စစ်ကောင်စီလက်ချက်ကြောင့် နို၀င်ဘာလအတွင်း နိုင်ငံတဝှမ်း အမျိုးသမီး ၆၁ ဦး သေဆုံး
ရှမ်းပြည်က အများဆုံးဖြစ်
မဲခေါင်၊ ဒီဇင်ဘာ ၆
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နို၀င်ဘာ တစ်လတည်းမှာပဲ နိုင်ငံတဝှမ်းရှိ အမျိုးသမီး ၆၁ ဦး သေဆုံးကာ ၆၃ဦး ဒဏ်ရာရတဲ့အထဲမှာ အခြားဒေသတွေထက် ရှမ်းပြည်နယ်က အများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။
ဒီသေဆုံးစာရင်းတွေကို သတင်းမီဒီယာတွေကတဆင့် စုစည်းကောက်ယူထားတာဖြစ်ပြီး နိုဝင်ဘာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံတပ်ဖွဲ့က အမျိုးသမီး တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာကို (BWU) အဖွဲ့က အသေးစိတ်စာရင်းပြုစုချက်တွေအရ အမျိုးသမီးတွေသေဆုံးခဲ့ရမှုကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃၇ ဦးသေဆုံးခဲ့သလို ပြည်သူတွေရဲ့ နေအိမ်တွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အမျိုးသမီး ၁၆ ဦး၊ မတရားသတ်ဖြတ်ခံရ ငါးဦး၊ မြေမြှုပ်မိုင်းကြောင့် နှစ်ဦး၊ မီးရှို့သက်ဖြတ်ခံရသူတစ်ဦးလို့ ဖော်ပြထားပါတယ်။
အဲဒီထဲကမှ ရှမ်းမြောက်မှာ ရှစ်ဦး ၊ ရှမ်းတောင် ခုနှစ်ဦး၊ ပေါင်း ၁၅ ဦးနဲ့ ရခိုင်ပြည်နယ်က ၁၃ ဦး၊ မန္တလေးက ၁၁ ဦး၊ စစ်ကိုင်း တိုင်းက ၁၀ ဦးတို့ ဖြစ်ကြပြီး ရှမ်းပြည်နယ်ဟာ နို၀င်ဘာလအတွင်းမှာ အမျိုးသမီးအသက်ဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ၄၂ဦး၊ လက်နက်ကြီးပစ်ခတ်တာကြောင့် ၁၆ ဦး၊ မတရားအနိုင်ကျင့်တာကြောင့် နှစ်ဦး၊ မုဒိမ်းပြုကျင့်တာကြောင့် နှစ်ဦးနဲ့ မီးရှို့တာကြောင့် တစ်ဦး စုစုပေါင်း အမျိုးသမီး ၆၃ ဦး ရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဟာ နို၀င်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရအမျိုးသမီး ၁၁ ဦးနဲ့ သေဆုံး၊ ဒဏ်ရာရရှိသူ အများဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေမြှုပ်မိုင်းနဲ့ စစ်ကြောင်းထိုး ၀င်ရောက်မှုတွေ၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အမျိုးသမီး ၇၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ BWU က ထုတ်ပြန်ထားပါတယ်။
CJ-017
#MekongNews








