မဲခေါင်၊ စက်တင်ဘာ ၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က အင်အားဆက်တိုက် ဖြည့်တင်းနေပြီး ပြင်ဦးလွင်က အရေးကြီး စာရွက်စာတမ်းတွေကိုလည်း တောင်ကြီးမြို့ကို ရွှေ့ပြောင်းထားပြီလို့ သိရပါတယ်။
“ကြားရသလောက်က ပြင်ဦးလွင်မှာရှိတဲ့ စစ်တပ်ရဲ့ အရေးကြီး စာရွက်စာတမ်းအားလုံး တောင်ကြီးမြို့ကို ယာယီထိန်းသိမ်းရေးရုံးအဖြစ် စီစဉ်ပြီး အကုန်ပို့နေတယ်တဲ့”လို့ ဌာနဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ တောင်ကြီးမြို့ကို စစ်ခေါင်းဆောင်ရောက်လာတဲ့ နောက်ပိုင်းကစပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)ဝင်းထဲကို ရိက္ခာနဲ့ လူအင်အားဖြည့်တင်းတဲ့ကား ၃ ကြိမ်လာရောက်ပြီး ရဟတ်ယာဉ် တစ်ရက်ကို တစ်ကြိမ် ပုံမှန်ဆင်းသက်နေတာပါ။
ရဟတ်ယာဉ်တွေဟာ ညောင်ရွှေဘက်ကနေ တက်လာကြတာဖြစ်ပြီး ကားတွေကတော့ ဘယ်မြို့က လာကြတယ်ဆိုတာ မသိရပေမယ့် အေးသာယာ မုဒ်ဦးကနေတဆင်ဆင့် (ရပခ)ဝင်းထဲကို နေ့စဉ်ဝင်ထွက်နေတယ်လို့ ဆိုပါတယ်။
“ဆေးရောင်ပြောင်းထားတဲ့ ကားတွေပေါ့။ စစ်ကားအသွင်ပြောင်းတွေ။ မိုးကာအနောက်ဖွင့် ကားတွေမှာဆိုရင် စိန်ပြောင်းတို့ သစ်သားနဲ့ ရိုက်ထားတဲ့ ဘောင်မှာထည့်ထားတဲ့ RPG အဖူးတို့ လှမ်းမြင်ရတယ်” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
စစ်ကားတွေဟာ မနက် ၅ နာရီ – ၆ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ နေ့လည် ၁၀ နာရီ – ၁၂ ဝန်းကျင်မှာ တစ်ကြိမ်၊ ည ၁၁ နာရီ – ၁၂ နာရီဝန်းကျင်မှာ တစ်ကြိမ် ရပခဝင်းတွင်း ဝင်ထွက်သွားလာနေကြပြီး တစ်ခါတစ်လေ ညနေဘက်တွေမှာလည်း တွေ့ရတယ်လို့ သိရပါတယ်။
အေးသာယာ – စက်မှုဇုန် လမ်းတစ်လျှောက်မှာလည်း လမ်းထောင့်နေရာတိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)တို့က တစ်ဦးစီ စောင့်ကြပ်နေပြီး မောင်းပြန်ရိုင်ဖယ်တွေကို အဆင့်သင့် မောင်းတင်ထားတဲ့ အနေအထားနဲ့ တွေ့ရတယ်လို့ ဆိုပါတယ်။
“အေးသာယာမှာ ညဘက်ဆို လမ်းဘေးမှာ ဆေးလိပ်၊ ကွမ်းယာ ဆင်းဝယ်တာတောင် ကြာလို့မရဘူး။ စစ်တပ်က မြန်မြန်လစ်ခိုင်းတာ။ ခါတိုင်းလို ဆိုင်ရှင်နဲ့ တော်ကီဖုတ်မယ် ဘာညာ မရတော့ဘူး။ ဆိုင်တွေလည်း ညဉ့်နက်အထိ ပေးမဖွင့်တော့ဘူး” လို့ အေးသာယာ ရပ်ကွက် ၁ မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့ကို စစ်ခေါင်းဆောင်လာရတဲ့ ရည်ရွယ်ချက်ဟာ လာမယ့် အောက်တိုဘာလအတွင်း ဖိအားပေး ကျင်းပခိုင်းထားတဲ့ အင်းလေး ဖောင်တော်ဦးဘုရား၊ ဒေသစာရီကြွချီ ပွဲတော်ပြင်ဆင်မှု အခြေနေနဲ့ ဗျူဟာကုန်း တည်ဆောက်နေမှု အခြေအနေတွေကို လာရောက်ကြည့်ရှုတာ ဖြစ်တယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
MK-014








