မဲခေါင်၊ ဩဂုတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း ဓါတ်ဆီမှောင်ခို ရောင်းချနေသူတွေကို စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)တွေက အသွင်ယူ ဖမ်းဆီးနေတယ်လို့ စုံစမ်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်အတွင်း တောင်ကြီး – ဟိုပုံး၊ ညောင်ရွှေ – တောင်ကြီး လမ်းမကြီး တစ်လျှောက်က လမ်းဘေးမှာ မှောင်ခို ချရောင်းနေသူတွေနဲ့ လူမှုကွန်ယက် စာမျက်နှာ (Facebook)တို့မှာ ရောင်းချနေသူတွေကို စရဖက လိုက်လံ ဖမ်းဆီးနေတာပါ။
“တခြားတော့ မသိဘူး။ တောင်ကြီး – ဟိုပုံးလမ်းကတော့ တစ်ခါတည်း ဖမ်းချုပ်ပြီး ကားပေါ်တင်ခေါ်သွားတာ။ ဆီလည်း ရှုံးမယ်။ လူလည်း ဂျေးအောင်းရမယ်။ ကျနော့်အသိ မှောင်ခိုသမားတွေတော့ ငြိမ်သွားပြီ” လို့ မှောင်ခိုရောင်းချသူနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မှောင်ခိုရောင်းချသူတွေကို တောင်ကြီးမြို့၊ အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားကာ ငွေကျပ် ၃ သောင်းဝန်းကျင် တောင်းခံပြီး ပြန်လွှတ်ပေးတာတွေ ရှိသလို တချို့ကလည်း ပြီးခဲ့တဲ့ ၂ ရက်ကတည်းက အခုထိ အချုပ်ကျနေတုန်းပဲလို့ ဆိုပါတယ်။
မှောင်ခိုရောင်းချသူတွေဟာ တောင်ကြီးမြို့ပေါ်ရှိ တရားဝင် ရောင်းချပေးနေတဲ့ ဆီပန့်တွေမှာ တစ်လီတာ ၃ ထောင်ကျပ်ဈေးနဲ့ တန်းစီတိုး ဝယ်ယူကြရာတာဖြစ်ပြီး တစ်လီတာ တစ်သောင်းကျပ်နှုန်းနဲ့ ပြန်ရောင်းချကြတာပဲ ဖြစ်ပါတယ်။
“တစ်ဖက်ကကြည့်ရင်တော့ သူတို့ စားဝတ်နေရေးအတွက် စိတ်မကောင်းဘူးပေါ့။ တဖက်ကကြည့်ရင်လည်း မှောင်ခိုသမားတွေ မရှိတော့ရင် အရေးပေါ် ဆေးရုံကား၊ ကျောင်းကားတွေအတွက် ဆီတိုးရတာ ပိုချောင်တာပေါ့” လို့ နေ့စဉ် စက်သုံးဆီ တန်းစီ ဝယ်ယူနေသူ တစ်ဦးက ပြောပါတယ်။
လတ်တလော တောင်ကြီးမြို့တွင်းမှာ ညောင်ဖြူစခန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်ကွက် နှင်းဆီလမ်း၊ စူဠာမုနိဘုရားအနီးနဲ့ တောင်ကြီးမြို့ထွက် ဆီပန့်တွေမှာ ရောင်းချပေးနေပေမယ့် လူဦးနှုန်းအတွက် ဝယ်ယူခွင့်နဲ့ အချိန်ကို ကန့်သတ်ထားတာကြောင့် မနက် ၂ နာရီကတည်းက ဝယ်ယူဖို့အတွက် တန်းစီနေရတာကြောင့် တစ်နေကုန် အလုပ်ပျက် အချိန်အလဟသ ဖြစ်တာတွေ ကြုံနေရတယ်လို့ သိရပါတယ်။
MK-015








