မဲခေါင်၊ နိုဝင်ဘာ ၁
မြန်မာ-တရုတ် အဓိကကုန်သွယ်ရာ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံ ရှိ စစ်ကောင်စီခန့်ဝန်ထမ်းတွေ တိမ်းရှောင်သွားသဖြင့် ကုန်သွယ်ခွင့်မရဘဲ ဖရဲကားများ စီတန်းစောင့်ဆိုင်းနေရပြီး ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်များထံကသိရပါတယ်။
မူဆယ်မြို့နဲ့ ကုန်သွယ်ရေးဇုံအနီး တိုက်ပွဲတွေမဖြစ်ပေမယ့် ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် တရုတ်ကိုပို့မယ့် ကုန်စည်များ ဂျုတီဆောင်နိုင်ခြင်း မရှိတာကြောင့် ကုန်စည်များ မပို့နိုင်ဘဲ ပျက်စီးဆုံးရှုံးရခြင်းများရှိနေတယ်လို့ ကုန်သည်များထံက သိရပါတယ်။
“ တိုက်ပွဲတွေထဖြစ်တော့ ပြန်ဆင်းလာနိုင်တာ ၄ စီးလောက်ဘဲရှိတယ်၊ လမ်းမှာပိတ်မိနေတာနဲ့၊ ဇုံထဲမှာက အစီး ၅၀ နီးပါးရှိတယ်၊ အခုဝန်ထမ်းတွေက ထွက်ပြေးတော့ ကားတွေက ဂျူတီဆောင်ပေးမယ့်သူမရှိတော့ တရုတ်ဘက်ကိုမသွားနိုင်ဘဲ၊ ဇုံထဲရပ်ထားရတယ်၊ အသီးတွေကပုပ်နေပြီ၊ အခြေနေကလည်း ဘာမှန်းမသိတော့၊ ဖရဲကားတစ်စီးကို ဆုံရှုံးနိုင်ခြေက သိန်း ၅၀ ကျော်လောက်ရှိတယ်” လို့ ဖရဲကုန်သည်တစ်ဦးက ပြောပါတယ်။
တရုတ်– မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်တဲ့ လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးကို တိုက်ပွဲစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ယာယီပိတ်ထားမယ်လို့ MNDAA က အသိပေး ထုတ်ပြန်ထားပါတယ်။
“ကုန်သွယ်ရေးပိတ်တာ၊ ဆုံးရှုံးတာကို ပြောလို့မရတဲ့ အခြေနေဖြစ်နေတယ်၊ အခုက စစ်ရေးပါဖြစ်နေတော့၊ အခုမူဆယ်ကလုပ်ငန်းရှင်အကြီးကြီးတွေတောင် မန္တလေးကိုအကုန်ဆင်းကုန်ပြီး ပဲလှော်ကြားဆားညှပ်မှာ ကြောက်တာ၊ စစ်တပ်ဖက်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေရော ကုန်သွယ်ရေးဖြေရှင်းဖို့ထက် ဘာဆက်ဖြစ်မယ်ဆိုတာ၊ မှန်းမရဘူး၊ နယ်စပ်ကုန်သွယ်ရေးကတော့ အကြီးအကျယ်ထိခိုက်နေပြီ” လို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
တရုတ်နယ်စပ်ကို မြန်မာ့ပို့ကုန် ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်လျက်ရှိပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရက် ပို့ကုန်၊ သွင်းကုန် ကုန်ကားအစီးရေ ၂၀၀ နီးပါး ကုန်အရောင်းအဝယ်ရှိပါတယ်။
လက်တလော နယ်စပ်ကုန်သွယ်ရေးအတွက် စစ်ကောင်စီခန့်အပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာစီးပွားရေးဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ဟာ တိုက်ပွဲများ စတင်ပြီး နောက်ပိုင်းမှ စပြီး တိမ်းရှောင်နေကြတာပါ။
တရုတ်-မြန်မာနယ်စပ် လက်ရှိကုန်သွယ်မှု ပြုလုပ်နေတဲ့ နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနဲ့ ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးတွေဖြစ်ကြပါတယ်။
မြန်မာဘက်မှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိ သည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ ပြန်လည်တင်သွင်းနေပါတယ်။
MK-006
#MeKongNews
#တရုတ်
#မြန်မာ
#နယ်စပ်
#တိုက်ပွဲ
#ထိခိုက်




