ငလျင်လှုပ်ခတ်နေချိန် စစ်ကောင်စီက နောင်ချိုကို ဗုံးကြဲတိုက်ခိုက်၊ DPLA က အမျိုးသမီးတပ်ဖွဲ့ဝင် ၆ဦးအပါအဝင် ၇ဦး ကျဆုံး
မဲခေါင်၊ မတ်၂၉
ယမန်နေ့ မတ်လ ၂၈ရက်၊ နေ့လယ် ၁နာရီခန့် စစ်ကိုင်းပြတ်ရွေ့ကြောငလျင်ကြီး လှုပ်ခတ်ပြီး နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန်တွင် စစ်ကောင်စီက နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေချိန် နေ့လယ် ၁၂နာရီ ၅၅မိနစ်ကျော်တွင် လေယာဥ် ၃ စီးဖြင့် နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို စစ်ကောင်စီက ဗုံး ၃ ကြိမ်လာကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ရဲမေ ၆ဦး၊ ရဲဘော်တစ်ဦး ကျသွားတယ်။ ဗုံးချတာ ၈ လုံး၊ စက်သေနတ်နဲ့လည်း ပစ်တယ်”ဟု ၎င်းက ပြောသည်။
ဗုံးဒဏ်ကြောင့် အိမ်မွေးတိရိစ္တာန်အချို့ သေဆုံးခဲ့သလို စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ် ၄ လုံး ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
ပြီးခဲ့သည့်မတ်လ ၂၆ရက် ည ၆ နာရီခွဲခန့်မှာလည်း စစ်ကောင်စီလေတပ်က နောင်ချိုမြို့နယ် သုံးဆယ်နဲ့ အုမ္မခါး၊ ရွှေညောင်ပင်ရွာများကို လေယာဥ် ၂ စီး ဖြင့် ဗုံး ၅ ကြိမ် ကြဲချခဲ့ရာမှာ သုံးဆယ်ရွာမှ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးပြီး အုမ္မခါးရွာမှ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
#MeKongNews









