ဘောလခဲ ချိကွဲ့ရွာ လေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ဦး သေဆုံး
မဲခေါင်၊ ဖေဖော်ဝါရီ ၂
ကယားပြည်နယ် (ကရင်နီ)၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ရွာအား စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့သည်ဟု ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောသည်။
စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့ကတော့ မထင်မှတ်တဲ့နေရာ ကျွန်တော်တို့လူရှိမလားဆိုပြီး ခန့်မှန်းပြီးတော့ ကြဲတာ ခပ်များများပဲ။ တိုက်ပွဲမရှိလည်း ဗုံးကြဲတယ်။ သူတို့ လူသတ်တဲ့နည်းကတော့ အဲ့လိုပဲ ဗုံးကြဲတာမျိုးလုပ်တာပေါ့။ ဒါက သူတို့ထုံးစံပဲလေ”ဟု KA ဗိုလ်မှူးကြီး ဘုန်းနိုင်က မဲခေါင်သတင်းဌာနကို ပြောသည်။
စစ်ကောင်စီတပ်မှ လူထုရှိရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ရန် စစ်ရေးအသိ၊ သတိရှိကြရန် တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းထားသည်။
ယခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က စစ်ကောင်စီစစ်ကြောင်းအား ကရင်နီတော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် မိုးဗြဲ-လွိုင်ကော် လမ်းအား ထိန်းချုပ်နိုင်ရန်အတွက် အင်အားဖြည့်တင်းနေမှုကြောင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်တပ်အာဏာသိမ်း လေးနှစ်အတွင်း ကရင်နီတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၇၀၀ ကျော်ရှိခဲ့ပြီး အရပ်သားနှင့် စစ်ဘေးရှောင် ၇၁၈ ဦး သေဆုံးခဲ့ရသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
မြူနှင်း
#MeKongNews








