မိုင်းတုံနဲ့ မိုင်းဆတ်ကြားမှာ ပြည်သူ့စစ်အကာအကွယ်နဲ့ တရုတ်နိုင်ငံသားတွေ တရားမဝင် မြေရှားသတ္တု တူးဖေါ်နေ
မဲခေါင်၊ ဇန်နဝါရီ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နဲ့ မိုင်းဆတ်ကြားမှာ လွယ်ခမ်းလုံ ပြည်သူ့စစ်အကာအကွယ်နဲ့ တရုတ်နိုင်ငံသားတွေ မြေရှားသတ္တုတူးဖေါ် ထုတ်လုပ်နေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မိုင်းတုံကနေ မိုင်းဆတ်သွားကားလမ်းရဲ့ ၈မိုင်၊ ၁၀မိုင် ၊ ၁၁မိုင် ရွာတွေရဲ့ အနောက်ဘက်မှာရှိနေတဲ့ မြေရှားသတ္တုလုပ်ကွက်တွေကို google earth မြေပုံမှာကြည့်လို့ရသလို မြေပြင်မှာလည်း တွင်းတွေဖောက်တာ၊ ချက်ကန်အဆင့်ဆင့် တူးဖော်တည်ဆောက်ကာ ထုတ်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်လုပ်ငန်းရှင်တွေကို လွယ်ခမ်းလုံ ပြည်သူ့စစ်က ခေါ်ဆောင်လာကာ ဒေသခံလားဟူတိုင်းရင်းသားတွေနဲ့ ပေါင်းစပ်လုပ်ကိုင်နေကြတာလို့ မိုင်းတုံ ဒေသခံတစ်ဦးက ပြောပါတယ်။
“ တရားဝင်မဟုတ်ဘူး၊ ရွှေအကြောင်းပြပြီး ထုတ်နေတာ၊ ကြားရတာတွေက ရွှေထုတ်တာမဟုတ်ဘူး၊ မြေရှားထုတ်နေတာ၊ သွားကြည့်ဖို့ကလည်း မဆိုင်တဲ့သူတွေလုံးဝ ဝင်သွားလို့မရဘူး၊ ပြည်သူ့စစ်တွေက လက်နက်ကိုင်စောင့်နေတာ”လို့ ပြောပါတယ်။
ခန့်မှန်းချေ ကိုက်သုံးထောင်(၃၀၀၀)ခန့်ကျယ်ဝန်းတဲ့ အဲ့ဒီလုပ်ကွက်ဟာ စစ်ကောင်စီရဲ့ အမြောက်တပ် ၃၈၆ ရဲ့ နယ်မြေထဲမှာတည်ရှိကာ လွယ်ခမ်းလုံပြည်သူ့စစ်ခေါင်းဆောင် ကျော်ဇင်လတ်အဖွဲ့စိုးမိုးတဲ့ ဧရိယာဖြစ်တယ်လို့ ဒေသခံတွေကထံက သိရပါတယ်။
ကျော်ဇင်လတ်ဟာ ရွှေလားဟူ ကုမ္ပဏီအမည်နဲ့ ခနောက်စိမ်းအကြောင်းပြပြီး ရွှေတူးရာကနေ အခု မြေရှားတူးနေတာလို့ ဒေသခံတချို့ကပြောပါတယ်။
အဲ့ဒီသတ္တုလုပ်ကွက်တွေမှာ အသုံးပြုတဲ့ အပြင်းစားအက်ဆစ်နဲ့ဓာတုဗေဒဆေးတွေကြောင့် ပတ်ဝန်းကျင် အဆိပ်သင့်ထိခိုက်မှာကို ဒေသခံတွေ စိုးရိမ်ကာ အုပ်ချုပ်ရေးပိုင်းကိုပြောပေမယ့် ဂရုမစိုက်ဘူးလို့ သိရပါတယ်။
“ အုပ်ချုပ်သူတွေက ဧည့်သည်တွေလေ၊ သူတို့က ခဏလာပြီးရသမျှ စီးပွားရှာသွားမှာ၊ ကျန်ခဲ့တဲ့ ဒေသခံ တွေကတော့ ဒုက္ခရောက်ကျန်ခဲ့မှာ၊ အထူးသဖြင့် အဲပတ်ဝန်းကျင်က လားဟူတွေပဲ၊ သူတို့ခေါင်းဆောင်ကချမ်းသာပြီး သူတို့ကတော့ အဆိပ်သင့်ကျန်ခဲ့မှာ”လို့ ပတ်ဝန်းကျင်လေ့လာသူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
မြေရှားသတ္ထု (Rare earth Elements)REE တွေဟာ အီလက်ထရောနစ်ထုတ်ကုန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့သတ္တုတစ်မျိုးဖြစ်ပါတယ်။ နည်းစနစ်တကျတူးဖေါ်တာမျိုးမဟုတ်ရင် ပတ်ဝန်းကျင်အပေါ် ပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်ပေါ်စေမယ်လို့ သဘာဝပတ်တန်းကျင်ပညာရှင်တွေက သတိပေးထားတာတွေလည်း ရှိပါတယ်။
မြေရှားသတ္တုတူးရာမှာ မြေကြီးထဲ အပေါက်တွေဖောက်ပြီး အပြင်းဆုံးအက်ဆစ်တွေနဲ့ အရည်ဖျော်ပြီးနောက် ထွက်လာတဲ့သတ္တုရည်တွေကို ချက်ကန်ထဲထည့်ကာ ဓာတုနည်းနဲ့ အငွေ့ပျံစေပြီး သတ္တုရိုင်းကို ထုတ်ယူနေတာဖြစ်လို့ သဘာဝပတ်ဝန်းကျင် အလွန်အမင်းထိခိုက်စေကြောင်း ကမ္ဘာ့နိုင်ငံတွေက ထောက်ပြနေကြတယ်လို့ Myanmar Witness က ၂၀၂၄ မေလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောတောင်တွေကို အပြောင်ရှင်းပြီး ကျင်းတွေ၊ ချက်ကန်တွေပြုလုပ်ရတာဖြစ်လို့ မြေနဲ့ရေတွေအဆိပ်သင့်တာ၊ အပင်တွေနဲ့ တိရိစ္ဆာန်တွေသေကြေပျက်စီးတာ၊ အပေါက်တွေကျန်ခဲ့လို့ မိုးရာသီမှာ တောင်တွေပြို ရေကြီးတာတွေဖြစ်နေပြီး လူတွေကိုလည်း အဆိပ်သင့်စေတယ်လို့ ဆိုပါတယ်။
တောင်ထိပ်ပေါ်ရေကန်တည်၊ ကန်အောက်မှာ အပေါက်ဖေါက်၊ ကျောက်အရည်ပျော်တဲ့ အက်ဆစ်ထည့်၊ တောင်ခြေမှာ စိမ့်ထွက်လာတဲ့သတ္တုပျော်ရည်ကို ရေသွယ်မြောင်းနဲ့စုဆောင်းယူ၊ သတ္တုပျော်ရည်ကို အက်ဆစ် မှုန့်ရည်နဲ့ ပြန်ဖမ်းတဲ့နည်းနဲ့ မြေရှားသတ္တုကို ထုတ်ယူရတာဖြစ်ပါတယ်။
မြေရှားသတ္တု အဆင့် သုံးမျိုးဖြစ်တဲ့ အပေါ့၊ အလတ်၊ အလေးမှာ မြန်မာနိုင်ငံကထွက်ရှိတဲ့မြေရှားဟာ တန်ဖိုးအရှိဆုံး အလေးအတန်းအစားထွက်ရှိတာဖြစ်ပြီး တရုတ်နိုင်ငံကို သတ္တုရိုင်း HREO (Heavy Rare Earth Oxides)အနေနဲ့ ရောင်းချနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်က မြေရှားထွက်တဲ့ပန်ဝါကို ၂၀၂၄ခုနှစ်၊ အေက်တိုဘာလ ၁၈ ရက်မှာ KIA က သိမ်းပိုက်ပြီးတဲ့နောက် တရုတ်ကိုတင်ပို့တာ ရပ်ဆိုင်းခဲ့ရာက အခုလို ရှမ်းပြည်နယ် မိုင်းတုံဘက်မှာ တူးဖော်လာနေတာဖြစ်ပါတယ်။
Myanmar Witness က ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်ကထုတ်ပြန်ချက်မှာ မြန်မာမှာ မြေရှားနေရာ၂၃၈ နေရာ ရှိတယ်လို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာကရတဲ့ မြေရှားသတ္တု ၇၅ရာခိုင်နှုန်းနဲ့ကမ္ဘာလုံးဆိုင်ရာ REEs ရဲ့ အကြီးဆုံးထုတ်လုပ်နေသူဖြစ်ပြီး သူ့နောက်ကမှ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဘရာဇီးနဲ့ ရုရှားတို့ဖြစ်တယ်လို့သိရပါတယ်။
မြန်မာက ၂၀၂၄ခုနှစ်၊ အစောပိုင်း ကိုးလမှာ မြေရှားတန်ချိန်သုံးသောင်းကျော်ကို တရုတ်ဘက်တင်ပို့ခဲ့ပြီး စစ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ အမေရိကန် သုံးဘီလျံကျော် တရုတ်ကိုတင်သွင်းခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်ဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မြေရှားသတ္တုကိုကုန်ကြမ်း HREO အဆင့်နဲ့သာ တရုတ်ကိုရောင်းချနိုင်တာဖြစ်ပြီး မြေရှားသတ္တုတူးဖော်မှုအများဆုံးရှိတဲ့ နေရာတွေကတော့ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသတို့ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကုန်ကြမ်းအဆင့်သာ တူးဖော်ထုတ်လုပ်နိုင်တဲ့ မြန်မာဟာ ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်မှာ တရုတ်သတင်းဌာနတခုဖြစ်တဲ့ Global Times ကဖော်ပြထားပါတယ်။
MK-012
#MeKongNews









