။ အကုန်စိုးရိမ်နေရတယ်။ သတင်းထောက်မှန်း လူသိခံလို့တောင်မရဘူး” လို့ သတင်းထောက် မခိုင် (အမည်လွှဲ)