နယ်စပ်တပ်စခန်းတွေ ဆုတ်ပေးဖို့မရှိ ၊ ‘ ဝ’ ငြင်းဆို
မဲခေါင်၊ ဒီဇင်ဘာ ၁၆
ရှမ်းပြည်အရှေ့ပိုင်းနဲ့ ထိုင်း နယ်မြေထိစပ်နေတဲ့နေရာမှာ အထိုင်ချထားတဲ့ ‘ ဝ’တပ်စခန်း ဆုတ်ခွါပေးမယ်လို့ကတိပြုခဲ့တာ မဟုတ်သလို ‘ ဝ ‘ တာဝန်ရှိသူတွေ အနေနဲ့လည်း ထိုင်းနဲ့ အလွတ်သဘောတွေ့ဆုံခဲ့တာမျိုးမရှိဘူးလို့ UWSA ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုပါတယ်။
မနေ့က (ဒီဇင်ဘာလ ၁၅) ထိုင်းသတင်းဌာနနဲ့ ပြည်တွင်းသတင်းတချို့မှာမှာ ဖော်ပြလာတဲ့ ‘ဝ’တပ်စခန်းတွေ ဆုတ်ခွာမယ်ဆိုတဲ့သတင်းအပေါ် ‘ဝ’လူငယ်အသံ Wa News Land က UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ” ထိုင်းတပ်နဲ့ တွေ့ဆုံမှုမျိုး မရှိကြသလို၊ ဆုတ်ခွာပေးမယ် ဆိုတာတွေလည်းမရှိပါ” လို့ ‘ဝ’လူငယ်အသံ Wa News Land မှာဖေါ်ပြထားပါတယ်။
အဲ့ဒိဖေါ်ပြချက်ကို မဲခေါင်က ထပ်မံအတည်ပြုဖို့ ‘ ဝ’ တပ်ဖွဲ့တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်း ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မနေ့က( ဒီဇင်ဘာ ၁၅) ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai Move Institute ရဲ့ သတင်းအစီအစဉ် The Critics က ‘ဝ’တပ်စခန်းတွေ ဆုတ်ခွာမယ်လို့ဖော်ပြခဲ့တာဖြစ်ပြီး သတင်းထဲမှာ ဝ တပ်ဖွဲ့ဘက်က ဆုတ်ခွာပေးဖို့ သဘောတူကြောင်း၊ ဒါပေမယ့် ဆုတ်ခွာပေးဖို့ ဝ တပ်ဖွဲ့ကို အချိန် ၃ လ၊ ၄ လခန့် ပေးဖို့ဆိုကြောင်း၊ ကြေညာချက်ထုတ်ပြန်ရာမှာ ဝ တပ်ဖွဲ့က အရှုံးပေးတာမျိုး၊ ကြောက်ရွံ့လို့ ဆုတ်ခွာတာမျိုး မဟုတ်ဘူးဆိုတာကို ထည့်သွင်းပေးရမယ်လို့ တောင်းဆိုကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားတာပါ။
ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကြား နယ်စပ်မျဉ်းနဲ့ပတ်သက်ပြီး တရားဝင်သတ်မှတ်တာမျိုး မရှိသလို “ဝ” တပ်ဖက်ကလည်း ဆုတ်ခွာပေးမှာ မဟုတ်ကြောင်းနဲ့ အခုလိုနယ်မြေအငြင်းပွားမှု ကိစ္စရပ်တွေဟာ ဆယ်စုနှစ် တစ်ခုထိရှိခဲ့ကြောင်း “ဝ” ပြည်နယ်၊ နိုင်ငံရေး ဌာနမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကပြောကြောင်း Wa News Land မှာဖေါ်ပြထားပါတယ်။
တာဝန်ရှိသူက” ဒီကိစ္စရပ်တွေက သမိုင်းရှိခဲ့တယ်လေနော်၊ ကျွန်တော်တို့ “ဝ” တပ်သားတွေ အသက်ပေါင်း၊ သွေး၊ ချွေးတွေနဲ့ ရင်းခဲ့တဲ့နေရာ၊ တိုက်ယူခဲ့ရတဲ့နေရာတွေလေ၊ ဆုတ်ခွာပေးဖို့က လုံးဝမဖြစ်နိုင်ပါဘူး၊ ထိုင်းကလည်း မကြာမကြာ ဒီကိစ္စကိုပြောလေ့ရှိပါတယ်၊ နှစ်နိုင်ငံကြား တရားဝင်စည်းမျဉ်းသတ်မှတ်ချက်တွေလည်း မရှိထားပါဘူးနော်”လို့ ပြောကြားကြောင်းလည်း ဖေါ်ပြပါတယ်။
‘ဝ’တောင်ပိုင်းစစ်ဒေသ ၁၇၁ နယ်မြေထဲ ကျိုင်းတုံ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့ကြောင်းနဲ့ “ဝ” ဖက်က တိုင်းမှူးနဲ့ တွေ့ဆုံတာမရှိသလို ထိုင်းနဲ့လည်း တွေ့ဆုံဖို့ မရှိကြောင်း UWSA ပြောခွင့်ရ တာဝန်ခံ ဦးညီရန်းက “ဝ” လူငယ့်အသံကို ဒီဇင်ဘာ ၁၁ ရက်မှာပြောဆိုထားတယ်လို့သိရပါတယ်။
ဒိအပြင် ထိုင်းနဲ့ “ဝ” တပ်ကြား နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တချို့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက စစ်ရေးတင်းမာမှု ကောလဟာလ သတင်းတွေကို မဟုတ်မမှန်ရေးသားခဲ့တာကြောင့် လူထုတွေကြား မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ ရှိခဲ့ကြောင်း UWSA က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
“ဝ” ဒေသ ၁၇၁ ဧရိယာအတွင်းက တပ်စခန်းကိုးခုကို ထိုင်းဖက်က ဖယ်ခိုင်းခဲ့တာ အမှန်တကယ်ဖြစ်ကြောင်း၊ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမဲ့ ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပေးပို့ပေးထားပြီဖြစ်ကြောင်း၊ ထိုင်းတပ်က မြေပြင်မှာအင်အားတိုးချဲ့ထားပြီး “ဝ” တပ်ဘက်ကတော့ ပုံမှန်အခြေအနေသာရှိကြောင်းကိုလည်း UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက နိုဝင်ဘာ ၂၆ ရက်မှာ Wa News Land ကိုပြောပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းက ထိုင်း -မြန်မာနယ်စပ်၊ မယ်ဟောင်ဆွန် ခရိုင်အတွင်းရှိတဲ့ နယ်စပ်မျဥ်းက UWSA ရဲ့ စစ်တပ်စခန်း ခုနှစ်ခုကို ဒီဇင်ဘာ ၁၈ ရက်နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ထိုင်းဘုရင့်တပ်တော်က နိုဝင်ဘာ ၂၅ က ထုတ်ပြန်ခဲ့ပါတယ်။
Mk-012
#MekongNews








