လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းဗုံးကြဲခံရမှုမှာ တစ်နှစ်ကျော်ကလေးအပါအဝင် သေဆုံးသူ သုံးဦးအထိရှိလာ
မဲခေါင်၊ ဇန်န၀ါရီ ၁
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ကမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြု ဗုံးကြဲခဲ့ရာမှာ တစ်နှစ်ကျော်ကလေးအပါအဝင် သေဆုံးသူ သုံးဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
နှစ်သစ်ကူးပွဲတော်ရက်ဖြစ်တာကြောင့် စစ်ရှောင်စခန်းရှိ ခရစ်ယာန်ဘာသာ၀င်တို့ ၀တ်ပြုဆုတောင်းရန်ပြင်ဆင်နေချိန် မနေ့က( ဒီဇင်ဘာ ၃၁) ညနေ ၄ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြုပြီး ပြည်သူတွေရှိတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် ပေါင် ၂၀၀ ဗုံး သုံးလုံးကြဲချခဲ့တာဖြစ်တယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။
အခုလို ဗုံးကြဲခံရမှုကြောင့် စစ်ရှောင်စခန်းရှိ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ ဗိုက်ထိမှန်ခဲ့တဲ့ တစ်နှစ်ကျော်ကလေးငယ်ကတော့ ဒဏ်ရာ ပြင်းထန်မှုကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းက သေဆုံးခဲ့ပါတယ်။
ခြေထောက်ဒဏ်ရာရရှိတဲ့ ၁၆ နှစ်အရွယ် ကျောင်းသူ တစ်ဦး လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့ မြေပြင်စစ်ရှောင်တွေကို အကူအညီပေးနေသူတွေထံက သတင်း ရရှိထားတဲ့ Job For Kayah ကိုစိုင်းက မဲခေါင်ကိုပြောပါတယ်။
“လေးဦးထိတယ် တစ်ဦးကဖြစ်ဖြစ်ချင်းပထမဆုံး သေဆုံးခဲ့ပြီး အခုသုံးဦးဆေးရုံတက်နေတယ်။ ဆေးရုံတက်နေတဲ့အထဲမှာမှ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းသေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့တစ်နှစ်ကျော်ကလေးနဲ့ အဒေါ်တစ်ဦး ထပ်သေဆုံးသွားရပါပြီ၊ ကျန်တစ် ဦးကတော့ စိုးရိမ်ရပါတယ်”လို့ သူကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ရှောင်စခန်းဟာ ကရင်နီပြည်အတွင်းတိုက်ပွဲတွေ ဖြစ်ပွားစဉ်ကတည်းက တိမ်းရှောင်နေကြတဲ့ လွိုင်ကော်မြို့ခံတွေနဲ့ လွိုင်ကော်မြို့ အရှေ့မြောက်ဖက်ခြမ်းက ဒေသခံ တွေအများစုနေထိုင်ကြတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အခြားဘေးလွတ်ရာကိုထပ်မံပြောင်းရွှေ့ ကာ ယာယီနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ် သစ်ကူးဖို့နီးကပ်လာတဲ့ မနေ့က (ဒီဇင်ဘာ ၃၁) ည ၁၁ နာရီ ၄၂ မိနစ်ခန့်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့ကာ အထိအခိုက် အပျက်အဆီးတွေကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။
CJ-017
#MekongNews









