မဲခေါင်၊ ဩဂုတ် ၂၆
ကရင်နီပြည်ကို ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက အင်အားဆက်တိုက် ဖြည့်တင်းနေပြီး စစ်အင်အား ၂ သောင်းနီးပါးရှိပြီလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဩဂုတ်လ တတိယပတ်ကတည်းက မြန်မာနိုင်ငံအလယ်ပိုင်းက ခေါ်ယူထားတဲ့ ပြည်သူ့စစ်မှုထမ်းတွေနဲ့ ခြေမြန်တပ်တွေကို ရပ်စောက်ကတဆင့် တောင်ကြီး – ဆီဆိုင် – လွိုင်ကော်လမ်းအတိုင်း ပို့ဆောင်ခဲ့တာပါ။
“မနက်တိုင်းနီးပါး ဖြတ်သွားနေတာပဲ။ တခါတလေ စစ်ကားနဲ့။ ရက်ဆက်လာရင် အိမ်စီးကားပြောင်းတယ်။ တခါခါ လူမပါဘူး။ လက်နက်ပဲ ပို့တာ” လို့ တောင်ကြီးမြို့ရှိ စစ်ကားတန်း လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ပြောပါတယ်။
အလားတူ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ လွိုင်ကော်မြို့တွင်း ဒေါတမ၊ လောဓမ ရပ်ကွက်တွေအပါအဝင် ရပ်ကွက်အများစုမှာ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းနဲ့ လူငယ်တချို့ကို အဓမ္မစစ်မှုထမ်းခေါ်ယူခဲ့ပြီး အင်အားဖြည့်ထားပါတယ်။
လက်ရှိ ကရင်နီပြည်မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်(စကခ)၊ ဒေသကွက်ကဲမှု စစ်ဌာနချုပ်(ဒစက)၊ နပတ(နေပြည်တော်တိုင်း စစ်ဌာနချုပ်)၊ ပအိုဝ်းပြည်သူ့စစ် (PNA)နဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၈,၆၀၀၀ ခန့် ရှိပြီလို့ သိရပါတယ်။
“ဒီးမော့ဆိုနဲ့ မိုးဗြဲကို စထိုးမယ် ထင်တယ်။ ဒီးမော့ဆိုက ဝင်ဖို့ ခက်သွားပြီ။ ငါးမြှောင်လမ်း၊ ၆ မိုင်လမ်းတွေ စစ်တပ်က ထိုင်ထားတယ်။ မိုးဗြဲလည်း စစ်တပ်ရှိနေပြီ။ ဘယ်သူမှ ပေးမဝင်တော့ဘူး” လို့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ဒီတစ်ကြိမ်အင်အား ဖြည့်တင်းရာမှာတော့ ထူးခြားချက်အနေနဲ့ တင့်ကား ၂၆ စီးပါဝင်လာပြီး ၆ လစာအတွက် ရိက္ခာကြိုဖြည့်ထားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်မှာ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေ ရှိသလို တော်လှန်ရေး အင်အားစုတွေဖက်ကလည်း ငွေတောင်ကန်ဘေးက စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
MK-014








