အထောက်အထားရှိသူတွေ တရုတ်ဘက်က ဓာတ်ဆီဝယ်ယူပြီး မူဆယ်မှာ ပြန်လည်ရောင်းချခွင့် ရရှိနေ
မဲခေါင်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အိမ်ထောင်စုဇယားရှိသူတွေ တရုတ်နိုင်ငံဘက်ကူးသန်းခွင့် တစ်နှစ်စာအုပ်နဲ့ ကညန လိုင်စင်ရ ကားရှိရင် ဓာတ်ဆီတရုတ်နိုင်ငံထဲက ဓာတ်ဆီဝယ်ယူခွင့်နဲ့ မူဆယ်ဘက်မှာ ပြန်လည်ရောင်းချခွင့် ရရှိကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ကြယ်ဂေါင်ဘက်မှာ Probox ကဲ့သို့ အိမ်စီးကားငယ်တစ်စီး ဆီအပြည့်ဖြည့်မှ တရုတ်ငွေ ခုနှစ်ယွမ်ခွဲ(ကျပ် ၅၀၀၀ )သာ ကျပြီး မူဆယ်ဘက်မှာပြန်ရောင်းပါက ကျပ်တစ်သိန်းခြောက်သောင်း(ကျပ် ၁၆၀၀၀၀)ခန့် ရတယ်လို့ သိရပါတယ်။
“ ဒီဖက်က ကြယ်ဂေါင်ဘက်ရောက်ယုံ ဆီထည့်မောင်းသွားပြီး ဟိုဘက်မှာ ကားဆီတိုင်ကီ အပြည့်ထည့်လာပြီး ပြန်ထုတ်တာ၊ မြတ်နေကြတာ၊ ဆင်ဖြူဂိတ်မှာ သူဌေးတွေက အစအားလုံးလုပ်နေကြတာ”လို့ မူဆယ် ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ဒီနေ့(ဇန်နဝါရီ၂၈)မှာပြောပါတယ်။
မူဆယ်မြို့မှာ အိမ်ထောင်စုဇယားရှိပြီး ကမ်းကူး တစ်နှစ်စာအုပ်နဲ့ ကိုယ်ပိုင် လိုင်စင်ရှိကားရှိသူတွေ၊ တစ်ဖက်နိုင်ငံသွားလာခွင့်ရှိသူတွေသာပြုလုပ်ခွင့်ရပေမယ့် အစ္စလမ်ဘာသာဝင်တွေတော့ တရုတ်ဘက်က ဝင်ရောက်ခွင့်မပေးဘူးလို့သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်က လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်တစ်နယ်စပ်ဂိတ်တွေဖွင့်ပေးခဲ့ပြီး ဆောက်လုပ်ရေးပစ္စည်းတွေနဲ့စက်သုံးဆီတွေကို အကန့်အသတ်နဲ့ ပြန်လည်သယ်ယူခွင့်ပေးထားပါတယ်။
MK-012
#MeKongNews








