စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံသေဆုံးခြင်းနှင့် နေအိမ်မီးလောင်ခြင်းများ ဖြစ်ပေါ်ခဲ့သည့် ညောင်ရွှေမြို့နယ်ကို ယနေ့ထိ လမ်းကြောင်းရှင်းပစ်ခတ်နေ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၁
ယခု သတင်းပတ်အတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံသေဆုံးခြင်းနှင့် နေအိမ်မီးလောင်ခြင်းများဖြစ်ပေါ်ခဲ့သည့် ညောင်ရွှေမြို့နယ်ထဲက ကျေးရွာတချို့ကို လမ်းကြောင်းရှင်းသည့်အနေဖြင့် ယနေ့ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်သည်။
ယခုလ ၅ ရက်ကတည်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ယနေ့ဆိုလျှင် ရက်သတ္တတစ်ပတ်ပြည့်ပြီဖြစ်သည်။ ယနေ့ နံနက်ပိုင်းအထိ ပစ်ခတ်နေဆဲဖြစ်သည်ဟု ဒေသခံကပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင် ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်ရွာများသည် မှော်ဘီတံတားမှ မိုးဗြဲမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီး ထိုဧရိယာသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားသလို စစ်ကောင်စီအနေဖြင့် ခမရ(၄၂၂)အခြေစိုက်ရာ မိုးဗြဲမြို့သို့ စစ်ကူပေးပို့နိုင်သည့် လမ်းကြောင်းဖြစ်သောကြောင့် လမ်းကြောင်းရှင်းထိန်းချုပ်နိုင်ရေး လက်နက်ကြီးအသုံးပြုကာ ပစ်ခတ်ရှင်းလင်းနေခြင်းသာ။
ယခုလ (ဖေဖော်ဝါရီ) ၅ ရက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရှိခဲ့သလို ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်များတွင်လည်း လက်နက်ကြီးနှင့် မီးလောင်ဗုံးများပစ်ခတ်တိုက်ခိုက်သဖြင့် နေအိမ် သုံးလုံး မီးလောင်ပျက်ဆီးခဲ့သည်။
ထိုဖြစ်စဉ်နောက်ပိုင်းတွင်လည်း စစ်ကောင်စီက နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် မနေ့က(ဖေဖေါ်ဝါရီ ၁၀ )စတင်ကာ စံကားအင်းအရှေ့ဘက်ခြမ်းရှိ ဘုရားတောင် ရေပူကျေးရွာနှင့် ညောင်လေးပင်ကျေးရွာနေထိုင်သူများနှင့် နန်းတုတ်ရွာမှ ရေပူကျေးရွာသို့ စစ်ရှောင်ရောက်ရှိနေသူများ ရွာလုံးကျွတ် နေရပ်စွန့်ခွါစစ်ရှောင်နေပြီဖြစ်သည်။
“ စစ်ကောင်စီနဲ့ PNOတွေက သူတို့တိုက်တော့မယ်လို့ ပြောပြီး အတင်းရှောင်ခိုင်းနေတာ သုံးပတ်လောက်ရှိပြီ၊ ရွားသားတွေက သူတို့ကို မယုံလို့မရှောင်တာကို လက်နက်ကြီးနဲ့ ရွာထဲကိုပစ်တယ်၊ အဲတော့ရွာသားတွေက မနေရဲကြတော့ဘူး” ဟု ဒေသခံကပြောသည်။
လက်ရှိ အဆိုပါ ကျေးရွာများ၌ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီအကြား မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိသေးသော်လည်း စစ်ရေးတင်းမာလျှက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ စစ်ရေးတော့ တင်းမာနေတယ်၊ ကျွန်တော်တို့ ဒရုန်းချတော့ သူတို့ ပြန်ပြန်ဆုတ်၊ သူတို့က တက်လိုက် ဆုတ်လိုက်ပဲ၊ သူတို့က လက်နက်ကြီးနဲ့ ခဏ ခဏထုနေတယ်ဗျာ”ဟု ပြောသည်။
ယခုနှစ်၊ ဇန်နဝါရီလ အတွင်းတွင်လည်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်က ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ၅၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သား သုံး ဦးသေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်ဆီးခဲ့သည်။
သု၀ဏ္ဏခွန်
#MeKongNews
ပုံစာ။ ။ စစ်ကောင်စီ လက်နက်ကြီးကြောင့် မီးလောင်နေသည့် အဆောက်အအုံများနှင့် ဒေသခံများ နေရပ်စွန့်ခွါစစ်ရှောင်နေစဉ်။
ပုံ-ဒေသခံရိုက်ကူးထားသည့်ပုံ









