မဲခေါင် မေ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။
သင်္ကြန်ကာလအလွန်က တစ်ပိသာ ၇၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ရာကနေ ဒီတစ်ပတ်အတွင်း ခရမ်းချဉ်သီးဈေး စံချိန်တင်ဈေးနှုန်း မြင့်တက်လာပြီး တစ်ပိသာ ၂၂၀၀ ကျပ်ဝန်းကျင် (ပိဿာ ၃၀ ပါ တစ်တင်းအိတ် တစ်အိပ်ကို ငွေကျပ် ၆၅,၀၀၀ ကျပ်)အထိ မြင့်တက်နေပါတယ်။
ဒါပေမယ့် စိုက်ပျိုးသူတွေကတော့ စိုက်ပျိုးစရိတ်နဲ့ သွင်းအားစု မြေသြဇာဈေး ၂ဆ ကျော် မြင့်တက်နေတဲ့အပြင် အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်ကြတာ၊ စစ်မှုထမ်း ဥပဒေကြောင့် ဒေသတွင်း လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး မစိုက်ပျိုးနိုင်တာစတဲ့ အကြောင်းအရာတွေကြောင့်လည်း အရင်နှစ်ထက် ၄ ပုံ တစ်ပုံ လျော့နည်းသွားပြီး အထွက်နှုန်းနည်းပါးတာ ဖြစ်တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ညောင်ရွှေမြို့ ပွဲရုံပိုင်ရှင် တစ်ဦးက “ဒီနှစ်က ဈေးကောင်းရပေမယ့် တောင်သူတွေအတွက် အမြတ်သိပ်မကျန်ဘူး။ အာဏာမသိမ်းခင်က မြေဩဇာဈေး ၅ သောင်းကနေ မနှစ်ဆို ၈ သောင်းလောက်အထိ တက်တာပေါ့နော်။ ဒီနှစ်ကျတော့ တစ်သိန်းခွဲ၊ ၂ သိန်းတွေ ဖြစ်ကုန်တာပေါ့။ စိုက်ပျိုးစရိတ်ပိုကုန်ကျတော့ ဈေးဘယ်လောက်ရရ ဘာမှမထူးဘူး။ နည်းနည်းပါးပါး စားသောက်ရရုံလောက်ပဲ ပိုလျှံတာပေါ့” လို့ ပြောပါတယ်။
ဒီနှစ် ခရမ်းချဉ်သီး ထွက်ချိန်မှာ အပူရှိန်ပြင်းပြီး အသီးပျက်တာ၊ တချို့အပင်တွေ စိုက်ပျိုးခါစဖြစ်ပြီး အသီးမသီး သေးတာတွေလည်းရှိနေပြီး ပွဲစားတွေ အကြိုက်မတွေ့လို့ မဝယ်တာတွေလည်းရှိနေပါတယ်။
သလဲဦးရွာနေ စိုက်ပျိုးတောင်သူ တစ်ဦးက “ဒီနောက်ပိုင်းက ကုန်းပေါ်သီးနဲ့ အမြဲတိုက်နေတော့ သိပ်မစိုက်ကြတော့ဘူး။ ကျနော်တော်တို့က အများကြီး မျှော်လင့်ထားပေမယ့် ကုန်းပေါ်သီးနဲ့ တိုက်နေရင် အကုန်ရှုံးပြီလေ။ ပြီးတော့ နိုင်ငံရေးမကောင်းတော့ ပွဲစားတွေကလည်း ဝယ်လိုက် မဝယ်လိုက်နဲ့ ဆိုတော့ သိပ်မစိုက်ကြတော့ဘူး။ အဲတာထက် အဓိက စိုက်ဖို့ ကုန်ကျစရိတ်တွေ ဈေးတက်လာတာပေါ့” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ မသိမ်းခင်က ခရမ်းချဉ်သီး တစ်ဧကအတွက် စိုက်ပျိုးကုန်ကျစရိတ် သိန်း ၅၀ ခန့်သာ ကုန်ကြပေမယ့် လက်ရှိမှာတော့ ကုန်ဈေးနှုန်း မတန်တဆ မြင့်တက်လာမှုတွေကြောင့် ကုန်ကျစရိတ်အနေနဲ့ သိန်း ၁၀၀ နီးပါးခန့် ရှိလာတယ်လို့ ဆိုပါတယ်။
အင်းလေးဒေသမှာ ခရမ်းချဉ်သီးကို သပြေပင်၊ ပျားပင်၊ လယ်သစ်၊ မိုင်းသောက်အင်း၊ သလဲဦးအင်း၊ လင်းကင်း၊ ကေလာ၊ ဇရပ်ကြီး စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်ခန့်မှာ စိုက်ပျိုးကြပြီး စိုက်ပျိုးမြေ ကျွန်းမျောဧကပေါင်း ၂ သိန်းနီးပါးခန့် ရှိနိုင်တယ်လို့ တောင်သူတွေရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
MK014








