စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင်ခိုလှုံသူ များပြားလာဟု NUG ပြောရေးဆိုခွင့်ရှိသူ ပြော
မဲခေါင်၊ မတ် ၆
စစ်တိုက်နေရခြင်းအကြောင်းအရင်း (Reason to Fight) နှင့် စစ်ဘောင်ကျယ်လာခြင်းသဘောတရားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ နားလည်လာခြင်းကြောင့် ပြည်သူ့ရင်ခွင်ဘက်ပြောင်း ခိုလှုံမှုများပြားလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း စစ်ကောင်စီအဆင့်မြင့်အရာရှိ ဗိုလ်မှူးအဆင့် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနှင့်ပြည်သူ့စစ်စုစုပေါင်း ၆၄ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည်။
“အမှန်အတိုင်းပြောရရင် အမျိုး ဘာသာ သာသနာကိုကာကွယ်ဖို့တို့ တိုင်းပြည်ကိုကာကွယ်ဖို့ဆိုတာ ဒါတွေက ဂျင်းတွေထည့်ထားတာလေဗျာ။ တကယ်တမ်းကျတော့ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့သူ့မိသားစုနောက်ပြီး ဒီ ရာထူးကြီးကြီးစစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားကို အသက်ပေးပြီးတော့ကာကွယ်နေကြတာလေနော်။ ဒါကြောင့်မို့လို့ ဒါကိုသိမြင်နားလည်နေကြတဲ့သူတွေများပါတယ်။ ဒါပေမဲ့လည်း အခြေအနေ မပေးလို့သာ ကျနော်တို့ ဒီပြည်သူ့ရင်ခွင်ခိုလှုံမှုကို မလုပ်နိုင်တာပေါ့။ အခုတော့ပိုပြီးတော့ စစ်ဘောင်လဲကျယ်လာတယ်၊အသက်သေဖို့တွေလဲ ပိုပြီးနီးစပ်လာတဲ့အခါမှာ ပြည်သူ့ရင်ခွင်ခိုလှုံမှုတွေ ပိုပြီးများလာတာကိုတွေ့ရပါတယ်။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းဘတ်က မဲခေါင်ကိုပြောသည်။
၎င်းတို့ထဲမှ လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၄၅ ဦး အထိရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်ထဲတွင် စစ်ကောင်စီတပ်ဘက်မှဘက်ပြောင်းခိုလှုံလာသူ တလလျှင် ၂၀ ဦးမှ ၃၅ ဦးအထိသာရှိခဲ့ရာကနေ ယခုနှစ် ဇန်နဝါရီလတွင် ၁၃၈ ဦးအထိရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် ၆၄ ဦးအထိရှိလာခဲ့သည်ကို တွေ့ရသည်။
“အခုနောက်ပိုင်းဆိုရင် ပြည်သူ့စစ်ဆိုပြီး အတင်းအဓမ္မစစ်သားစုဆောင်းတဲ့ကိစ္စတွေလဲတောက်လျှောက်လုပ်လာတာပေါ့။ ဒီအဓမ္မစုဆောင်းတဲ့ကိစ္စတွေဆိုရင်လည်းပဲ ဘယ်သူ့မှကိုယ့်ဆန္ဒနဲ့ကိုယ့်ရဲ့ ဒီမူရင်းစိတ်နဲ့ဝင်ကြတာမဟုတ်ဘူးလေနော်။ တကယ့်ကိုပဲသဘောဆန္ဒမပါပဲ အဓမ္မစုဆောင်းခံကြရတာ။ အဲ့တော့ ဒီလူတွေဆိုရင်လည်း စပြီးတော့ အဓမ္မစုဆောင်းခံရတဲ့အချိန်ကစလို့ တောက်လျှောက် ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုပဲစဉ်းစားနေကြတာလေနော် အဲ့တာကြောင့်မို့လို့လဲပဲ အခုနောက်ပိုင်းဆိုရင်ပြည်သူ့ရင်ခွင်ခိုလှုံတာတွေ အလင်းဝင်တာတွေတော်တော်လေးများလာတာကိုတွေ့ရပါတယ်။”ဟု ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။
၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ပြည်သူဘက်ကို ရပ်တည်ကူးပြောင်းလာသူစစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်ဉီးရေ ၁၆,၀၀၀ အထက်တွင်ရှိနေကြောင်း ပြည်သူ့ပန်းတိုင်ပြောခွင့်ရ CDM ဗိုလ်မှူးနောင်ရိုးကပြောသည်။
ဂနိုက်
#MeKongNews








