လင်ဖုံလေးတိုက်ပွဲမှာ ခလ၇(၈၀) တစ်ရင်းလုံးနီးပါး သေဆုံး
စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းပစ်နေ
မဲခေါင်၊ နိုဝင်ဘာ ၂၇
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ (၈၀ ) တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
နိုဝင်ဘာလ ၂၅ နဲ့ ၂၆ တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လက်နက် ၂၅ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
” တချို့က ထွက်ပြေးမယ်ထင်တယ်၊ သေတာကတော့ အတိအကျမရှင်းလင်းသေးဘူး။ သူတို့အကြီးအကဲတွေလည်းပါတယ်၊ နောက်ဆက်တွဲကတော့ သူတို့လုပ်ရိုးလုပ်စဥ်အတိုင်း လက်နက်ကြီး ရမ်းထုတာရှိတာပေါ့”လို့ KA ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က ပင်လောင်းကနေတဆင့် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့လာတဲ့အချိန် ထိတွေ့တိုက်ပွဲ ပြင်းထန်ကာ စစ်ကောင်စီဖက်က အသေအပျောက်များပြီး ထွက်ပြေးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးလာတာကို ဖြတ်တိုက်တာ အကုန်ပြုတ်၊ ပင်လောင်းဖက်ကနေ စစ်ကားတွေ ထပ်ဆင်းလာတယ်လဲကြားတယ်”လို့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ခလရ( ၈၀) တပ်ရင်းက ဗိုလ်ကြီးလင်းဇော်အပါအဝင် တတပ်လုံးနီးပါးသေဆုံးတယ်လို့ ကနဦးသိရပြီး အရေအတွက်အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ထုတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး စစ်ကူအနေနဲ့ ပင်လောင်းကနေ စစ်ကား ခြောက်စီး ဆင်းလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မိုးဗြဲနဲ့ ကရင်နီနယ်စပ်တွေမှာလည်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ကင်းထောက်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
CJ-004
#MekongNews









