မဲခေါင် ၊ အောက်တိုဘာ ၁
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရက်ကွက် (၁၂)၊ မန်နားကျေးရွာနဲ့ ကောင်ဆာကျေးရွာကို စက်တင်ဘာလ ၃၀ ရက်နေ့ည ၁၀ နာရီခန်မှာ စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မနေ့ည စစ်ကောင်စီဗုံးကြဲတဲ့နေရာတွေမှာ နေအိမ်ပျက်စီးမှုတွေရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ လားရှိုးဒေသခံတစ်ဦး က ပြောပါတယ်။
“ ညက ဂျက်ဖိုက်တာလေယာဉ်နဲ့လာတော့ အချို့က ကတုတ်ကျင်းထဲနေကြတယ်။ ထွက်ပြေးကြတယ်၊ ကျနော်နေတဲ့နေရာနဲ့ အရမ်းတော့ မဝေးဘူး အသံတွေကြားရတယ် ထိခိုက်တာတွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။
ပြည်သူများအိမ်ပျော်နေစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ဗုံးကြဲမှုတွေပြုလုပ်တာကြောင့် လားရှိုးမြို့ကို ပြန်လာနေတဲ့သူတစ်ချို့က ပြန်လည်တိမ်းရှောင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းက ရပ်ကွက် ၁၁ အောင်စေတနာလမ်းသွယ် ၂ လမ်းထိပ်ကအိမ်ပေါ်မှာ ဗုံး၂လုံးကျရောက်ပေါက်ကွဲပြီး ရပ်ကွက် ၈ အနောမိ ဝပ်ရှော့ဆိုင်မှာ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရှိပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ် ၃၀ ရက်နေ့မှာ လေကြောင်းနဲ့ စတင်တိုက်ခိုက်ရာ မနေ့စက်တင်ဘာ ၃၀ ရက်နေ့မှာတစ်လပြည့်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဟာ ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြည်သူ ၉ ဦး သေဆုံးကာ ၄၄ ဦးဒဏ်ရာရရှိပါတယ်။
MK -011










