လင်းမောင်
ဒါပေမဲ့ တရုတ်ဟာ နယ်စပ်ကုန်သွယ်မှုမှာ သူတို့နိုင်ငံအကျိုးစီးပွားအတွက်သာ တစ်ဖက်ကြည့်ကြည့်တဲ့ ကာကွယ်မှုအုတ်မြစ်ပုံစံပြပြီး အိမ်နီးချင်းနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်တွေအပေါ် လူပါး၀တဲ့ စည်းမျဉ်းစည်းကမ်းတွေချထား ပြန်ပါတယ်။ တရုတ်မြန်မာနယ်စပ် ရှမ်း၊ ကချင်နယ်စပ်ကုန်သွယ်လုပ်ငန်း၊ လာအို၊ ထိုင်းတိုနဲ့ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းတွေမှာ သူတို့နိုင်ငံထဲကို တင်သွင်းမယ့်ကုန်စည်တွေအပေါ်မှာ နှစ်နိုင်ငံအကျိုးစီးပွားဘက် စာချုပ်တွေကို မျက်ကွယ်ပြုပြီး သူတို့ဘက်ကသာ အသာစီရတဲ့ သွင်းကုန်လုပ်ငန်းစည်းမျဉ်းသစ်တွေကို ချမှတ်ထားပြန်တယ်။
သွင်းကုန်-ထုတ်ကုန်လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဆက်လက်လုပ်ဆောင်ဖို့အရေးမှာ အရင်က လူပါး၀ထားတဲ့ စည်းမျဉ်းဖြစ်တဲ့ ဒရိုင်ဘာလူစားလဲစနစ် (Driver Substitution System) ကိုပဲ ပြန်သတ်မှတ်ပြဌာန်းလာတယ်။ ဒီစနစ်က တရုတ်နိုင်ငံထဲကိုကုန်ကားတွေဝင်ရင် သူတို့တရုတ်နိုင်ငံသားမောင်းတဲ့ကားပဲ ဝင်ခွင့်ပြုတယ်ဆိုတဲ့ စည်းမျဉ်းပါ။ တရုတ်နိုင်ငံသားက မြန်မာ ကုန်တင်ယာဉ်ကို တရုတ်နိုင်ငံထဲကိုပဲ မောင်းနှင်သွားရမယ်။ တရုတ်နိုင်ငံထဲမှာပဲ ကုန်တင်ကုန်ချလုပ်ငန်းတွေကိုလည်း တရုတ်လုပ်သားတွေနဲ့ပဲ လုပ်ရတယ်။
ဒီစနစ်ကို အရင်ကတည်းက တရုတ်ဘက်က လက်ဝါးကြီးအုပ် ဗိုလ်ကျလုပ်ဆောင်နေလို့ မြန်မာနိုင်ငံဘက်က ပို့ကုန်လုပ်ငန်းရှင်တွေ၊ ကုန်ကားသမားတွေနဲ့ ကုန်တင်ကုန်ချလုပ်သားတွေက မကျေမနပ် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ် ကားသမားတွေ၊ ကုန်တင်ကုန်ချလုပ်သားတွေအတွက် မြန်မာဘက်က တင်ပို့သူတွေက လုပ်အားခ ကျခံ ပေးရတဲ့အတွက် အမြတ်အစွန်းတွေ၊ လုပ်အားခတွေ ထိခိုက်ပွန်းပဲနစ်နာလွန်းခဲ့ရလို့ပါ။ ပျက်စီးလွယ်တဲ့ ကုန်စည် တွေဆိုရင် ပိုပြီးတော်တဲ့ တရုတ်ကားသမားတွေ၊ ကုန်တင်ကုန်ချသမားတွေအတွက် ပိုပြီး လုပ်ခပေးရလို့လည်း မြန်မာပို့ကုန်လုပ်ငန်းရှင်တွေ အများကြီးနစ်နာခဲ့ရတယ်။
၂၀၂၀ ခုနှစ်ကတည်းက ရွှေလီ- မူဆယ်ကနေ တရုတ်ဘက်ကို မြန်မာပို့ကုန်လုပ်ငန်းတွေဟာ ကိုဗစ်နဲ့ နယ်ခြားစည်းပိတ်ပင်မှုကြောင့် ၈၀ ရာခိုင်နှုန်းလောက် အလုပ်မဖြစ်ခဲ့ဘူး။ အခုလည်း တရုတ်က ဇန်နဝါရီ ၈ ရက်နေ့မှာ နယ်စပ်ကုန်သွယ်မှုပြန်ဖွင့်မယ်ဆိုလို့ လွယ်ဂျယ်၊ ချင်းရွှေဝါ၊ ကန်တုံနဲ့ မူဆယ် တစ်လျှောက် မြန်မာ ပို့ကုန်တွေဟာ ကုန်ကားတန်းကြီးရှည်လျှားစွာနဲ့ တည်ရှိနေကြပြန်ပါပြီ။
တကယ်တော့ တရုတ်-မြန်မာ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအကောက်ခွန်လိုင်စင်သက်တမ်းတွေကို တိုးမြှင့်ပေး ထားပြီးဖြစ်ပေမယ့် တရုတ်ဘက်က မြန်မာ ပို့ကုန်သမားတွေ၊ ကုန်ကားသမားတွေ၊ လက်လုပ်လက်စား ကုန်တင် ကုန်ချသမားတွေဘက်က နှစ်နိုင်ငံ အကျိုးတူကုန်သွယ်မှုစာချုပ်အတိုင်း ဘာအကာအကွယ်မှ မပေးဘဲ တရုတ် ဘက်ကတစ်ဖက်သတ်လုပ်သမျှ၊ အခွင့်ကောင်းယူသမျှကို ခုတစ်ခါလည်း ထပ်ခံကြရဦးမှာပါ။ ဒီနောက် နစ်နာ နေရပါလျှက် ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ တရုတ်-မြန်မာစီးပွားရေးအသင်းကြီးတွေ (Sino-Myanmar Business Associations) ဘက်က ဆန့်ကျင်ကန့်ကွက်တဲ့ ထင်ရှားတဲ့ ကိစ္စမျိုး ဒီနေ့အထိ မရှိသေးဘူး။ ကန့်လည်း မကန့် ကွက်ရဲကြဘူး။
ဒီအတိုင်းဆို နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး စာချုပ်ဆိုတာ တရုတ်ကသာ ချယ်လှယ်၊ တစ်ဖက်သတ် ချည်နှောင်တဲ့လုပ်ငန်းအဖြစ် မြန်မာ ပို့ကုန်သမားတွေ နစ်နာသထက်နစ်နာ၊ အရှုံးပေါ်သထက်ပေါ်ဖို့ပဲ ကျန်တော့တယ်။ မြန်မာဘက်က တရုတ်ဘက်ကို ပို့ကုန်မြှင့်တင်ပြီးနိုင်ငံအကျိုးစီးပွားတိုးဖို့ အကောက်ခွန်လိုက်လျောမှုသက်တမ်း(custom duty concessions ) တွေကို တိုးပေးထားပေမယ့် ကုန်သွယ်မှုအရွေ့က မြန်မာဘက်ကသာ အောက်ကျနောက်ကျဖြစ်သထက်ဖြစ်လာရဖို့ပဲရှိတယ်။
တရုတ်ရဲ့ လက်ဝါးကြီးအုပ်ခြင်းကနေ လွတ်မြောက်ဖို့အတွက် မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ထိုင်းတို့နဲ့ ပိုပြီး နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်မှုလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ဆောင်ရမယ်။ အိန္ဒိယ- မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးတည်ဆောက်နေမှုက တရုတ်ရဲ့ အရိပ်အောက်ကလွတ်ဖို့ အဓိကအကျဆုံးဖြစ်တယ်။ ဒီလမ်းကနေ သာတူညီမျှ နှစ်နိုင်ငံအကျိုးတူကုန်သွယ်မှုလုပ်ငန်းတွေလုပ်ရင် မြန်မာနိုင်ငံအရှေ့ဖျားကနေ အနောက်ဖျားအထိ စီးပွားရေးအမြင်တွေ၊ အကျိုးတရားတွေက ပြောင်းလဲတိုးတက်သွားမယ်။ ပြည်တွင်း အခြေခံလုပ်သားတွေရဲ့ ဝင်ငွေနဲ့အကျိုးစီးပွား၊ ကျေးလက်ပြည်သူ အကျိုးစီးပွားတွေလည်း သေချာပေါက် မြင့်တက်ပြီး အခွင့်အလမ်း တွေအများကြီး ရလာမယ်။
ချင်းနဲ့ရခိုင်ကိုဖြတ်သွားမယ့် စစ်ကိုင်းက ကလေး၀-ယာကြီးလမ်း စီမံကိန်းနဲ့ ကုလားတန်ဘက်စုံပို့ ဆောင်ရေးစင်္ကြန်လမ်းစီမံကိန်းတွေဟာ မြန်မာ့စီးပွားရေးစင်္ကြန်လမ်းကြီးရဲ့ အခရာကျမှုဖြစ်လာမယ်။ စစ် ကိုင်း၊ ချင်း၊ စစ်ကိုင်းက က ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်စေဖို့ သေချာနေပြီး ဒေသတွင်း စီးပွားရေးတစ်ဖန် ပြန်လည် မြင့်တက် တည်ငြိမ်သွားပါလိမ့်မယ်။