စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ညောင်ရွှေမြို့နယ်မှ ရွာများကို လက်နက်ကြီးပစ်၊ နှစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ
မဲခေါင်၊ ဖေဖော်ဝါရီ ၅
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသက ဘုရားတောင် လွယ်နွဲ့ရွာနှင့် စစ်ရှောင်ကုန်းကို စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ယနေ့ (ဇန်နဝါရီ ၅) တွင် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် စံကားအင်းအနောက်ဖက်ခြမ်း သစ်ပင်ကောက်နှင့် မိုးဦးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က စံကားအင်းအရှေ့ဘက်ရှိ ညောင်ရွှေမြို့နယ်အစပ်ရှိ ဘုရားတောင် လွယ်နွဲ့၊ စစ်ရှောင်ကုန်းရွာများကို လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ က ပြောသည်။
ထိုရွာများတွင် တပ်စွဲထားသည့်အထဲ စစ်တပ်အပြင် PNO ပြည်သူ့စစ်လည်း ပါဝင်သည်။
“ကျွန်မတို့ပြည်သူတွေရဲ့ လွတ်လပ် လုံခြုံစွာ အသက်ရှင်နေထိုင်ခွင့်ကို အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ PNA/PNO က နေ့စဉ်နှင့်အမျှ ချိုးဖောက်လုပ်ဆောင်နေတာ သူတို့ရဲ့ လုပ်ရပ်က ယုတ်မာ၊ ယုတ်ညံ့ လွန်းတဲ့ စစ်မိစ္ဆာတွေပါ” ဟု အထက်ပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
ယနေ့နံနက်ပိုင်းက ပစ်ခတ်သည့် လက်နက်ကြီးအရေအတွက်သည် အကြိမ်ရေ ၂၀ ခန့်ရှိပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ လက်နက်ကြီးကြောင့် သေဆုံးသူများသည် သက်ကြီးတစ်ဦးနှင့် လွယ်ကော်မုံပြာရွာမှ စစ်ရှောင်တစ်ဦးတို့ ဖြစ်ကြသည်။
ယခုနှစ် ဇန်နဝါရီ တစ်လတာအတွင်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်က ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်က ကျေးရွာများကို လက်နက်ကြီးဖြင့် (၅၄) ကြိမ် ပစ်ခတ်ခဲ့ပြီး ကလေးအပါ အရပ်သား သုံးဦးသေဆုံးပြီး (၁၄) ဦး ဒဏ်ရာရရှိခဲ့သည်။
သုဝဏ္ဏခွန်
#MeKongNews









