မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာပြည်သူလွတ်မြောက်ရေး တပ်မတော် (BPLA)က အညာဒေသမှာ အခြေချပြီး စစ်ရေးဆက်လက် ဖော်ဆောင်သွားမယ်လို့ ပြည်သူတွေကို အသိပေးလာပါတယ်။
BPLA တာဝန်ခံ မောင်ဆောင်းခက ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်တဲ့ မနေ့(အောက်တိုဘာလ ၂၇)မှာပဲ သူရဲ့ လူ့မှုကွန်ယက် စာမျက်နှာ (Facebook)ကနေတဆင့် အခုလို ဖော်ပြလာတာပါ။
“ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”
ဆက်လက်ပြီး နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေကို ဦးဆောင်သင်ကြားပေးခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ကျေးဇူးကိုလည်း မမေ့ဘူးလို့ သူက အခုလို ဆိုပါတယ်။
“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေ အများကြီး တိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” လို့ ကျေးဇူးတင်စကား ဆိုထားပါတယ်။
BPLA ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ မဟာမိတ်တွေနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းက မြို့အများစုကို သိမ်းယူနိုင်ခဲ့သလို လက်ရှိ ၁၀၂၇ ဒုတိယပိုင်းမှာလည်း မဟာမိတ်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။
MK-014













