ပအိုဝ်းဒေသမှာတိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေရပေမယ့် ဟိုပုံးမှာ တန်ဆောင်တိုင်ပွဲ ၅ရက်ကျင်းပမယ်
မဲခေါင်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နဲ့ PNLO အပါအဝင် တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံနှစ်သောင်းကျော် စစ်ဘေးရှောင်နေရပေမယ့် ဟိုပုံးတန်ဆောင်တိုင်ကို ၅ရက်ကြာ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
အဲဒီတန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၁၉ရက်မှ ၂၃ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြို့လုံးကျွတ် မီးပဒေသာလှည့်လည်တာတွေနဲ့ မီးပုံးပျံလွှတ်တင်တာတွေ ပြုလုပ်သွားမှာဖြစ်သလို လုံခြုံရေးအင်အား ထူထပ်စွာနဲ့ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒေသဦးစီးအဖွဲ့၊ ထွေအုပ်နဲ့ စစ်တပ်၊ PNOကလူတွေ ဦးစီးပြီးတော့ လုပ်မှာ၊ လောင်းကစားဝိုင်းတွေလည်း ထည့်မယ်လို့ ပြောတယ်၊ ပွဲကာလအတွင်း လုံခြုံရေးကိုလည်း PNOကပဲ တာဝန်ယူမှာ၊ ဆိုင်ကယ်တွေ၊ ကားတွေ တောင်ဖက်ကလာရင် စည်ပင်ရုံးထိပဲ ပေးဝင်မယ်၊ ရွှေယွန်းမြိုင်ဟိုတယ်ဖက်အထိ လာလို့မရတော့ဘူး”လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲကိုလည်း နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ လုံခြုံရေးအင်အား ထူထပ်စွာနဲ့ကျင်းပခဲ့ပြီး တန်ဆောင်တိုင်ပွဲတော် ၇ ရက်တာကာလအတွင်း မီးပုံးပျံယမ်းထိခိုက်မိတာ၊ စကားများရန်ဖြစ်လို့ ထိခိုက်ဒဏ်ရာရတာ၊ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ သုံးဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Local
ပုံအညွှန်း-ပင်လောင်းက ပအိုဝ်းစစ်ဘေးရှောင်တွေ
CJ-003
#MekongNews









