ဖရူဆို အခြေစိုက်တပ်က အရာခံဗိုလ်တစ်ဦး KNDF ထံ လက်နက်နဲ့တကွ အလင်းဝင်
မဲခေါင်၊ ဇန်နဝါရီ ၂၉
ကရင်နီပြည်၊ ဖရူဆိုမြို့အခြေစိုက် ခမရ( ၅၃၁) က အရာခံ ဗိုလ်တစ်ဦး ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ဆီထံ လက်နက်နဲ့တကွ ဇန်နဝါရီ ၂၇ ရက်က အလင်းဝင်လာတယ်လို့ ဒီနေ့(ဇန်နဝါရီလ ၂၉ )က ထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူဟာ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းသက် နှစ် ၄၀ ကျော်ရှိပြီး မတရားတဲ့လုပ်ရပ်နဲ့ အာဏာရှင်စနစ်ဆိုးအောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် MA3 သေနတ် တစ်လက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေ ယူဆောင်ကာ အလင်းဝင်ခဲ့တာပါ။
“ တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းရင် လက်ရှိသေကြေပျက်စီးရတဲ့ ထိခိုက်မှုတွေကို လျော့ချနိုင်တယ်ပေါ့နော်၊ အဲ့တော့ ပြည်သူလူထုဘက်ကို ဘက်ပြောင်းဖို့ ဖိတ်ခေါ်ပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
စစ်အာဏာရှင် လူတစ်စုအကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ စွန့်ခွာပြီး ပြည်သူလူထုဆီခိုလှုံရင်း ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဇန်နဝါရီလထဲမှာ KNDF တပ်ဖွဲ့ထံ စစ်ကောင်စီဘက်က အလင်းဝင်လာတာ ရှစ်ဦးရှိပါပြီ။
CJ-004
#MeKongNews








