မိုင်းကိုင်မြို့မှာ စက်သုံးဆီပြတ်လပ်နေ၊ နယ်လုံထောက်ခံချက်နဲ့သာ ဝယ်ယူခွင့်ရ
မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ထားလို့ စက်သုံးဆီပြတ်လပ်နေပြီး စစ်ကောင်စီရဲ့ ရှမ်းပြည် နယ်စပ်နဲ့ လုံခြုံရေး(နယ်လုံ)ထောက်ခံချက်နဲ့ သာ ဝယ်ယူခွင့်ရရှိတယ်လို့ ရှမ်းတောင်စက်သုံးဆီစျေးကွက်က သိရပါတယ်။
မိုင်းကိုင်မြို့ဟာ နမ့်လန်ကနေ ရှမ်းမြောက်က TNLA ထိမ်းချုပ်ထားတဲ့ သီပေါသွားတဲ့ လမ်းကြောင်းနဲ့ လားရှိုးသွားတဲ့လမ်းပေါ်မှာ တည်ရှိတာဖြစ်လို့ ရှမ်းမြောက်ကို ကုန်ပစ္စည်းမရောက်ဖို့ စစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့နေတဲ့ မြို့ဖြစ်ပါတယ်။
“ အရင်က မြို့အုပ်ချုပ်ရေး ထောက်ခံချက်နဲ့ ဝယ်လို့ရသေးတယ်၊ ခုမရတော့ဘူး၊ ဆီပန့်တွေမှာ ဆီဝယ်လို့ မရတော့ဘူး၊ အခုကဆီတစ်လီတာကို ၇၅၀၀ ၊ ၈၀၀၀ ဖြစ်နေပြီ” လို့ မိုင်းကိုင်ရပ်ကွက်၂နေသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
မြို့ပေါ်သွားလာရေးနဲ့ ကျေးလက်စိုက်ပျိုးရေးသုံးစက်တွေ၊ မီးစက်တွေအတွက် ဝယ်ယူရရှိတာနဲ့ ဒေသလိုအပ်ချက် လုံလောက်မှုမရှိဘူးလို့ပြောပါတယ်။
စက်သုံးဆီရောင်းသူတွေအနေနဲ့ ဝယ်ယူရတာမလွယ်ကူလို့ စျေးကို ကြိုက်ရောင်းကြိုက်ဝယ် အနေအထားပဲရောင်းဝယ်နေကြရတယ်လို့ ပြောပါတယ်။
“ အခုက ကြက်သွန်ဖြူစိုက်ရာသီလေ၊ စက်တွေ ဆီမရလို့ လူတွေနဲ့ပဲလုပ်နေရတာ၊ ဒါလည်းလူတွေ အတော်များများက စစ်သားဖမ်းတာကြောက်လို့ မရှိကြတော့ဘူး၊ လူခေါ်ရတာလည်း တစ်ယောက် တစ်သောင်းပေးတောင်မလွယ်ဘူး” လို့ မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ လက်လွတ်ဆုံးရှုံးခဲ့တဲ့ ရှမ်းမြောက်က မြို့ရွာတွေကို ဖြတ်တောက်ရေးတွေပြုလုပ်နေတာမှာ ကုန်စည်တွေကိုသယ်ယူခွင့်မပြုပဲ တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
MK-012
#MekongNews








