စစ်ကောင်စီကိုတော်လှန်နေတဲ့ ကလလတ အမှတ်(၉၄၂၀)တပ်ရင်း တည်ထောင်ပြီး (၂)နှစ်အတွင်း ရဲဘော် ၃၂ ဦးကျဆုံးခဲ့
မဲခေါင်၊ နိုဝင်ဘာ ၁၉
နယ်ခြားစောင့်တပ်မှ စစ်ကောင်စီတော်လှန်ရေးတပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)အမှတ်( ၉၄၂၀) တပ်ရင်းတည်ထောင်ပြီး( ၂ )နှစ်အတွင်းရဲဘော် ၃၂ ဦးကျဆုံးခဲ့ပါတယ်။
ကလလတဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုယူခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်ဝက်မှာတော့ စစ်ကောင်စီတပ်ကို တော်လှန်မယ်လို့ တရားဝင်ကြေညာပြီး တော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ(၂)နှစ်အတွင်းမှာ ရဲဘော် ၃၂ ဦးကျဆုံးခဲ့တာဖြစ်ပါတယ်။
ကလလတ မှာတပ်ရင်း ၇ ရင်းရှိပြီးအမှတ်( ၉၄၂၀)ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှာစတင်ထူထောင်ခဲ့ရာ မနေ့က(နိုဝင်ဘာ ၁၈)မှာ( ၂ )နှစ်ပြည့်တာဖြစ်ပါတယ်။ လက်ရှိမှာ ဘောလခဲမြို့နယ်စခန်းကုန်းသိမ်းတိုက်ပွဲနဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“တပ်ရင်း စတင်တည်ထောင်ပြီးကတည်းက စစ်ကောင်စီကို တော်လှန်လာတာ( ၂ )နှစ်ပြည့်ပြီပေါ့၊ ဒီ( ၂ ) နှစ်အတွင်းမှာ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ပေမယ့် ရှေ့လျှောက်လည်း စိတ်အားထက်သန်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်”လို့ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
ကရင်နီပြည်အခြေစိုက်၊ Karenni People’s Liberation Army- KPLA ကလလတ အမှတ်( ၉၄၂၀ )တပ်ရင်းတည်ထောင်ခြင်း( ၂) နှစ်ပြည့်ကို မနေ့ (နိုဝင်ဘာလ ၁၈ရက်)ကကျင်းပပြုလုပ်ခဲ့ကြပါတယ်၊ တပ်ရင်းမွေးနေ့မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃၂ ယောက် ကိုရည်စူးပြီး အာရုဏ်ဆွမ်းကပ်တာ၊ ရဲဘော်တွေပျော်ရွှင်စေဖို့ အားကစားအစီအစဉ်ထည့်သွင်းပြုလုပ်တာတွေအပြင် သက်ဆိုင်ရာ အကြီးအကဲတွေက မိန့်ခွန်းပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
CJ-004
ဓာတ်ပုံ-ကလလတ၊ တပ်ရင်းတည်ထောင်ခြင်း(၂)နှစ်ပြည့်အထိန်းမှတ် မှတ်တမ်းပုံများ။
#MekongNews









