မဲခေါင်၊ အောက်တိုဘာ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တောင်ပိုင်း၊ ရှမ်း-ကရင်နီနယ်စပ် တစ်ကြောမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်း အသုံးပြုလာတယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မိုင်းဖြတ်နဲ့ လွယ်ဖွီးရွာတွေမှာ တိုက်ပွဲ ပြင်းထန်နေပြီး ဆောင်လန်စက်လှေဂိတ်ကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၆ ရက်နေ့ကစပြီး ဒီနေ့ (အောက်တိုဘာ ၂၃)အထိ လေကြောင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“၂ ဖက်လုံးက အလောင်းတွေ ဆက်တိုက် သယ်ထုတ်နေတယ်။ ရွာသားတွေက ကုန်းလမ်းကပဲ ရှောင်လို့ ရတယ်။ ရေလမ်းက သူတို့စကြဲနေပြီ။ လက်နက်ကြီးလည်း ဆက်တိုက်ထုတယ်” လို့ ဆောင်လန်ရွာကနေ စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဖက်က ရပ်စောက် – တောင်ကြီး လမ်းကြောင်းက ခေါ်ယူလာတဲ့ စစ်မှုထမ်းအသစ်နဲ့ ရိက္ခာတွေကို တောင်ကြီး – ဆီဆိုင် – ပင်လောင်း လမ်းကနေတဆင့် ဆက်တိုက် ပို့ဆောင်နေပြီး ပအိုဝ်းပြည်သူ့စစ် (PNA) ဖက်ကလည်း ဆီဆိုင်မြို့ခံတွေရဲ့ ကားတွေကို ချောဆွဲအသုံးပြုနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေအရ ဆီဆိုင် – ပင်လောင်း – ဖယ်ခုံလမ်းကို ပိတ်ထားပြီး ပင်လောင်းမြို့ကိုလည်း အဝင်/ထွက် ပိတ်ထားတာကြောင့် ဒေသခံတွေက နီးစပ်ရာတွေမှာသာ တိမ်းရှောင်နေကြရပါတယ်။
“ဒီနေ့ မနက်ပိုင်းတော့ ပင်လောင်းနဲ့ ဆက်သွယ်လို့ မရတော့ဘူး။ မနေ့ကတော့ သူတို့ ရှောင်ဖို့ စီစဉ်နေတယ် ပြောတယ်။ လေကြောင်းရော လက်နက်ကြီးရောဆိုတော့ ဘယ်သူမှ နေလို့မရတော့ဘူး။ ဆီဆိုင်၊ ဟိုခဲဖက်မှာလည်း ရပ်ကွက်သာရေးနာရေး အတွက်ဆိုပြီး ကားဝယ်ဖို့ ကောက်နေတယ်။ တကယ်က အဲဒါ စစ်ပွဲမှာသုံးဖို့” လို့ တိုက်ပွဲဖြစ်ပွားနေရာနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အောက်တိုဘာလအစပိုင်းကတည်းက ဖြစ်ပွားနေတဲ့ ပင်လောင်းတိုက်ပွဲဟာ တစ်လနီးပါး ကြာမြင့်ပြီဖြစ်ပြီး လတ်တလော ပင်လောင်းမြို့နယ်တွင်းက ကျေးရွာပေါင်း ၁၃ ရွာဟာ စစ်ဘေးတိမ်းရှောင်နေကြ ရပါတယ်။
ပင်လောင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းအသစ်တွေကို အသုံးပြုလာသလို PNA ဖက်ကလည်း အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေ ပါဝင်လာတယ်လို့ စုံစမ်းသိရပါတယ်။
MK-014








