ရေပူတိုက်ပွဲ၌ စစ်သုံ့ပန်းအဖြစ် ဖမ်းမိသည့် ပီအန်အိုတပ်ဖွဲ့ဝင်လေးဦး မိခင်တပ်ဖွဲ့သို့ ပြန်ဝင်လိုသည့်ဆန္ဒ မရှိကြ
မဲခေါင်၊ ဖေဖော်ဝါရီလ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ် ရေပူတိုက်ပွဲ၌ အင်းလေးတော်လှန်ရေးအဖွဲ့က စစ်သုံ့ပန်းအဖြစ် ဖမ်းမိသည့် ပီအန်အို ပြည်သူ့စစ်တပ်ဖွဲ့ဝင်လေးဦး အိမ်ပြန်ချင်သော်လည်း မိခင်အဖွဲ့အစည်းထံ ပြန်ဝင်လိုသည့် စိတ်ဆန္ဒမရှိကြောင်း တော်လှန်ရေးအဖွဲ့နှင့် တပ်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်ကပြောသည်။
ယခုလ ၁၆ ရက်တွင် ညောင်ရွှေမြို့နယ်၊ ရေပူတိုက်ပွဲ၌ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောသည်။
ဗိုလ်ကြီးနေမျိုးဇင်က “ သူတို့လေးဦးလုံးကို ကျွန်တော်တွေ့ပြီး မေးကြည့်ခဲ့တဲ့အချက်အရ သူတို့နယ်မြေကို သူတို့မပြန်ချင်ဘူး၊ လက်ရှိ ပီအန်အိုမှာရှိနေတဲ့ နေဝင်းထွန်းလို ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို သူတို့အနေနဲ့ ယုံကြည်မှုမရှိဘူးဆိုတဲ့ သူတို့ရဲ့ခံစားချက်ကို ကျွန်တော်အနေနဲ့ သိခဲ့ရတယ်”ဟု ပြောသည်။
ယခုလ ၂၅ ရက်တွင် “We fight for freedom” စာမျက်နှာ၌ ဖော်ပြသော ဗိုလ်ကြီးနေမျိုးဇင်နှင့် ဒဏ်ရာရထားသည့် ပီအန်အို ပြည်သူ့စစ်တပ်သားတစ်ဦး၏ အင်တာဗျူးဗီဒီယိုတွင် ပီအန်အိုတပ်သားက “ သူတို့(PNO တပ်ဖွဲ့ဝင်)ကို ဘာမှမပြောချင်ဘူး၊ သူ့ဟာနဲ့သူပဲ၊ သူများ(တော်လှန်ရေးတပ်ဖွဲ့များ) ကိုယ့်ကို ဖမ်းတဲ့ချိန်မှာ သူတို့တစ်ယောက်မှ လာမကယ်ကြဘူး၊ ရှိလည်းမရှိကြဘူး” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးထားသည့် ပီအန်အို ပြည်သူ့စစ်တပ်သားလေးဦးကို တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် ရဲဘော်ရဲဘက်များကဲ့သို့ သဘောထားကာ ကောင်းမွန်စွာထားရှိကြောင်း ဗိုလ်ကြီးနေမျိုးဇင်က အတည်ပြုပြောဆိုသည်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူတစ်ဦးက “ ပြန်ရင် သူတို့ကိုစစ်မှုပြန်ထမ်းခိုင်းမှာဆိုတာ သူတို့သိနေတာ၊ အိမ်ပြန်ပို့ရင် သူ့တို့အတွက်မလုံခြုံတော့ဘူးလေ၊ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးထိန်းသိမ်းစောင့်ရှောက်ပေးမှာပါ” ဟုပြောသည်။
ထို့အပြင် ပီအန်အို ပြည်သူ့စစ်အနေဖြင့် စစ်ကောင်စီ၏ အကြပ်ကိုင်မှုကြောင့် ကယန်းနှင့် ယားလူမျိုးစုများကို ဦးတည် သတ်ဖြတ်နေသူများရှိသည့်အပြင် အစွန်းရောက်မျိုးချစ်စိတ်ဖြင့် လုပ်ဆောင်သူများရှိနေသဖြင့် အဆိုပါဖြစ်စဉ်များကို အနာဂတ် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွင် တရားဥပဒေအရ ဖြေရှင်းသွားနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ကြရန် ဗိုလ်ကြီးနေမျိုးဇင်က အကြုံပြုထားသည်။
သုဝဏ္ဏခွန်
#MeKongNews









