မဲခေါင်၊ အောက်တိုဘာ ၇
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ဗုံး ၅လုံးထက်မနည်း ကြဲချတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိတယ်လို့ TNLAကထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၅ရက်၊ ည၈နာရီ ခွဲအချိန်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ၁၀ လသားအရွယ်ကလေးငယ် ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကိုဦးတည် တိုက်ခိုက်တာဖြစ်ပြီး ဇာတ်စုရပ်ကွက် ရဲစခန်းအနီးမှာ ဗုံး ၂ လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်မှာ တစ်လုံးကျရောက်ပြီး တောင်မြို့ရပ်ကွက် လယ်ကွက်အနီးကတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ စံပြမုန့်ဆိုင်မှာ ညအိပ်စောင့်တဲ့ အသက် ၅၁ နှစ်အရွယ် ကိုနိုင်သိန်းဆိုသူဖြစ်ပြီး သီပေါရဲစခန်းမှာ အကျဉ်းကျနေတဲ့ ကိုရဲနဲ့ ကိုဖိုးချိုတို့ ၂ဦးလည်း ဒူး၊ လည်ပင်းနဲ့လက်တို့မှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ TNLAကထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် နမ့်လန်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ၂ကြိမ်ပစ်ခတ်တိုက်ခိုက်တာကြောင့် လွယ်ကျိုင်းကျေးရွာနဲ့ အေးရှာဝေါတိုးဂိတ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် လွယ်ကျိုင်းကျေးရွာက မနန်းဆိုင်နွန်းအပါအဝင် သူရဲ့ ၁၀ လသားအရွယ်တစ်ဦးနဲ့ ၄နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာသားတွေဖြစ်တဲ့ ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
သီပေါမြို့မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နေအိမ် ၁၀လုံးကျော်နဲ့ အိမ်စီးကား၊ ဆိုင်ကယ်တွေ မီးလောင်ပျက်ဆီသွားခဲ့ပြီး သီပေါမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
MK – 011











