မဲခေါင်၊ နိုဝင်ဘာ ၄
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်( TNLA )ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ဆမ္မဆယ်ကျေးရွာကို မနေ့( နိုဝင်ဘာ ၃ ရက်)နေလည်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံနေအိမ် နှစ်အိမ် ထိခိုက်ပျက်စီးသွားပါတယ်။
ဂန့်ကော်ကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA တို့က တိုက်ပွဲပြင်းထန်ခဲ့ပြီး ဘန်ဘွေ့တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ ဂန့်ကော်ရွာနဲ့ အရမ်းမဝေးဘူး စစ်တပ်ကလည်း လက်နက်ကြီးတွေ ရမ်းပစ်နေတာ ၊ ဆမ္မဆယ်ကျေးရွာထဲ လက်နက်ကြီးတစ်လုံးကျတယ်၊ လူထိခိုက်တာမမျိုးမရှိသေးဘူး ၊တစ်ချို့က တိမ်းရှောင်နေကြတယ် “ လို့ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့မှာ ကုလားကျေးရွာကို TNLA က နိုဝင်ဘာ ၁ ရက်မှာ ပြန်လည်ထိုးစစ် တိုက်ခိုက် ထိန်းချုပ်ပြီး ဂန့်ကော်ကျေးရွာမှာလည်း ဆက်လက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁ရက်မှာ ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ လေးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရှိခဲ့ပါတယ်။
နောင်ချိုမြို့ကို TNLA ကဇူလိုင်လမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်လွတ်ခံရတာကြောင့် ရှမ်းတောင် ရပ်စောက်ကနေ တောင်းခမ်းကျေးရွာနဲ့ ပြင်ဦးလွင်ဘက်ကနေ ပြန်ထိုးစစ်ဆင်နေတာမို့ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။
ဓါတ်ပုံ။ ပျက်စီးသွားသောအိမ်
MK 11









