ကျောက်ဂူမှာ စစ်ကောင်စီနဲ့ DPLA တို့ တိုက်ပွဲ ဆက်ဖြစ်၊ ကျေးရွာအတွင်း စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်
မဲခေါင်၊ ဇန်နဝါရီ ၇
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLF/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် – DPLA က ဇန်နဝါရီ ၆ မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၄ ရက်မှာ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ အမှတ် (၃၄၉) အမြောက်တပ်နဲ့ ကျောက်ဂူရဲစခန်းနားတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ DPLF/DPLA တပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၅ ရက်မှာ ကျောက်ဂူဒေသ၊ အင်တောမြို့နဲ့ တောင်ထိပ်ရွာကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပွားနေတာပါ။
DPLF/DPLA ပြန်ကြားရေး တာဝန်ခံ ကိုအမောင်က “လက်ရှိကျနော်တို့ သိရသလောက်ကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ စစ်ကောင်စီတွေ ထိုင်နေတာက များသောအားဖြင့် ကျနော်တို့လှုပ်ရှားရာနေရာတွေကို ပိတ်ထားတာရှိတယ်။ ဒါ့အပြင် ကျနော်တို့ လှုပ်ရှားရာ နယ်မြေအနီးတွေကို စစ်ကြောင်းထိုးတာတွေရှိတာပါပဲ” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ခဲကြားရွာနဲ့ ဖက်ကုန်းရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ နေအိမ်တွေ ပျက်စီးခဲ့ရကြောင်း DPLA ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်းကို DPLA က သိမ်းပိုက်ရရှိခဲ့ပေမယ့် နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ဇန်နဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမတိုင်ခင်ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေကြောင့် တိုက်ပွဲဖြစ်ပွားတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီက ကျနော်တို့တပ်ဖွဲ့နေရာအချို့ကို စစ်ကြောင်းထိုးလာသည်နဲ့အမျှ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဓိကတော့ ကျနော်တို့ဒေသမှာနေတဲ့ ပြည်သူ့လူထုအနေနဲ့ကတော့ တိုက်ပွဲသတင်းပိုပြီး သတိရှိဖို့ တိုက်ပွဲနဲ့ ဝေးရာမှာ စစ်ဘေးရှောင်ကြဖို့ သတင်းစကား ပါးချင်ပါတယ်။ DPLF/DPLA အနေနဲ့ကတော့ လူထုကိုယ်စားပြုဖြစ်တဲ့အတွက် စစ်ကောင်စီကျဆုံးရေးနှင့် ပြည့်သူ့လူထုဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်နေတာရှိပါတယ်” လို့ ကိုအမောင် က ထပ်ပြောပါတယ်။
ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီတပ်တွေဟာ မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိ ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာနေ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အဲဒီနေ့မှာဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲလို့ ကျောက်ဂူရွာအဝင်တံတား ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကို စစ်ကောင်စီက ရပ်စောက်-ကျောက်ဂူ လမ်းအသုံးပြုပြီး စစ်ကူသွားရောက်ရာမှာ DPLA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် တော် (DPLA) ကပြောကြားထားပါတယ်။
မြေပြင်အခြေအနေတွေကို သိရှိရန် ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတဲ့ ကျောက်ဂူဒေသဟာ စစ်ကောင်စီဗိုလ်သင်တန်းကျောင်းနဲ့ တပ်စခန်းတွေ အများအပြားအခြေစိုက်ရာ ဗထူးတပ်မြို့နဲ့ မြေပြင်အဖြောင့် ၅၁ မိုင်ခန့် ကွာဝေးပါတယ်။
MK-016 – CJ 017
#MeKongNews
Photo- DPLA









