မဲခေါင်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်းက အရေးပါတဲ့ လားရှိုး – ချင်းရွှေဟော် ပြည်ထောင်စု လမ်းမကြီး နဲ့ လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးကို အရေးပေါ် ပိတ်ပင်လိုက်တယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။
ကိုးကန့်ဒေသ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းရန်၊ လောက်ကိုင်မြို့နယ်ရှိ ကျားဖြန့် ကုမ္ပဏီတွေကို တိုက်ခိုက် ရှင်းလင်းရန်နဲ့ ကျားဖြန့် လုပ်ငန်းများကို အကာအကွယ်ပေးနေတဲ့ နောက်ကွယ် အင်အားစုတို့ လားရှိုးမှ တစ်ဆင့် စစ်အင်အား တိုးချဲ့လာမှာကို ဟန့်တားရန် အတွက် အရေးပေါ် ပိတ်လိုက်တာ ဖြစ်တယ်လို့ MNDAA အဖွဲ့က ပြောပါတယ်။
အဲ့ဒီလမ်းမကြီးကို ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့၊ မနက် ၆ နာရီမှာ စပြီး ပိတ်ပင်လိုက်တာဖြစ်ပြီး လမ်းပိတ်ထားတဲ့ ကာလအတွင်း ဘယ်အကြောင်းပြချက်နဲ့မှ ဘယ်ယာဉ်တန်းမှ ဖြတ်သန်း သွားလာခွင့် မပြုဘူးလို့ MNDAA က ပြောပါတယ်။
ပြည်ထောင်စု လမ်းမကြီး အရေးပေါ် ပိတ်ထားတဲ့ ကာလအတွင်း ထုတ်ပြန် အသိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်း သွားမယ်ဆိုရင် ရန်သူရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ တိုက်ခိုက် ချေမှုန်းသွားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လမ်းမကြီးပေါ် ယာဉ်တွေ ပြန်လည် ဖြတ်သန်းသွားနိုင်မယ့် အချိန်ကိုတော့ ထပ်မံ ကြေညာသွားမယ်လို့ MNDAA ကဆိုပါတယ်။
ဒီကနေ့ မနက်မှ စတင်ပြီး စစ်ဆင်ရေးကြီး စတင်ကြောင်း ကြေညာပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း တခွင်မှာ မဟာမိတ်တပ်ဖွဲ့တွေ တစ်ပြိုင်နက်တည်း စစ်ကောင်စီစခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေပြီး သုံးပန်းများ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာတွေလည်း ရှိနေပါတယ်။
CJ-002
#MekongNews
#ကိုးကန့်ဒေသ
#MNDAA
#လားရှိုး-ချင်းရွှေဟော်









