မအောင်မြင်သည့် အပစ်ရပ်ဆွေးနွေးပွဲအပြီး စစ်ကောင်စီက နောင်ချိုမြို့ကို တတိယအကြိမ်ဗုံးကြဲ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ယနေ့ ၊ နံနက် ၁၀ နာရီခွဲမှ ၁၀ နာရီ ၄၅ မိနစ်အထိ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့သည်။
ထိုဖြစ်စဉ်၌ အဆောက်အအုံမီးလောင်ခြင်း၊ ပျက်စီးခြင်းမှလွဲ၍ လူထိခိုက်သေဆုံးမှုမရှိဘူးဟု စစ်ရေးသတင်းအရင်းအမြစ်ကပြောသည်။
ယခုဗုံးကြဲခြင်းသည် မအောင်မြင်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအပြီး နောင်ချိုမြို့နယ်ကို တတိယအကြိမ်ဗုံးကြဲခြင်းဖြစ်ပြီး ဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံကို နှစ်ဘက်ကိုယ်စားလှယ်များရောက်ရှိနေစဉ် ယခုလ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ်ကို ဗုံးကြဲခဲ့သည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်ပင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘန့်ဘွေးဒေသမှ နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာကို လက်နက်ကြီးနှင့် အဆက်မပြတ်ပစ်ခတ်သည်။ ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်သည်။
ယခုလ ၁၉ ရက်နှင့် ၂၀ ရက်များတွင်လည်း နောင်ချိုမြို့နယ်ရှိ ကျေးရွာများအား ညပိုင်းအချိန်များတွင် စစ်ကောင်စီ လေကြောင်းမှ နှစ်ည ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ရက်အတွင်း ဒေသခံ သေဆုံးသူ လေးဦးနှင့်ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးရှိခဲ့သည်။
တရုတ်နိုင်ငံ၌ပြုလုပ်သည့် တအာင်းတပ်(TNLA)နှင့် စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး မအောင်မြင်သည့်ဆွေးနွေးအပြီးတွင် စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ယမန်နေ့ညက ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲရာတွင် ဒေသခံတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် တစ်ကြိမ်၊ ၈ နာရီ ၄၅ မိနစ်ခန့်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးကြဲခဲ့ရာ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာထဲကိုကျရောက်ကာ ဒေသခံသက်ကြီးရွယ်အိုတစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကပြောသည်။
ဗုံးကြဲခံရသည့် လောက်ဖန်းကျေးရွာသည် TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားတာမျိုးမရှိဟု ဒေသခံကပြောသည်။
ဆွေးနွေးပွဲအပြီး ပထမအကြိမ်အဖြစ် ယခုလ ၁၉ ရက်ညပိုင်း ၈ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်နှင့် နောင်ချိုပြည်သူ့ဆေးရုံကိုဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။
ဆွေးနွေးပွဲမတိုင်ခင် ယခုလ ၁၅ ရက်တွင် နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂)၊ခမရ (၄၀၆)၊တပ်ရင်း (၃၅၄)ဘက်မှ လက်နက်ကြီးအလုံးရေ ၁၃၇ လုံး နောင်ချိုမြို့ထဲပစ်ခတ်ခဲ့ကာ လေယာဉ်ဖြင့် ဗုံးသီး ၃၈ လုံးကြဲချခဲ့ရာ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာများသို့ ကျရောက်ခဲ့သည်။
ယခုလ ၆ ရက်တွင်လည်း ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သပြေရေရပ်ကွက်/သပြေရေကျေးရွာထဲရှိ သံသရာအေးဘိုးဘွားရိပ်သာနှင့်စေတီကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယခုလ ၆ ရက်မှ ယနေ့(ဖေဖေါ်ဝါရီ ၂၁) အထိ ၁၅ ရက်အတွင်းနောင်ချိုမြို့ကိုလေကြောင်းတိုက်ခိုက်မှု လေး ကြိမ်ပြုလုပ်ခဲ့ရာတွင် လေးဦးထက်မနည်းသေဆုံးကာ ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
“ အဓိက အနေနဲ့ မနိုင်နိုင်ရာမဲတာပေါ့၊ စစ်ကောင်စီတပ်ဟာ နေရာတိုင်းမှာစစ်ရှုံးနေတယ်၊ သူတို့လုပ်နိုင်တာသည် အရပ်သားတွေအပေါ် လေကြောင်းဗုံးကြဲတာပဲရှိတယ်၊ တမင်သက်သက် သူတို့ရှုံးနိမ့်မှုကိုကာဗာ(ဖုံးကွယ်)လုပ်ဖို့အတွက် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်” ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ပြောခွင့်ပုဂ္ဂိုလ်က မဲခေါင်ကိုပြောသည်။
ဇန်နဝါရီလ စတုတ္ထသီတင်းပတ် တစ်ပတ်အတွင်း TNLA ထိန်းချုပ်ဒေသ ကျောက်မဲနှင့် နောင်ချိုကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦးထက်မနည်းသေဆုံးကာ ၂၀ ထက်မနည်းဒဏ်ရာရရှိခဲ့သည်။
ဂနိုက်
#MeKongNews
ပုံစာ။ ။ ဘုန်းကြီးကျောင်းပေါ် ဗုံးကျရောက်ပေါက်ကွဲသဖြင့် မီးလောင်နေသည့်မြင်ကွင်း။









