တပ်ဖွဲ့ဝင်အင်အား ၂၆၀ ကျော်ဖြင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် သင်တန်းဆင်းပွဲ
မဲခေါင်၊ မတ် ၂၄
အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို – DMO Local PDF မှ တပ်ဖွဲ့ဝင်အင်အား ၂၆၀ ကျော်ဖြင့် အရာရှိသင်တန်း အပတ်စဉ် ၁ နှင့် တပ်သားသစ်သင်တန်း အပတ်စဉ် ၂၄ သင်တန်းဆင်းပွဲ တို့ကို မတ်လ ၂၃ ရက်နေ့က ကရင်နီပြည်နယ်တနေရာတွင် ပြုလုပ်ကြောင်း သတင်းထုတ်ပြန်သည်။
သင်တန်းသားအများစုသည် ဒေသခံများဖြစ်ပြီး သင်တန်းသားဟောင်းများနှင့် တခြားနယ်မှသင်တန်းသားများပါ ပါဝင် တက်ရောက်ခဲ့ကြကြောင်း၊ တိုက်ခိုက်ရေးဘက်တွင် အဓိက ပါဝင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို ပြန်ကြားတာဝန်ရှိသူက မဲခေါင်ကိုပြောသည်။
“တပ်ဖွဲ့ဝင်အားလုံးကို စစ်စည်းကမ်းတွေနဲ့ ပြည်သူ့အပေါ်ထားရမယ့် ဆက်ဆံရေးတွေကို ကျနော်တို့ရဲ့ လက်စွဲစာအုပ်နဲ့အညီ ပို့ချပေးပါတယ်။ သင်တန်းသားက နယ်ကလူလဲပါတယ်။ အများအားဖြင့်တော့ ဒေသခံတွေပါဘဲ” ဟု ၎င်းက ဆိုသည်။
သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ သဝဏ်လွှာပေးပို့ခဲ့ပြီး ဒေသခံလူကြီးများ၊ CDM ဆရာဝန်/မ များ၊ အလှူရှင်များ၊ တော်လှန်ရေးတပ်ဖွဲ့အသီးသီးနှင့် အလယ်ပိုင်းတိုင်းစစ်ဒေသမှ စစ်ဖက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုက ယနေ့ မတ်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုကို ၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တပ်ဖွဲ့သက်တမ်း ၄ နှစ် နီးပါးဝန်းကျင်တွင် ကရင်နီပြည်နယ်နေရာ အနှံ့အပြားနှင့် ရှမ်းပြည်တောင်ပိုင်းဒေသများအထိ စစ်ရေးလှုပ်ရှားနေသည်။
တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ တပ်ဖွဲ့ဝင် ၄၇ ဉီးကျဆုံးခဲ့ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင်ထုတ်ပြန်ထားပြီး တိုက်ပွဲတွင်း မိုင်းကြောင့် ဒဏ်ရာရရှိသူ ၁၉၉ ဦးရှိခဲ့ကာ ၎င်းစာရင်းမှ ၃၈ ဦးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများနှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သူများဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။
ဂနိုက်
ဓာတ်ပုံ-DMO Local PDF သင်တန်းဆင်းပွဲအခမ်းအနား
#MeKongNews









